Facebook Badge

Showing posts with label ဆောင်းပါးတို. Show all posts
Showing posts with label ဆောင်းပါးတို. Show all posts

Sunday, December 27, 2009

မီဒီယာတာဝန်နဲ့ လူထုနစ်နာမှု

မီဒီယာက ဖွတယ်ဆိုတာ

သန်းစိုးလှိုင်

ဒီဇင်ဘာ ၂၇၊ ၂၀၀၉

မီဒီယာဟာ တိုင်းပြည်ရဲ့ စတုတ္ထမဏ္ဍိုင်၊ watchdog (မသင်္ကာစရာ တွေ့လျင်သတိပေးမည့်)၊ ပြည်သူ့နားနှင့် မျက်စေ့ စသဖြင့် အဓိပ္ပါယ် သတ်မှတ်ဖွင့်ဆိုထားကြပါတယ်။ ထိုသို့သတ်မှတ်ထားတဲ့ အဓိပ္ပါယ် သတ်မှတ်ချက်နဲ့ အညီ မီဒီယာကလည်း ဖေါ်ထုတ်စရာ ရှိရင်ဖေါ်ထုတ်ဖို့၊ ပြောစရာရှိတဲ့ အခါပြောဖို့၊ ပြောခွင့်ရအောင်ကြိုးစားဖို့ အမြဲလုပ်ဆောင်နေကြတာပါ။ အဲဒီလို ဖေါ်ထုတ်မယ့်၊ ပြောဆိုမယ့် အကျိုးဟာလည်း တဖွဲ့၊ တဦး၊ တယောက်ရဲ့ အကျိုးမဟုတ်ရပဲ အများစုရဲ့ အကျိုးကျေးဇူးဖြစ်ရပါမယ်။

အမြဲတမ်းပြောဖို့ ကြိုးစားနေ၊ ထုတ်ဖေါ်ဖို့ကြိုးစားနေတာကြောင့်လည်း မီဒီယာကလူတွေက ဖွတယ်လို့ ထင်မြင်လာကြရတာလည်း ဖြစ်ပါတယ်။ သို့ပေမယ့် ဖွတယ်၊ ပြောတယ်ဆိုတဲ့ နောက်ကွယ်က ရည်ရွယ်ချက်ဟာ အများအကျိုးစီးပွားအတွက်၊ တယောက်ဆိုလျင်လည်း မတရားခံနေရတဲ့တယောက် အတွက် မျိုးသာဖြစ်ရပါမယ်။ အဲဒါမှာ မီဒီယာရဲ့တာဝန်နဲ့ ရပ်တည်ချက်မှန်မှာလည်းဖြစ်ပါတယ်။

ဒါကြောင့်မီဒီယာက ဖွတယ်ဆိုတဲ့စကားလုံးကို ကောင်းတဲ့အဓိပ္ပါယ်နဲ့ ကောက်ယူမယ်ဆိုရင် အများအကျိုးစီးပွားအတွက် ဖွပေးတာလို့ပဲ ဆိုရမှာပါ။

ဒေါက်တာကြည်စိုး ၊ S S C နဲ့ မခိုင်ရွှန်းလဲ့ရည်

လတ်တလော ဖြစ်ပျက်ခဲ့တဲ့ ဆရာဝန်ရဲ့ ကုသမှု ပေါ့လျော့ခြင်းကြောင့် လူနာအသက်ဆုံးရှုံးရခြင်း အပေါ်မူတည်ပြီး အမြင်အမျိုးမျိုး ထွက်ပေါ်လာတဲ့အနက် အချို့သောသူများက ဆရာဝန်ဘက်ကနေ ကာကွယ်ပြောဆို ရေးသားကြပါတယ်။ သူတို့အမြင်ကိုလည်း ထုတ်ဖေါ်ပြောဆိုခွင့်ရှိပါတယ်။

မခိုင်ရွှန်းလဲ့ရည် သေဆုံးခဲ့ရမှုမှာ ဆရာဝန် အပြစ်မကင်းဘူးလို့ ထင်မြင်ယူဆတဲ့သူတွေက သူတို့အမြင်ကို ပြောဆိုခွင့် ရှိသလိုပဲ ဒေါက်တာာကြည်စိုးဘက်က ပေါ့လျော့မှု မရှိဘူးလို့ မြင်သူတွေအနေနဲ့လည်း ကိုယ့် နာမည်နဲ့ ကိုယ့်အမြင်ကို ပွင့်ပွင့်လင်းလင်း ပြောဆိုခွင့်ရှိကြပါတယ်။

အင်တာနက် အီးမေးလ်ပေါ်မှာ အမည်မဖေါ်ဘဲ ရေးသားတာ မျိုးမဟုတ်ပဲ မီဒီယာနဲ့ တွေ့ဆုံပြီးဖြစ်စေ တင်ပြပြောဆိုခွင့် ရှိပါတယ်။ ဘက်နှစ်ဘက်စလုံးမှာ အမြင်နဲ့ အချက်အလက်တွေကို တင်ပြမှလဲ အဖြစ်အပျက်မှန်က ပေါ်လွင်လာမှာ ဖြစ်ပါတယ်။ သို့သော်ဆုံးဖြတ်ချက်ချရာမှာကတော့ သက်ဆိုင်တဲ့ ဆေးကောင်စီ သော်လည်းကောင်း တရားစီရင်ရေး ကသာဖြစ်ရမှာပါ။ မီဒီယာက အမှားအမှန်ကို စီရင်မယ့် အဖွဲ့အစည်းတခုမဟုတ်ပါဘူး။ မီဒီယာက တိုင်းပြည်မှာ ရှိနေတဲ့ တရားစီရင်ရေး စနစ်သော်လည်းကောင်း၊ စီရင်ဆုံးဖြတ်ခွင့်ရှိတဲ့ အဖွဲ့အစည်းတွေကို ဖြစ်ပျက်တဲ့အဖြစ်အပျက်ကို ဂရုစိုက်လာအောင် နှိုးဆော်ပေးဖို့သာ တာဝန်ရှိတာပါ။

တနေ့က အငှားယာဉ်မောင်းတဦးက ဆရာဝန်ကြီး ဒေါက်တာကြည်စိုးဟာ သဘောကောင်းသူ၊ ဆေးပညာမှာ တော်သူ၊ လေးစားစရာ ကောင်းသူလို့ ရှုမြင်ပြီး မီဒီယာက ရေးသားမှုကြောင့် ဒုက္ခရောက်သွားရတာလို့ ဆိုပါတယ်။ သူ့လိုပဲ ဆရာဝန်ကြီးနဲ့ နီးစပ်သူအချို့ကလည်း သူတို့ဆရာကို အခုကိစ္စမှာ မီဒီယာက ထိခိုက်ရေးသားကြတယ် လို့ခံစားရပြီး သူတို့နဲ့ သိတဲ့ ရေးသားသူတွေဆီကိုတောင် အီးမေးလ် လှမ်းပို့၊ ဖုန်းလှမ်းဆက်ကြတာလည်း ကြားသိရပါတယ်။ မီဒီယာက ဖွလို့ ဆရာဝန်ကြီးဒုက္ခရောက်ရတယ်လို့ သူတို့ခံစားရသလို အချို့သော ဆရာဝန်တွေကလည်း သူတို့လောကသားချင်း အတူတူမို့လို့ ကာကွယ်ပေးတာ လည်းဖြစ်နိုင်ပါတယ်။

လောကသား အချင်းချင်းကာကွယ်ဖို့လိုသလား

ဆရာဝန်အချင်းချင်းမို့ကာကွယ်ပေးစရာ လိုသလားလို့မေးစရာ ရှိလာပါတယ်။ အမှန်ကတော့ ကိုယ့်လောကသား ချင်းချင်းဖြစ်ရုံနဲ့တော့ ကာကွယ်ပေးစရာမလိုဘူး လို့ထင်ပါတယ်။ အကယ်၍များ မီဒီယာလောကမှ သူတွေလည်း တစုံတရာ မှားယွင်းစွာ ပြုမှုလို့ တပါးသူနစ်နာခဲ့ရင် ကျန်တဲ့ မီဒီယာသမားတွေက ဖေါ်ထုတ်ရေးသားဖို့ တာဝန်ရှိပါတယ်။ ကိုယ့်လောကသား အချင်းချင်းဆိုတိုင်း ကိုယ့်ဘက်က မှန်တယ်ဆိုပြီး အကာအကွယ် ပေးစရာမလိုပါဘူး။

S S C အထူးကု ဆေးခန်းမှာ ဖြစ်ပျက်ခဲ့တဲ့ ၁၅နှစ် အရွယ် မခိုင်ရွှန်းလဲ့ရည် သေဆုံးခဲ့ရမှုမှာ ဘယ်သူက အဓိကတာဝန်ရှိသလဲ ဆိုတာကိုသာ အတတ်နိုင်ဆုံး လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုနဲ့ စစ်ဆေးပြီး အရေးယူသင့်ကယူ အရေးမယူသင့်ဘူးဆိုရင်လည်း မယူဖို့ပဲ လူတွေက လိုလားခဲ့ကြတာပါ။

ဒီနေရာမှာ တခုပဲရှိပါတယ်။ ယခင်ကလည်း လူနာတွေ အသက်မဆုံးရှုံးသင့်ပဲ ဆုံးရှုံးခဲ့ရတယ်လို့ ခံစားခဲ့ရတဲ့ ကိစ္စရပ်များစွာကို သက်ဆိုင်တဲ့ မိသားစုအသီးသီးက ခံစားခဲ့ဖူး၊ လူတွေလည်း ကြားခဲ့ဖူးပြီး ဘယ်လိုစစ်ဆေး အရေးယူမှုမျိုးမှ မတွေ့ကြုံခဲ့ရတဲ့အတွက် လူအများက ယခုကိစ္စကို အရင့်အရင် ကိစ္စရ့ပ်အားလုံးကို ကိုယ်စားပြုတဲ့ အဖြစ်အပျက်တခု အဖြစ်နဲ့ မြင်ကြပြီး မခိုင်ရွှန်းလဲ့ရည် သေဆုံးရတဲ့ ကိစ္စကို စုံစမ်းစစ်ဆေး ပေးစေလိုကြတာ ဖြစ်ပါတယ်။

ဒီကိစ္စရဲ့ နောက်ကွယ်မှာ အရင့်အရင်ကဖြစ်ပျက်ခဲ့ဘူးတဲ့ အဖြစ်အပျက်များစွာ ရပ်တည်နေတဲ့သဘောလည်း ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ လူနာတွေရဲ့ အခွင့်အရေးနဲ့ ပတ်သက်လို့ မည်သည့်အခါကမျှ ပြောဆိုခွင့် တင်ပြခွင့်မရခဲ့ကြတာ ကြောင့်ယခုအဖြစ်အပျက်ဟာ စံပြအဖြစ်အပျက် တခုလိုဖြစ်ပြီး အများရဲ့ အာရုံစိုက်မှုကို ခံခဲ့ရတဲ့ သဘောလည်း ဖြစ်ပါတယ်။

မီဒီယာနဲ့ ဒေါက်တာကြည်စိုးနဲ့ ယခင်ကလည်း ရန်ငြှိုး ရန်စမရှိခဲ့သလို ယခုကိစ္စမှာလည်း ဒေါက်တာကြည်စိုးကြောင့် မီဒီယာအနေနဲ့ အငြှိုးနဲ့ ရေးသားခြင်းမဟုတ်ပါဘူး။ ယခုလို အဖြစ်အပျက်ကြုံ လာရတဲ့အခါ စုံစမ်းစစ်ဆေးဖို့ ၀ိုင်းဝန်းရေးသား ကြတာသာဖြစ်ပါတယ်။

အစိုးရက နိုင်ငံရေး ရှုထောင့်မှသာ ရှုမြင်ခဲ့

ယခုကိစ္စမှာ အစိုးရကတော့ လူနာနဲ့ ဆေးကုသတဲ့ ဆေးကုခန်း၊ ဆရာဝန်အကြားဖြစ်ပွားတဲ့ နစ်နာမှုတခု ဆိုတာထက်ကို နိုင်ငံရေး ရှုထောင့်ကနေရှုမြင်ပြီး လူအများစိတ်ဝင်စားနေတဲ့ ကိစ္စ၊ အဆိုပါ ကိစ္စရပ်ကနေ တဆင့်တက်ပြီး သက်ဆိုင်ရာ ၀န်ကြီးဌါနတို့ရဲ့ တာဝန်ရှိတာတွေ ပေါ့လျော့တာတွေအထိ လူတွေက ဆက်စပ်စဉ်းစားပြီး မျှားဦးလှည့်လာမှာ စိုးရိမ်ပုံရပါတယ်။ ထို့အတူ S S C ဆေးရုံရဲ့ ရှယ်ယာဝင်တွေ ပိုင်ဆိုင်သူတွေရဲ့ အကျိုးစီးပွားကိုကာကွယ်ပေးဖို့ ဆိုတဲ့ ရှုထောင့်ကလည်း သုံးသပ်ခဲ့ပုံရပါတယ်။

ဒီအတွက်ကြောင့် အဆိုပါကိစ္စကို တပတ် ၁၀ရက်အတွင်း မြန်မြန်ဆန်ဆန် စုံစမ်းစစ်ဆေးခိုင်းပြီး ဆုံးဖြတ်ချက် မြန်မြန်ချကာ လူအများရဲ့ စိတ်ဝင်စားမှု အရှိန်ကျသွားအောင် ကြိုးစားခဲ့ပါတယ်။ အဆိုပါ ဆုံးဖြတ်ချက်ချပြီးနောက်မှာ မည်သည့် ဂျာနယ်မှာမှ အဆိုပါကိစ္စနဲ့ ပတ်သက်ပြီး ထပ်မံရေးသား ဖေါ်ပြခြင်း မပြုဖို့ ပိတ်ပင်လိုက်ပါတယ်။

မခိုင်ရွှန်းလဲ့ရည် မိသားစုက ဆေးရုံမှ လျော်ကြေး ကျပ်သိန်း ၁ထောင်ရတဲ့ သတင်းတောင်မှ ဖေါ်ပြခွင့် မပြုတော့ပါဘူး။ အဆိုပါ အဖြစ်အပျက်ကို ပြည်ဖုံးကာချလိုက်တဲ့ သဘောလည်းဖြစ်ပါတယ်။

မီဒီယာရဲ့ တာဝန်ထမ်းဆောင်ခွင့် ပြည့်ပြည့်၀၀မရသေး

မီဒီယာမှာ အထက်ကလို မတရားမှုတွေ နစ်နာမှုတွေ ဖေါ်ထုတ်တင်ပြခွင့် ရပြီလားလို့ အကောင်းမြင်နေခဲ့တဲ့သူတွေရဲ့ ၀မ်းသာမှုတောင် ကြာရှည်မခံလိုက်ပါဘူး။ နစ်နာမှုတွေကို ပြောပေးဖို့ တင်ပြပေးဖို့ အရေးယူဆောင်ရွက်အောင် နှိုးဆော်ပေးဖို့ဟာ စတုတ္ထမဏ္ဍိုင်လို့ခေါ်တဲ့ မီဒီယာရဲ့ အရေးကြီးတဲ့ တာဝန်တခုပါ။ ဒီတာဝန်ကို နိုဝင်ဘာလမှာ ဖြစ်ပျက်တဲ့ အဖြစ်အပျက်မှာ ခတ္တခဏ ထမ်းဆောင်ခွင့်ရလိုက်တဲ့ သဘောသာရှိပါတယ်။

နောက်နောင် အဖြစ်အပျက်တွေမှာ ရေးသားဖေါ်ထုတ်ခွင့် ရဖို့မသေချာတော့ပါဘူး။

ယခုအဖြစ်အပျက် ဖြစ်ပျက်ပြီး မကြာမီမှာပဲ လွန်ခဲ့တဲ့ လပိုင်းအတွင်း ဖြစ်ပျက်ခဲ့တဲ့ နစ်နာမှုတွေ၊ မတရား ခံရတဲ့အဖြစ်အပျက်တွေ ကို ကာယကံ ရှင်မိသားစုတွေ အသိုင်းအ၀ိုင်းတွေက မီဒီယာကို ထုတ်ဖေါ်ပြောဆိုလာပြီး ရေးသားကြဖို့ အကူအညီတောင်းလာပါတယ်။

မကြာမီလပိုင်းကဖြစ်ခဲ့တဲ့ ဧရာဝတီတိုင်း မြင်းကကုန်းကျေးရွာက မိန်းကလေး ရန်ကုန်အလုံမြို့နယ်မှာ အိမ်ဖေါ်လုပ်ကိုင်နေစဉ် ကျောကို ဓါးနဲ့မွှန်းပြီး ညှင်းဆဲခံရတဲ့ အဖြစ်အပျက်တခုကိုလည်း ပြည်တွင်းဂျာနယ် အနည်းဆုံး ၂စောင်က ရေးသားပြီး စိစစ်ရေးကို တင်ခဲ့ပေမယ့် စိစစ်ရေးက လုံးဝ ဖေါ်ပြခွင့် မပြုခဲ့ပါဘူး။

ထို့အတူ အခြားသောဆေးကုသပြီး သေဆုံးခဲ့ရမှုတွေလည်း ကျန်ရစ်တဲ့ မိသားစုက အထောက်အထားနဲ့ တကွ မီဒီယာကို လာရောက်ပေးပြီး ဖေါ်ပြပေးဖို့ အကူအညီတောင်းခဲ့ကြပါတယ်။သို့ပေ မယ့်လို့ ကံမကောင်း အကြောင်းမလှစွာပဲ ဖေါ်ပြခွင့်မရကြတော့ လူအများရဲ့ ရှေ့ကိုအဆိုပါ အဖြစ်အပျက်တွေ မရောက်လာ ရတော့ပါဘူး။



Read more...

Friday, September 18, 2009

လူမှောင်ခိုမှုမှတစ်ဆင့် လူကုန်ကူးမှုသို့ ပြောင်းလဲသွားသည့် ဖြစ်စဉ်အများအပြားတွေ့ရှိ

မြန်မာနိုင်ငံတွင် ဇြစ်ပွားခဲ့သော လူကုန်ကူးမှုများကို လေ့လာသုံးသပ်ရာတွင် လူမှောင်ခိုမှုမှတစ်ဆင့် လူကုန်ကူးမှုသို့ ပြောင်းလဲသွားသည့် ဖြစ်စဉ်အများအပြားတွေ့ရှိ

မြန်မာနိုင်ငံတွင် ဇြစ်ပွားခဲ့သော လူကုန်ကူးမှုများကို လေ့လာသုံးသပ်ရာတွင် လူမှောင်ခိုမှုမှတစ်ဆင့် လူကုန်ကုးမှုသို့ ပြောင်းလဲသွားသည့် ဖြစ်စဉ်အများအပြားတွေ့ရှိကြောင်း မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ ငါးနှစ်စီမံကိန်း ၂၀၀၈ ခုနှစ် တိုးတက်မှုအစီရင်ခံစာတွင် ဇော်ပြပါရှိပါသည်။

လူမှောင်ခိုနဲ့လူကုန်ကူးဆိုတာမတူပါဘူး။ ဒါပေမယ့် လူမှောင်ခိုကနေတစ်ဆင့် လူကုန်ကူးမှုအသွင်ကိုပြောင်းလဲသွားတဲ့ ဖြစ်စဉ်တွေ အများကြီးတွေ့ရပါတယ်။ လူကုန်ကူးမှုတိုက်ဖျက်တဲ့နေရာမှာ လူမှောင်ခိုတိုက်ဖျက်ရေးကလည်း အရေးပါတဲ့ လုပ်ငန်းစဉ်တစ်ရပ်ပါ"ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ် ၊နိုင်ငံဖြတ်ကျော် မှုခင်းဌာနမှ အဆင့်မြင့်အရာရှိကြီးတစ်ဦးက ဆိုပါသည်။

လူမှောင်ခိုဆိုတာ
လူမှောင်ခိုဆိုသည်မှာ ပြစ်မှုကျူးလွန်သူနယ်စပ်ကိုဖြတ်ကျော်ရမည် ယင်းသို့ဖြတ်ကျော်ရာတွင် တရားမ၀င်နည်းလမ်းများကို အသုံး ပြုရမည်၊ လူမှောင်ခိုအကူးခံရသူနှင့် လူမှောင်ခိုကူးသူ နှစ်ဦးနှစ်ဖက်လုံး အကျိုးအမြတ်ရရှိရမည် စသည့်အ ချက်များကျူးလွန်ပါက လူမှောင်ခို မှုမြောက်သည်ဟု သိရသည်။

လူကုန်ကူးမှုဆိုသည်မှာ ခေါင်း ပုံဖြတ်ရန်ရည်ရွယ်ချက်ဖြင့် လှည့် ဖျားသည့်ကတိတွေပေးပြီးလူစုခြင်း၊ ရောင်းချရန်ရည်ရွယ်ချက်ဖြင့် တစ် နေရာတွင်စုစည်းထားရှိခြင်း၊ ယင်း နောက်ရောင်းချခြင်း၊ ထို့နောက်လိင် ပိုင်းဆိုင်ရာ၊ လုပ်အားဆိုင်ရာခေါင်း ပုံဖြတ်ခြင်းများရှိပါက လူကုန်ကူးမှု မြောက်သည်ဟု သိရသည်။ ''လူကုန်ကူးမှုက ပြည်တွင်း ပြည်ပနှစ်ခုလုံးမှာ ဖြစ်နိုင်တယ်။ ဥပမာ-လစာ ၁၀၀ ရတာကို ၂၀၀ ရမယ်ဆိုပြီး လှည့်ဖျားခေါ်ဆောင် လူစုကာ Sex-Exploitation ၊ Labour Exploitation ၊ Force Marriage ၊ Force Adoption လို့ခေါ်တယ်။ လူ့ အခွင့်အရေးကိုရာနှုန်းပြည့်ချိုးဖောက် တဲ့ပြစ်မှုပါပဲ။လူမသေတောင်ဘ၀ဆုံး တာပဲ''ဟု ¤င်းကထပ်မံရှင်းပြသည်။ လူမှောင်ခိုမှ လူကုန်ကူးမှု သို့ပြောင်းလဲသွားပုံ ''အချို့နယ်စပ်တွေမှာ လူတွေ က နိုင်ငံခြားသွားမယ်ဆို ပတ်စ်ပို့ မလုပ်ကြဘူး။

ပိုက်ဆံလည်း အကုန် မခံကြသလိုလုပ်ရကောင်းမှန်းလည်း မသိကြဘူး။ လူမှောင်ခိုပွဲစားနဲ့ချိတ် ဆက်ပြီးဖြစ်ဖြစ်၊ ကိုယ့်အဆက် အသွယ်နဲ့ပဲဖြစ်ဖြစ် ပြည်ပ တစ်နိုင်ငံ ရောက်သွားမယ်။ အလုပ်ခွင်ရောက် တော့ ရသင့်တဲ့လစာ၊ ခံစားခွင့်မရတဲ့ အခါဘယ်သူ့ကိုသွားတိုင်မလဲ။ ဘာ သာစကားမပေါက်တာရယ် ကိုယ် ကိုယ်တိုင်က Travel Document ၊ ပတ်စ်ပို့ စတာတွေ မရှိတဲ့အတွက် ကိုယ်အားကိုးရမယ့် ရဲ၊ လ၀က စတဲ့ အာဏာပိုင်အဖွဲ့အစည်းတွေကိုကြောက် နေရတာပေါ့။ သွားတိုင်ရင် တရား မ၀င်နေမှုဖြစ်ပြီး အဖမ်းခံရဦးမယ်။လူကုန်ကူးသူတွေက အဲဒါကိုအခွင့် အရေးယူကြတယ်။ ပြည်တွင်းလာပြီး လူစုစရာမလိုဘဲ လွယ်လွယ်ကူကူ လူကုန်ကူးနိုင်ကြတယ်။ အဲဒါမျိုးရှာ နေတဲ့သူတွေအများကြီး၊ သူတို့ကိုတော့ ဘေးအန္တရာယ်ကြုံတွေ့နိုင်တဲ့ အုပ်စု ဆိုပြီး သတ်မှတ်ပါတယ်''ဟု ပြော ကြားခဲ့သည်။

လူကုန်ကူးမှု ပြဿနာသည် ဆင်းရဲမွဲတေမှုပြဿနာ၊ ကမ္ဘာ့နိုင်ငံ များအကြားဖွံ့ဖြိုးတိုးတက်မှုမညီမျခြင်း Sex Industry ၊ Tourism ၊ Internal Conflict ၊ Discrimination ၊ Low Education ၊ Family Problem စသည့် Factor များကြောင့် ဖြစ်ပွား ရကြောင်း သိရသည်။''လူကုန်ကူးမှုမှာ Pull Factor? Push Factor ဆိုပြီးရှိတယ်။ ဥပမာ- လူကုန်ကူးခံရသူရဲ့နိုင်ငံက ဖွံ့ဖြိုးမှု နည်းတာက Push Factor ၊ သူ့အိမ် နီးချင်းနိုင်ငံက စီးပွားရေးပိုတိုးတက် လို့ Victims တွေက သွားချင်တာက Pull Factor ၊ ကျွန်တော်တို့ဆီမှာ တော့ Family Problem တွေကြောင့် ဖြစ်တာလည်းတွေ့ရတယ်'' ဟု လူ ကုန်ကူးမှုဖြစ်ရခြင်းအကြောင်း တ ရားနှင့်ပတ်သက်၍ ရှင်းပြသည်။မြန်မာနိုင်ငံအနေဖြင့် လူကုန် ကူးမှုပြဿနာများကို ၁၉၉၅-၁၉၉၆ ခုနှစ်ခန့်မှစပြီး တားဆီးကာကွယ် ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကာ ၂၀၀၅ ခုနှစ်တွင် လူကုန်ကူးမှုတား ဆီးကာကွယ်ရေးဥပဒေပြဋ္ဌာန်းခဲ့သည်။

''လူလူချင်းကို ကုန်ပစ္စည်းလို သဘောထားပြီး ရောင်းဝယ်နေတာ ဟာ စက်ဆုပ်စရာကောင်းတဲ့ ပြစ်မှု တစ်ခုပါ။ လူသားအချင်းချင်းကို အနိုင်ကျင့်ခေါင်းပုံဖြတ် လူမဆန်တဲ့ လုပ်ရပ်ဖြစ်တဲ့အတွက်ပြစ်မှုကျုးလွန် ကြောင်းထင်ရှားရင် ထောင်ဒဏ် တစ်သက် ကျခံရနိုင်ပါတယ်''ဟု ပြောကြားခဲ့သည်။ နယ်စပ်ဖြတ်ကျော် လူကုန်ကူး မှုသည် နိုင်ငံတိုင်းရင်ဆိုင်နေရသော ပြဿနာတစ်ခုဖြစ်ပြီး မြန်မာနိုင်ငံ အနေဖြင့် ၂၀၀၇-၂၀၁၁ ငါးနှစ်စီမံ ကိန်းရေးဆွဲကာ နိုင်ငံတကာနှင့်ပူး ဆောင်ရွက်လျက်ရှိကြောင်းလည်း သိရသည်။

Read more...

Wednesday, August 26, 2009

ပါးပါးလှီး ခံရသူများ

ဆောင်းပါး သရုပ်ဖေါ် © မင်းကျော်

ထိုင်းနိုင်ငံထဲတွင် မြန်မာ အလုပ်သမားများ သန်းနှင့်ချီပြီး အလုပ် လုပ်နေကြခြင်းကို မီဒီယာတွေ မှတဆင့် စာရှုသူတို့ သိရှိကြပြီး ဖြစ်သည်။ သို့သော် ထိုနိုင်ငံရပ်ခြား ရွှေ့ပြောင်း အလုပ်သမား များသည် နေရာခပ်သိမ်း လျှောက်လှမ်းရသော ခရီးတို့၌ အစစ အရာရာတွင် ခေါင်းပုံဖြတ် ခံရခြင်း များစွာ ပြုကျင့် ခံနေရသည်ကို လည်းကောင်း၊ ဘယ်သူ သေသေ ငတေ မာရင်ပြီး ရော

ဟူသော ပွဲစားလူလည် တို့၏ ပါးပါးလှီး ခံနေကြရခြင်းကို လည်းကောင်း သိသူ၊ ဂရုစိုက် သူတို့မှာကား လွန်စွာနည်းနေ ပေဦးမည်။

သာမန်အားဖြင့် အလုပ်သမား တစ်ယောက်သည် နယ်စပ်မှနေ၍ ထိုင်းနိုင်ငံ ထဲသို့ ၀င်လာရာတွင် ဦးဆောင် လမ်းပြသော ကယ်ရီ (ခ) ပွဲစားရှိမှသာ မိမိသွားလိုရာသို့ ချောမွေ့စွာ ရောက်ရှိနိုင်မည် ဖြစ်သည်။ ထိုသို့မဟုတ်ပဲ မိမိဖာသာ မိမိ သွားမည်ဆိုပါက စစ်ဆေးရေး ဂိတ်များ ကို မကျော်နိုင်ပဲ အဖမ်း ခံရမည်မှာ မလွဲ ဧကန်မုချပင်။ ထို့ကြောင့် ထိုင်းနိုင်ငံသို့ စတင် ၀င်ရောက်လာစဉ် ကတည်းက ထိုလူများမှာ ပွဲစားဆိုသူ များနှင့် မချစ်သော်လည်း အောင့်ကာနမ်း ရမည် ဖြစ်သည်။

ပွဲစားဟု ဆိုရာတွင်လည်း ဖြစ်ကတတ်ဆန်း သဘောမျိုးထက် အဆင့်ဆင့် ချိတ်ဆက်ပြီး စနစ်တကျ လှုပ်ရှား နေကြသူများက အများစု ဖြစ်ပြီး မြန်မာ လူမျိုး နှင့်ထိုင်း လူမျိုး ထိုမှတဆင့် ထိုင်း ဝန်ထမ်းများ ဖြစ်ကြသော ရဲ၊ လူဝင်မှု ကြီးကြပ်ရေး၊ ဒေသဆိုင်ရာ အာဏာပိုင် အစရှိသည်ဖြင့် တို့နှင့် ပေါင်းစပ်ကာ လှုပ်ရှားနေကြရ သူတို့ ဖြစ်ကြသည်။

ထိုင်းနိုင်ငံ အတွင်းသို့ ၀င်ရောက်လိုပါလျှင် မိမိနေထိုင်ရာ ဒေသတွင်ရှိနေသော ပွဲစား သို့တည်းမဟုတ် ထိုင်း-မြန်မာနယ်စပ်တွင် ရှိသော ပွဲစားကို ရှာဖွေ၍ ဆက်သွယ်ရမည် ဖြစ်သည်။ ထိုပွဲစားနှင့် ဈေးညှိပြီး နှစ်သက်ပါက ခရီး စနိုင်ပြီ ဖြစ်သည်။ ၎င်းက နယ်စပ်သို့ ကိုယ်တိုင်ဖြစ်စေ ကားသမားနှင့် ဖြစ်စေ ပို့ဆောင်၍ နယ်စပ်မှ ပွဲစားက လာရောက် ခေါ်ဆောင်သွားမည် ဖြစ်သည်။ ထို့နောက် နယ်စပ်ကို ဖြတ်ကျော်ပြီး မိမိသွားလိုရာသို့ ပို့ဆောင်ပေးမည့် ထိုင်းပွဲစားထံ အပ်နှံပေးမည် ဖြစ်သည်။ ထိုပွဲစားများသည် ပွဲစားခကို ၎င်းတို့ ကြိုတင် ညှိထားကြသည့် အတိုင်း အချိုးကျ ခွဲဝေရရှိကြပေမည် ဖြစ်သည်။ မိမိသွားလိုရာသို့ ရောက်ရှိပြီ ဆိုပါက အလုပ်ရှာပေးမည့် ပွဲစားကို ထပ်မံ ဆက်သွယ်ရဦးမည် ဖြစ်သည်။ အလုပ် ရှာပေးခ အပြင် နောက်ထပ် အလုပ် လုပ်ခွင့်လက်မှတ် ( Work Permit ) အတွက်လည်း ထပ်မံ အကုန်ကျခံရမည် ဖြစ်သည်။

ဖေါ်ပြထားသည့် အဆင့်တိုင်းသည် ချောမွေ့ လွယ်ကူနေလျှင် အလုပ်သမားများ အတွက် ယခုကဲ့သို့ အလုပ်လုပ်ရင်း ကုန်ကျထားသမျှကို အနည်းဆုံး ခြောက်လမှ တစ်နှစ်အတွင်း ပြန်လည်ရှာဖွေ ရရှိနိုင်သော်လည်း တစုံတခု မှားယွင်းမှု ... ဥပမာ - ပွဲစားက ငွေလိမ်ခဲ့လျှင်၊ သို့တည်းမဟုတ် လမ်းခရီး၌ မိမိ ချိတ်ဆက်သူများ မဟုတ်ပဲ လျှပ်တပြက် စစ်ဆင်ရေး လုပ်သူများ၏ အဖမ်းအဆီး ခံရလျှင် ထိုသူ အဖို့ နာလံ မထူနိုင်အောင် ခံကြရတော့မည် ဖြစ်သည်။ ထို့ ထက်ဆိုးသည်မှာ ရောင်းစား ခံရခြင်းပင်ဖြစ်၍ အများအားဖြင့် မိန်းကလေးများကို ပြည့်တန်ဆာ၊ အိမ်ဖေါ်အဖြစ် လည်းကောင်း ယောက်ျားလေးများကို ငါးဖမ်းလှေတွင် လည်းကောင်း ရောင်းစားခံရပါက ဘ၀အတွက် ကြီးမားသော ထိခိုက် နစ်နာမှုမျိုး ကြုံရပေမည်။ ထိုအဖြစ်များသည် ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများ ကြုံခဲ့ပြီး၊ ကြုံနေဆဲ၊ ကြုံတွေ့ ကြရဦးမည့် ပြဿနာများ ဖြစ်နေသည်။ ထို့အတူ ထိုင်း မြန်မာပွဲစားများ အတွက်လည်း ထိုရွှေ့ပြောင်း မြန်မာအလုပ်သမား များသည် လွန်စွာ ငွေရှာရ လွယ်ကူသော သားကောင်များ ၊ စားကျက်များ၊ သတ်ကွင်းများနှင့် ငွေတွင်းများပင် ဖြစ်လို့နေသည်။

လွန်ခဲ့သည့် ဇူလိုင်လ အတွင်း၌ ထိုင်းအစိုးရက ထိုင်းနိုင်ငံတွင် ရှိနေသော အလုပ်လုပ်ခွင့် လက်မှတ် မရှိသည့် မြန်မာ အလုပ်သမားများကို အလုပ် လုပ်ခွင့် လက်မှတ်လုပ်ရန် ခွင့်ပြုခဲ့သည်။ ထိုင်းနိုင်ငံ အနှံ့တွင် လာရောက် မှတ်ပုံတင်သည့် မြန်မာ အလုပ်သမား ဦးရေမှာ တစ်သန်းခန့် ရှိလေရာ၊ ထိုင်းအစိုးရက ထိုလက်မှတ် အတွက် သတ်မှတ်ထားသော ဈေးနှုန်းမှာ ကျန်းမာရေး အာမခံလက်မှတ် နှင့် အလုပ်လုပ်ခွင့် လက်မှတ် နှစ်မျိုးပေါင်း ၃၈၈၀ ဘတ်ဖြစ်သော်လည်း မိမိကိုယ်တိုင် အကြောင်းအမျိုးမျိုးကြောင့် သွားလာရန် ခက်ခဲသော၊ ရုံးပြင်ကန္နား ကိစ္စအတွက် ခက်ခဲသော၊ မြန်မာ အလုပ်သမားများမှာ ထုံးစံအတိုင်း အလုပ်ရှင်နှင့် ပွဲစားများကို ထိုင်းငွေ ၅၀၀၀ မှ ၉၀၀၀ ဘတ် အထိ ပေးဆောင်ခဲ့ရသည်။ ပျမ်းမျှအားဖြင့် အလုပ်သမား တစ်ဦးသည် ဘတ်ငွေ ၃၀၀၀ နှုန်း ခေါင်းပုံဖြတ် အမြတ်ထုတ် ခံရသည် ဆိုပါက အလုပ်သမား တစ်သန်းအတွက် ဘတ်ငွေ သန်း ၃၀၀၀ ( ဒေါ်လာသန်း ၁၀၀ခန့် ) အမြတ်ထုတ်ခြင်းကို တလအတွင်း ခံခဲ့ရ ပေတော့သည်။ ပွဲစားများ အတွက် မည်သို့မျှ အားစိုက် ထုတ်ရခြင်း မရှိပဲ မြောက်များလှသော ငွေကြေးများ ကို တစ်လအတွင်း ရရှိ သွားခဲ့ပါသည်။

ထိုသို့ ဆင်းရဲသား မြန်မာ ရွှေ့ပြောင်း အလုပ်သမားများ အပေါ် ခေါင်းပုံဖြတ်ခြင်း ခံနေရမှုသည် ရပ်တံ့နေ ခြင်းမရှိပဲ နေ့စဉ်နှင့်အမျှ ကြီးထွား၍သာ တိုးတက် လာနေပေသည်။ ယခုအခါ ထိုင်း-မြန်မာ နှစ်နိုင်ငံ သဘောတူညီချက် အရ ထိုင်းနိုင်ငံရောက် မြန်မာ အလုပ်သမားများကို နယ်စပ်ဒေသ သုံးနေရာတွင် ယာယီပတ်စ်ပို့များ ထုတ်ပေးနေလျှက် ရှိသည်။ ကုန်ကျငွေမှာ ယာယီပတ်စ်ပို့ အတွက် မြန်မာငွေ ၃၀၀၀ကျပ် (ဘတ် ၁၀၀ခန့်) နှင့် ထိုင်းတွင် နေထိုင်ရန် နှစ်နှစ်သက်တမ်းရှိ ဗီဇာကြေး ဘတ် ၂၀၀၀ စုစုပေါင်း ဘတ်ငွေ ၂၁၀၀ သာရှိသည်။ သို့သော် ယခုအခါ ပွဲစားများက အကျိုးဆောင် ကုမ္ပဏီကြီးများပင် ဖွင့်၍ ဘတ်ငွေ ၇၀၀၀ မှ ၁၂၀၀၀ အထိ လည်သလို လုပ်စားကာ မသိနားမလည်သူ မြန်မာ အလုပ်သမားများကို အမဲ ဖျက်နေကြပြန်ပြီ ဖြစ်သည်။

မြန်မာ အလုပ်သမားများ အဖို့မှာကား မိအေး အခါခါ နာကြရမည့် ကိန်းဆိုက်နေပြီ ဖြစ်သည်။ ထိုင်းနိုင်ငံတွင် ရောက်ရှိနေသော မြန်မာ အလုပ်သမားပေါင်း တစ်သန်းကျော် တို့သည် လူလည် ပွဲစားများအတွက် သွားရည် တမြားမြားကျစရာ အမဲကောင်များ သားစားကျူးသည့် စီးပွားရေး ဘီလူးတို့၏ စားကျက် ဖြစ်နေပေတော့သည်။ မြန်မာနိုင်ငံတွင် ဆင်းရဲ ကြပ်တည်း၍ ထွက်ပေါက် ရလိုရငြား ထွက်လာကြသော မြန်မာ ရွှေ့ပြောင်း အလုပ်သမားတို့သည် လူသား ဂုဏ်သိက္ခာ ကင်းမဲ့နေရပြီး သားကောင်များ သဖွယ်ဖြစ် နေရခြင်းမှာ လွန်စွာ စိတ်မချမ်းမြေ့ဖွယ် နိစ္စဓူဝ မြင်တွေ့ကြား နေရတော့သည်။ ယုံကြည်ရသော အထောက်အထားများ အရ နိုင်ငံရပ်ခြား နိုင်ငံ အသီးသီးသို့ ထွက်ပြီးအလုပ် လုပ်နေကြသူ မြန်မာများထဲတွင် ထိုင်းနိုင်ငံရောက် မြန်မာ အလုပ်သမား များသည် ၀င်ငွေ အနည်းဆုံး သူများဖြစ်ကာ ပျှမ်းမျှအားဖြင့် တစ်လလျှင် ၀င်ငွေ ဒေါ်လာ ၂၀၀ အောက်သာ ရရှိ နေကြသူများသာ ဖြစ်သည်ဟု အစိုးရ မဟုတ်သော အဖွဲ့အစည်းမျာ၏ မှတ်သားထားသော စစ်တမ်းများက ဆိုသည်။

ထိုသူတို့မှာ မဖြစ်စလောက်သော ၀င်ငွေ ရရန်အတွက် ဋ္ဌာနေဒေသတွင် မိမိတို့၏ လက်ငုတ်လက်ရင်း များအား ရှိသမျှ ပေါင်နှံရောင်းချ၊ အတိုး ခပ်ကြီးကြီးပေးပြီး ချေးငှား၊ ရင်းနှီး ထားကြရသူများ သာဖြစ်ကြသည်။ ထိုသို့ ရင်းနှီးထားရသည်ကို များမကြာသေးခင်တွင် နောက်ထပ် ပတ်စ်ပို့ ကိစ္စဖြင့် ထပ်မံ ခေါင်းပုံဖြတ်ခြင်း ခံရဦးမည် ဆိုပါက ထိုသန်းနှင့်ချီသော မြန်မာ အလုပ်သမားတို့ အဖို့ မည်သို့ ရှေ့ဆက် ရပ်တည်ကြဦးမည်ကို မသိနိုင်တော့ချေ။

ထိုသို့ တွေးရင်း၊ တောရင်း လောကကြီးတွင် မိမိဥာဏ်နှင့် မမီသော စနစ်ဆိုး၏ ရလဒ်၊ ခေါင်းပုံဖြတ် အမြတ်ကြီးစားသော စရိုက်ဆိုးတို့၏ ပုစ္ဆာများက များလှချေ တကားဟု ညည်းတွား နေမိရုံ မှတပါး။

Read more...
ခင်မင်ရသောသူများ ညစဉ် ဆက်ဆက်လာနော်။ မိတ်ဆွေများ နေ့စဉ် ဆက်ဆက်လာနော် လာရောက်လည်ပတ်သူများကို ကျေးဇူးတင်ပါတယ်။

About This Blog

Lorem Ipsum

ကဲဘယ်နိုင်ငံမှာ ဘယ်နှစ်နာရီထိုးပြီလဲ

ပြောပြီးပြန်လဲရပါတယ်တခုခုတော့ပြောခဲ့ပါ

ဇော်ဂျီဖောင့် ကွန်ဗက်စ်တာလေးပါ















Web
youthnetworks








  © Blogger templates Newspaper III by Ourblogtemplates.com 2008

Back to TOP