Facebook Badge

Showing posts with label ကဗျာ. Show all posts
Showing posts with label ကဗျာ. Show all posts

Saturday, August 29, 2009

နှစ်ဆယ့်တစ်ရာစု မောင်းသံ

Min Thakhin

ငါတို့ရဲ့ ကံကြမ္မာကို
နက္ခတ်တွေ ဇာတာတွေနဲ့
တွက်ချက်စရာ မလိုတော့ပါဘူး
ရက်မြတ်အချိန်ခါရောက်လို့
အရှေ့က နေဝင်းတောက်ပချိန်မှာ
ငါတို့အတွက်
အဖြေတစ်ခု ရှိနေပြီးသားပါ
သပြေခက်တွေနဲ့ ဒီတစ်သက်
ကြိုနိုင်ကောင်းပါရဲ့။

အလောင်းဘုရားနဲ့ ကျန်စစ်
ပြည်ချစ်တဲ့ ဗိုလ်အောင်ဆန်းတို့လိုပ
ကိုယ့်မြင်းကို ကိုယ်ကြိုးကိုင်
မနိုင်ဘယ်မှာ ရှိလိမ့်မတုန်း
ဆယ်ကမ္ဘာတိုင် သတိရကြအောင်
သွေးစည်းကာပြကြရမယ်
ဆွေအဆက် မျိုးအစဉ်မှာ
ရွှေမြန်ပြည်သာစေကြောင်း
အားသစ်တွေလောင်းကြပါစို့။ ။

Read more...

Thursday, August 20, 2009

= ခွပ်ဒေါင်း အသံ =


တောတွင်း တွန်သံခွပ်ဒေါင်းသံ
လွင့်ပျံ့ ကမ္ဘာသို့ဗျာ---။
ပြည်သူသတ်တာ သူတို့ဗျာ
ကျောင်းသား သံဃာသေရတာ
ဘယ်သူကြောင့် လည်းဗျ။

(ပြည်သူများအရေး မေ့မရသေး
ခွပ်ဒေါင်း ရှင်သန်နေ)
စစ်စိုးရန်ဘေး ကါကွယ်ရေး
ခွပ်ဒေါင်း လာပြီးလေ---။
အောင်ပွဲ ပန်းသို့ ရောက်ရှိဖို့
ခွပ်ဒေါင်းနဲ့တူ ပျံသန်းစို့---။
(ဒီမိုကရေစီ အောင်မြင်ရေး
ခွပ်ဒေါင်း လာပြီး--ဟေ့)


minmail aung

<minmailaung@googlemail.com>

Read more...

ညီလေးရေ
ရာဇဝင်ရေးရာ စာအုပ်ပိတ်

တော်လှန်ရေးမှာ ‘အိပ်’တော့နော်

စိတ်ချသွားပါ
အရာအားလုံးကို မေ့ဖျောက်

သွေးနဲ့တည်ဆောက်တဲ့ အုတ်ဂူတစ်လုံး

တလောကလုံး လင်းစေအားကွယ်..

တိမ်သားရိုးရီ
ဒီမိုကရေစီ တောင်တက်လမ်းက

ခပ်ကြမ်းကြမ်းကျောက်လေးတွေအဖြစ်
စွဲနစ်ကျန်တင်လို့... အောင်မြင်မှာပါ

ဗမာပြည်အတွက်
လိုအပ်တဲ့
’လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ’

အရှေ့ဘက်အရပ်မှာ
ခြင်္သေ့တွေ ချီလာပြီ

စစ်မြင်းတွေ ပြိုင်လာပြီ

ခွပ်ဒေါင်းတွေ ပျံလာနေပြီလေ...

ညီလေးရယ်
ငြိမ်းချမ်းစွာ
အေးမြစွာ
ရှင်းသန့်စွာ
နောက်ဘဝမှာ မြင်ယောင်ကြည့်စမ်းကွယ်

ဘာပဲဖြစ်ဖြစ်
ယမ်းငွေ့တလူလူကြားထဲမှာ
မင်းချစ်တဲ့ ဗမာပြည်ကြီးဟာ

ဒေါင်းအလံကို ပန်းလို ပန်လို့ လှလို့…

သြော်…
ဒေါင်းအလံကို ပန်းလို ပန်လို့

လှလို့ပါပဲ... ညီလေးရယ်…

(ရွှေဘုန်းလူ)

Read more...

Wednesday, August 19, 2009

ကျွန်

ရှေးရှေးတုန်းကတော့
နယ်ချဲ့ တွေက ကျွန်ပြုဖို့ ကျွန်တော်တို့ ဆီကိုလာတယ်။
ဒီဘက်ခေတ်မှာတော့
ကျွန်ခံဖို့ ကျွန်တော်တို့ ကိုယ်တိုင် ခရီးထွက်ရတယ်။
လူဖြစ်ပေမယ့် ရွေးချယ်ခွင့်က မရှိခဲ့ဘူး အမေရယ်။
ကျွန်တော့် အဖြစ်က
အိပ်မက်ထဲက ကမ္ဘာကို
ကျွန်ရွာမှာမှ သွားရှာမိတဲ့ အဖြစ်။
သေရင် မြေကြီးဆိုတာကတော့ မှန်ပါတယ်။
ရှင်ရင်တော့ မစို့ မပို့ ငွေလေးက ကျွန်တော်တို့ အတွက်ရွှေထီးပေါ့။
တရွာပြောင်းပေမယ့် သူကောင်းတော့ မဖြစ်ခဲ့ပါဘူး။
ကျွန်ပဲဖြစ်ခဲ့တယ်။
ကြောက်ရင်လွဲ ရဲရင်မင်းဖြစ်သတဲ့။
ကျွန်တော်… အမေနဲ့ ညီမလေးတွေအတွက် ရဲခဲ့ပါတယ်။
ကျွန်ပဲ ဖြစ်နေသေးတယ် အမေ။
ကျွန်တော့်ရဲ့  ရဲရင့်မှုတွေကပဲ နေရာလွဲခဲ့လို့ လား။
ကိုယ့်အခွင့်အရေးကို သိဖို့ နေနေသာသာ
တစ်ချို့ သူငယ်ချင်းတွေဆို ကိုယ့် အသက်ဘယ်လောက်ရှိမှန်းတောင် မသိရှာဘူး။
တချို့ ကလေးတွေဆို မြန်မာ နာမည်တောင် မရှိရှာဘူး။
ဘော(့စ်) ဆိုသူတွေ ပေးတဲ့နာမည်တွေ ပဲ ရှိကြတယ်။
အမေပြောတော့ အလုပ်လုပ်ရင် ကြီးပွါးမယ်ဆို။
အလုပ်လုပ်လေ ပိုခိုင်းလေလေပဲ အမေ။
ကျွန်ဖြစ်လေလေပဲ အမေရဲ့ ။
လူအချင်းချင်းဆိုတဲ့ အသိသူတို့ မှာ မရှိဘူး အမေ။
သွေးစုပ်ဖို့ ပဲ သူတို့ သိတယ်။
အမေရယ်ကျွန်တော်လည်း အစကတော့
ချစ်သူရဲ့ မျက်နှာသုတ်ပုဝါလောက် ဖြစ်ဖို့ မှန်းပြီးထွက်ခဲ့တာပေါ့။
အခု ဖြစ်လာတာက အားလုံးရဲ့ ခြေသုတ်ပုဆိုး
မရှိသေးတဲ့ အစွယ်တောင် ကျိုးခဲ့ပြီ်။
ခုတော့ကျွန်တော့် အသည်းနှလုံးကလည်း
ကျွန်အချင်းချင်တောင် ပြန်မစုပ်ချင်တဲ့
သရက်စေ့ တစ်စေ့ပေါ့။
ကိုယ့်ကိုယ်ကို ကျွန်လို့ သုံးလို့ မငိုလိုက်ပါနဲ့ အမေရယ်။
သူတို့ ဒေါသလေးတစ်ချက်ထွက်ရုံနဲ့ 
ရာဘာခင်းထဲ ရက်ရက်စက်စက် အသတ်ခံရနိုင်တာဆိုတော့
ကျွန်တော်တို့ အသက်တစ်ချောင်းက
ရာဘာပင် တစ်ပင်လောက်တောင်တန်ဖိုးမရှိဘူး

အမေ။
သူတို့ အချစ်တော် ကြောင်တစ်ကောင်လောက်တောင် တန်ဖိုး မရှိဘူး။
ဒါကို ကိုယ့်ကိုယ်ကို သခင်လို့ မျက်လုံးစုံမှိတ်ပြီး ကြွေးကျော်နေရမှာလား။
အနာရှိတာကို လက်ခံမှ ဆေးထည့်လို့ ရမှာပေါ့ အမေ။
လူတွေ ပြောတော့မြန်မာ အချင်းချင်း ရိုင်းပင်းတယ်ဆို။
ကောင်းတဲ့သူတွေ လည်း အများကြီး ရှိပါတယ်။
တချို့ ကတော့ တော်တော့်ကိုဆိုးတယ်။
ကျွန်တော်တို့ ရွှေလို့ခြုံငုံခေါ်နေတဲ့အထဲက တစ်ချို့ ကပဲ
အချင်းချင်း ရောင်းစားနေကြတာ အမေ။
တိုင်းပြည်မီးလောင်လို့ အချင်းချင်းချနင်းရက်တာလား။
ဘာပဲဖြစ်ဖြစ် သူတို့ လူစိတ်မရှိတာ ကတော့သေချာပါတယ်။
ရွှေဆိုတဲ့ စကားလုံးကအကုန်လုံးနဲ့ တော့မတန်ဘူး အမေ။
သူတို့ ကို ရွှေစာရင်းထဲက ကျွန်တော်ထုတ်တယ်။
ဟိုတလောက စာအုပ်ထဲမှာ ဖတ်လိုက်ရတယ်အမေ။
လင်ကွန်းဆိုတဲ့ သူက ကျွန်စနစ် ပပျောက်အောင်လုပ်ပေးခဲ့သတဲ့။
ဘယ်မှာ ဟုတ်လို့ လဲ အမေရယ်။
သားတို့ ကိုလာကြည့်စမ်းပါ။
သူလုပ်နိုင်ခဲ့တာ သူ့ နိုင်ငံကွက်ကွက်လေးပဲ
သူ့ ကိုလေးစားပေမယ့်ကျွန်တော်တို့ အတွက်တော့ သူက
သမိုင်းတင်လောက်အောင် မစွမ်းသေးပါဘူးအမေရယ်။
လူ့ အဖြစ်က ရခဲတယ်ဆို။
ရခဲ တာပဲ ကောင်းပါတယ် အမေ။
ကျွန်တော် လူမဖြစ်ချင်တော့ဘူး။
ကျွန်တော် ငှက်တွေကို ငေးကြည့်မိတယ် အမေ။
ငှက်အချင်းချင်း အမျိုးအနွယ်မတူလို့ ရက်စက်ကြတာမရှိဘူးအမေ။
ငှက်တွေမှာ ပြည်တွင်းစစ်မရှိဘူး။
ငှက်တွေမှာ ဘာသာရေး အဓိကရုဏ်းတွေ မရှိဘူး။
ငှက်တွေမှာ ကိုယ့်အသိုက်အမြုံကို ဗိုလ်ကျပြီး အတင်းရွှေ့ ခိုင်းတာမျိုး မရှိဘူး။
ငှက်တွေ ကံဆိုးမိုးမှောင်ကျပြီး လှောင်အိမ်ထဲမှာ နေရရင်တောင်
သူတို့ သခင်က သူတို့ ကို အချစ်နဲ့ လှောင်ထားတာ။
ကျွန်တော်တို့ ကတော့ အမုန်းနဲ့ လှောင်ထားခြင်းခံရတယ်။
မေတ္တာ အရမ်းငတ်တယ် အမေရယ်။
ကမ္ဘာ့ ခေါင်းဆောင်တွေကလည်း
ကျွန်တော်တို့ ငိုသံတွေ ဘယ်လောက်ကျယ်ကျယ်
အမျိုးသား အကျိုးစီးပွါးဆိုတဲ့ စကားလုံးအောက်မှာ
နားမကြားကြဘူး ထင်ပါရဲ့ ။
လူ့ အခွင့်အရေးဆိုတဲ့ ပန်းဟာ
ဖိနှိပ်သူတွေရဲ့ နှုတ်ခမ်းမှာ မပွင့်ဘူး အမေ။
ကျွန်စနစ်ဟာ
စာရွက်ပေါ်မှာတောင်မှ
မပပျောက်သေးပါဘူး အမေရယ်။

(ကောင်းကင်ကို)

Read more...

Sunday, August 16, 2009

ခြေရာပျောက်

kmkz-poem

စလယ်ဝင်အိုးထဲမှာ
ထမင်းသိုးတာလည်း များခဲ့ပြီ။

သစ်ရွက်တွေ လေတိုးလို့
ယိုးတိုးရိပ်တိတ် ဖြစ်ရင်တောင်
ယောင်ယောင်ပြီး ခေါ်မိပါရဲ့။

ဆယ်ရက်တဲ့
ကွမ်းသီးလုံးတွေပေါ်
ထုံးကွင်းပြီး မှတ်ခဲ့ရ။

မှတ်မှတ်ရရ ရှိပါတယ်
လဆန်းရက် တည
ခွေးဟောင်သံတွေ ကြားရ
စစ်ဖိနပ်သံတွေ ကြားရ
ပြေးလွှားသံတွေ ကြားရ
အဲဒီညမှာ
အဖိုးကြီးကို ခေါ်သွားတာပါ။

နေ့နေ့ညည
အတက်အဆင်းတွေ ကြမ်း
အလေးအပင်တွေ ထမ်းပြီး
ပမ်းဖျားများ ဖျားနေမလား။

ခါးဝတ် ခါးစား
ခြုံစောင်ပါးပါးနဲ့
ပန်းနာ ရင်ကြပ်
အသက်ရှူမှ ၀,ပါ့မလား။

ဒူးဆစ်တွေ မခိုင်ဘဲ
အယိုင်ယိုင်အလဲလဲ ဖြစ်ရင်လည်း
အဆဲအဆို စက်ကွင်းက လွတ်ကင်းပါရဲ့လား။

တနေ့တနေ့
တံစက်မြိတ်ဝက
ပုံရိပ်ကိုဘဲ တထိတ်ထိတ်နဲ့ မျှော်ခဲ့ရ။

အဖိုးကြီးရဲ့
ဆယ်ရက်ခရီး
ထုံးကွင်းပြီး ကွမ်းသီးတွေလည်း
ပလိုင်းကြီးတလုံး ပြည့်တော့မယ်။ ။

ခိုင်မာကျော်ဇော

ခိုင်မာကျော်ဇော ၏ ပလိုင်းအိမ်နှင့် လူ့အခွင့်အရေးကဗျာများ မှ ပြန်လည်ဖော်ပြခြင်း ဖြစ်ပါသည်။

Read more...

၃၃၊၂၊၂၂


အဖမဲ့သား ရေနည်းငါး
အမိမဲ့သား ကျွန်နင်းပြား
အိမ်မှာ မပျော် မနေ နိုင်ဘု....
ပထွေး နဲ့နောက်မယား
သူ့နောက်ပါ (ခွေး)တွေ
ဘုရားခန်း မှာ(ချေး) ချီးပါ
အစဉ်အလာရိုက်ချိုး
ထင်ရာစိုင်း စောက်ရမ်းမိုက်ရိုင်းတာ
ကိုယ်တော်တွေကို စော်ကားရိုက်နှက်သတ်ဖြတ်ခိုင်းပါလို့
ရာဇ၀င်တွင်အောင် ကမ်းကုန်ရိုင်း
သိကြားရိုက်တဲ့နာဂစ်မုန်တိုင်းသက်သေရှိတယ်။

အဖမဲ့သား ရေနည်းငါး
အမိမဲ့သား ကျွန်နင်းပြား
အိမ်မှာ မပျော် မနေ နိုင်ဘု ...
ပညာမဲ့ ချီးဦးနှောက်
ငရဲကို မကြောက်
ပညာတတ်ကျုပ်တို့ကို
တန်ဖိုးမထား
၂ပဲ၆ပြားပေးပါ လို့
ခေါ်လေလျှင် အရှင် လို့ထူး
မော်ဖူးရမတဲ့
ခေါ်ရင်လာ၊ခိုင်းရင်လုပ်
ထားရာနေ၊ စေရာသွား
ခိုးမစားတတ်တဲ့
ခေတ်ပညာတတ်နောက်ဆုံးပေါ်အကျဉ်းသာ
တောကြို အုံကြားမဲဇာ မြောင်ကြား
ခွေးသေ၀က်သေ၊ သေချင်သေ
ငါ့သွေးငါ့သားအရင်းမဟုတ်
စာရင်းထဲကအသာထုတ်
ကျီးထိုးထိုးခွေးစားစား
သူတို့စေရာလုပ်လင့်ကစား
တာဝန်မယူရေးချမယူဆိုပါလား
နာနာကြဉ်းကြဉ်းပေါက်ကွဲမိတယ်

အဖမဲ့သား ရေနည်းငါး
အမိမဲ့သား ကျွန်နင်းပြား
အိမ်မှာ မပျော် မနေ နိုင်ဘု...
ဒီဗေဒင်ရူးဘုရင်ရူးနဲ့
နောက်လိုက်ခွေးသား
ဆွေတစ်နွားအား
စောက်ရူး၊ကလေ၊ဖါသည်တွေနဲ့
ကပ်ဖါးကုလား၊တရုတ်ဆိုးများသာ
ဒူးထောက်ခယ၊အဘ အဘ
အလစ်ဖင်ချ၊ ပွဲလန့်ဖျာခင်း
အိမ်တိုင်ချွတ်ရောင်း
မြေနိမ့် လှံစိုက်၊ ပြိုင်မ မိုက်နဲ့
အေးဆေးခေါင်းငိုက်
ပညာရှိပီသ
ပါးစပ်ပိတ်နှုတ်ဆိတ်နေလိုက်ကြ
အဘနဲ့သိတယ်၊
စွမ်းအားရှိတယ်
ကိုက်ခိုင်းလိုက်မယ်
ဘာမှတ်သလဲ..ဆို..ဆိုဘဲ
ပြိုလဲယိုရွဲယိုင်လဲလုလု တို့အိမ်ကိုကြည့်
ရင်ထုမနာ
အံကို တင်းတင်းကြိတ်ခံပြင်းမိတယ်။

အဖမဲ့သား ရေနည်းငါး
အမိမဲ့သား ကျွန်နင်းပြား
အိမ်မှာ မပျော် မနေ နိုင်ဘု ...
အများနဲ့တစ်စု
ခွေးရူးနဲ့လူကောင်း
့အားမတန်မာန်လျော့
နေနှင့်ဦးပေါ့
အိမ်ကိုစွန့်ခွါ
တစ်ပြည်တစ်ရွာ
မပျော်ပိုက်လည်း
မျက်နှာအောက်ချ
သခင်ကောင်းရှာ
မိတ်ကောင်းရှာ
ခေတ္တခဏ ကျွန်နင်းပြား လုပ်
ခြေကုပ်ရ ယူ
နလံထူ မှ
စနစ်တကျ
နရီအံကျ
ငါတို့အကြောင်းပြမယ်
နင်တို့ကိုချေမှုန်းအမြစ်ဖြုတ်ဖို့
၃၃၊၂၊၂၂ ဥာဏလှိုင်းနဲ့ပြန်ခဲ့မယ်။

ခေတ်ပညာတတ်အကျဉ်းသား

သူရိယက ကူးယူပါသည်။


Read more...

Tuesday, August 11, 2009

သူလိုကိုယ်လိုကောင်

မျိုးမြင့်ချို


Tuesday, June 16, 2009



“သူလိုကိုယ်လိုကောင်”

ဘဝမှာ
ပြောစရာ
များများစားစားမရှိပါဘူး

သူလိုကိုယ်လို
ထောင်လေးဘာလေးကျဖူးတယ်
သူလိုကိုယ်လို
တော်လှန်ရေး ဘာညာပြောတယ်

သူလိုကိုယ်လို
လက်မထောင်တယ်
သူလိုကိုယ်လို
နိမ့်ရာကို လှံစိုက်တယ်

သူလိုကိုယ်လို
ဟင်းဖတ်လည်း ပါပါပေးတယ်
သူလိုကိုယ်လို
ပါးလည်းပြောင်တယ်

သူလိုကိုယ်လို
ပျော့ညံ့တယ် ပျော့ပျောင်းတယ်
သူလိုကိုယ်လို
တည်ငြိမ်တယ် တွေဝေတယ်

သူလိုကိုယ်လို
ကာလာမသုတ္တံနဲ့ ဝိဘဇ္ဇဝါဒကိုကိုက်တယ်
သူလိုကိုယ်လို
ဥခွံဟောင်းနဲ့ ကလီရှေးကို နှစ်ခြိုက်တယ်

သူလိုကိုယ်လို
ပိယေဟ ဝိပယောဂေါ ဒုက္ခော
သူလိုကိုယ်လို
အပိယေဟိ သံမယုတ္တကော ဒုက္ခော

သူလိုကိုယ်လို
သူလိုကိုယ်လိုနဲ့
သူလိုကိုယ်လိုတွေချည်းပါပဲ

ဒါပေမယ့်
မင်းသားခေါင်း မဆောင်းဖူးဘူး
ဧည့်ခန်းဆောင်မှာ
ယဉ်ကျေးယောင် မဆောင်ဖူးဘူး
မယုံတာကို ယုံတယ်လို့
ယုံတာကို မယုံဘူးလို့ မပြောဖူးဘူး

အသေချာဆုံးကတော့
ရန်သူစစ်စစ်နဲ့
မိတ်ဆွေစစ်စစ်ကိုရှာရင်း
ဆင်းရဲတွင်းကို မရှောင်ဖူးဘူး

အင်း…
ပြောရင်း ပြောရင်းနဲ့
သူလိုကိုယ်လို
သူလိုကိုယ်လိုနဲ့
သူလိုကိုယ်လိုကောင်
မောင်းတင်လိုက်ပြန်ပေါ့

မျိုးမြင့်ချို

Read more...

Monday, August 3, 2009

အောင်ဆန်းဇာနည် ကဗျာ

အောင်ဆန်းဇာနည်

ဖေဖော်ဝါရီ ၁၃ မှာ
ဗိုလ်ချုပ်မွေးနေ့ပါ၊
တထောင့်ကို တဆယ့်ငါး
ရှေ့နေ ဦးဖာသား၊
ဇာတိ နတ်မောက် မကွေးခရိုင်
သိကြများခုတိုင်၊
ကြံ့ကြံ့ခိုင်တဲ့ ဇာနည်ဘွား
မိခင် ဒေါ်စုသား၊
တထောင့်ကိုးရာ လေးဆယ့်ခွန်
ပြောင်းကြွ တမလွန်၊
မျက်ရည်ဖြိုင်လို့ ဘ၀င်ညှိုး
ဇူလိုင် တဆယ့်ကိုး။
ပြည်ထောင်စုရဲ့ ကျေးဇူးရှင်
ဗိုလ်ချုပ် တို့ဖခင်၊
ကောင်းစေချင်တဲ့ မှာစကား
ငါတို့ မမေ့အား။
ပြည်ထောင်စုရေး ကြိုးပမ်းဆောင်
ပြည်ချစ် တို့ခေါင်းဆောင်
ဆိုရှယ်လစ်ဘောင် လမ်းစဉ်များ
ဗိုလ်ချုပ် ချမှတ်သွား။

Read more...

Thursday, July 30, 2009

ကဗျာလေးများ

Tuesday, July 28, 2009

အာဇာနည်ဗိမာန် လေးချိုးကြီး

ပြီးခဲ့တဲ့ အာဇာနည်နေ့က မဲဆောက်က ရွှေ့ပြောင်းအလုပ်သမား ညီအကို မောင်နှမတွေနဲ့ အတူ အာဇာနည်ကြီးများအား အောက်မေ့ဘွယ် စကားဝိုင်းလေးတခု လုပ်ဖြစ်ပါတယ်။ အဲဒီမှာ ကျနော်ကတော့ ကဗျာဆရာပီပီ ဆရာကြီး သခင်ကိုယ်တော်မှိုင်းရဲ့ အာဇာနည်ဗိမာန် လေးချိုးကြီးကို လှိုက်လှိုက်လှဲလှဲ ရွတ်ပြမိခဲ့ပါတယ်။ နောက်တော့ ဒါလေးကို အသံဖိုင်လုပ်ပြီး ဘလော့က အပေါင်းအသင်းတွေကို ဝေမျှဖို့ ကြိုးစားခဲ့ပေမယ့် နည်းပညာ အခက်အခဲနဲ့ ၀ိရိယ အားနည်းမှုကြောင့် အခုမှ တင်ဖြစ်တာပါ။ အခုလို တင်ဖြစ်အောင် အကူအညီပေးခဲ့တဲ့ ဘလော့သူငယ်ချင်းတဦးကိုလည်း ဒီနေရာနေ ကျေးဇူးစကား ဆိုလိုက်ပါတယ်။ ချမ်းမြေ့ကြပါစေ။




ko wA01.MP3 -

Wednesday, May 13, 2009

မေ၏အပြုံး

နှင်းခါးမိုး



(၁)
သွေ့မြေမှာ
ယောင်းရွက်တို့ ရုန်းရင်းဆန်ခတ်
ဇွန်မှာရွာဖို့
ဧပြီ အပူငွေ့တွေ
အရည်ဖွဲ့ခဲ့
မုန်တိုင်းခြေအကြွ
သစ်ရွက်သစ်နံ့ရတယ်။

(၂)
ဗောဓိညောင်ခြေ သွန်းတဲ့ရေ
လေးသံမြားသံ စဲပါစေ
သပြေရွက်ပေါ်မှာတော့
အိပ်မက်မိုးစက်ကလေးတွေ။

(၃)
ဖုန်ထူထူ လူသွားလမ်းကလေး ဘေးက
သားမွေးမယ့်မြက်တို့ရဲ့
နွေလည်နေ ပုံပြင်များကိုမူ
မေသည် စကားဖွဖွ ဆိုလေ၏။ ။

Tuesday, May 12, 2009

ပန်းစိုက်တဲ့မိုးရေစက်

နှင်းခါးမိုး


သူများလို
စကားလုံးကြီးတွေ
ထူထူထဲထဲ မြည်သံစွဲကြီးတွေမပါ
“ကိုယ့်အသက်ကလေးကိုယ် ကြံဖန်မွေးရအောင်လို့
ရောက်လာတာပါ”တဲ့။

ရောက်တော့လည်း ရောက်သလို
မြင်တော့လည်းမြင်သလို
ကြည်ကြည်လင်လင် သူစီးဆင်းခဲ့တယ်၊

ခုတော့ ခမျာ
ခြေတလှမ်းနောက်ကျခဲ့ရ။
ပူပူပန်ပန်ဆုပ်ကိုင်ထားရက်က
အမှတ်တမဲ့ လွတ်ထွက်သွားခဲ့ပေါ့
သူ့အသက် သူ့လက်ထဲက။

မမြင်ရတဲ့တန်းစီဇယားထဲ
ငါ့ရှေ့က ငါ့သူငယ်ချင်းများ
ငါတို့ရှေ့က ငါတို့သူငယ်ချင်းများ
ခင်မင်မှုကို
စကားလုံးတွေနဲ့ဖူးပွင့်မပြခဲ့ပါ
ရှင်သန်မှုကိုလည်း
ခွက်ရေနဲ့ မတွက်စေခဲ့ပါ။

ဒီလိုတွေးကြည့်တယ်
ဘေဘီလုံဥယျာဉ်ကို
တရက်တည်းနဲ့ပြီးစီးခဲ့တာမဟုတ်သလို
တယောက်တည်းနဲ့တည်ဆောက်ခဲ့တာမဟုတ်။

ဥယျာဉ်တံခါးဖွင့်ရင်တော့
အားလုံးကို ၀င်ခွင့်ပြုပေလိမ့်။

ထိုအခါ
ကိုယ်နှစ်သက်ရာသစ်ရိပ်၌
နားခိုနိုင်ကြစေ။
မိုးရွာပြီးစမြက်ခင်းပြင်ပေါ်
ကိုယ့်အသက်ကလေးနှင့်ကိုယ်
နေစာလှုံဆော့ကစားနိုင်ကြစေ။ ။


ဒီကဗျာက လွန်ခဲ့တဲ့လေးနှစ်ကျော်လောက် ပုသိမ်က ကျောင်းဆရာလို့ ချစ်တဲ့သူတွေကခေါ်ကြတဲ့ ကိုအောင်မျိုးထွေး မထင်မှတ်ပဲ ဆုံးသွားတုန်းက၊ ပေါင်းသင်းခင်မင်ခဲ့ရတဲ့ ကာလတိုတောင်းပေမယ့် ရင်ထဲအမှတ်ထင်ထင်ဖြစ်ခဲ့ရတဲ့ သူရဲ့ တည်ငြိမ်အေးဆေးတဲ့ ဘ၀နေဟန်ပုံစံနဲ့ စိတ်ဓါတ်ကို ကြေကွဲလွမ်းဆွတ်မိရာက ရေးဖြစ်ခဲ့တာပါ။ ဒီတုန်းက ခေတ်ပြိုင်မှာ ဖေါ်ပြခဲ့ဘူးပါတယ်။
ခု ဘလော့ဂါသူငယ်ချင်းတယောက်က ရှာဖွေပို့ပေးပြီး ဘလော့ပေါ်တင်ဖို့ တိုက်တွန်းလို့ ကျေးဇူးတင်စွာနဲ့ စာမျက်နှာပေါ် ပြန်တင်ဝေငှလိုက်ပါတယ်။
ကုန်ဆုံးခဲ့တဲ့နေ့ရက်တွေ၊ ပြီးဆုံးခဲ့တဲ့အဖြစ်အပျက်တွေ၊ ခွဲခွာခဲ့ရတဲ့ခင်မင်သူတွေကို လွမ်းဆွတ် အမှတ်ရခြင်းမှာ ကျနော်တို့ရဲ့ တချို့ဘ၀အဓိပ္ပါယ်တွေ အမှန်တကယ်ပါဝင်နေခဲ့ပါတယ်။

Saturday, May 2, 2009

လွမ်းပိုး

အနော်မာ

photo by blog.macroart.net


ငှက်ပိုး၊ နွားပိုးပြီးတော့
ဝက်ပိုး တဲ့ဗျာ၊

ထပ်တိုးဦးမယ့် ဆုတ်ကပ်တွေ
ကပ်စုပ်သွားတိုင်း သန်းနဲ့ ချီ၊

ဘဒ္ဒငိုသံ
သြော်
သွေးတွေ
သွေးတွေ၊

ကျွန်းဆေးသံလိုလို၊

စာရိတ္တလမ်းပျက်တွေပေါ်
ဒန်းပင်ကို ပုခက်ဆင်ချိန်ရောက်ပြီလား
ငါ့ကလေးတွေ ဘားဆွဲခိုင်းအုန်းမှ၊

သီလညစ်ညစ် ဗွက်တွေရှောင်ရင်း
ဒီနေ့ ဘာဝယ်ရရင်ကောင်းမလဲ ဈေးမှာ
ကြက်၊ ဘဲ၊ အမဲ၊ ၀က်တော့ သွားရှာပြီ။

မ သာဓု
မ သာဓု
မ သာဓု

သာဓုမရေ....
ရွာနဲ့ နင့်အိမ်နောက်ဖေးက
ချဉ်ပေါင်ခင်းတွေ
လွမ်းတယ်။ ။

၂၉.၄.၀၉(၄း၁၅ am)

Saturday, April 25, 2009

သစ်ခွစိုက်မယ့်သူ

နှင်းခါးမိုး













အခန်းကလေးတခန်းရတယ်
ခင်မင်သူတွေနဲ့မလှမ်းမကမ်းမှာ
ရန်လိုမုန်းတီးသူတွေနဲ့ မနီးမဝေးမှာ။

အခန်းကလေးတခန်းရတယ်
ဆူညံတဲ့လမ်းတခုရဲ့ဘေးမှာ
တိတ်ဆိတ်တဲ့ခြံဝင်းတခုနဲ့ကပ်ရက်မှာ။

အတွေးထဲတကိုယ်တည်းခိုလှုံဖို့
စိတ်လိုရင် တေးကလေးတပိုင်းတစသီဖို့
နေ့မှာ မျက်နှာကြက်ပန်ကာနဲ့
ညမှာ လေအေးစက်နဲ့
အခန်းကလေးတခန်းရတယ်။

အခန်းကလေးတခန်းရတယ်
မိုးလင်းတာနဲ့ နေရောင်က
ကုတင်ပေါ်ခုန်ဝင်တယ်
ရေချိုးခန်းထဲမှာ
ညကပေကျံခဲ့တဲ့အညစ်အကြေးတွေကိုဆေးတယ်
ရပ်ကွက်လမ်းကြားလေးထဲကမုန့်ဟင်းခါးဆိုင်ဆီ
စက်ဘီးကလေးစီးပြီးသွားတယ်
ကျနော်အပြင်ထွက်တိုင်း သော့ခလောက်တန်းလန်းနဲ့ကျန်ခဲ့။

ဖြစ်ချင်တော့ အခုပဲလက်ဖက်ရည်ဆိုင်က
ပြန်ရောက်တယ်
မနေ့ညကမထိုင်ဖြစ်ခဲ့တဲ့ခုံအလွတ်ကလေးတလုံးက
ကျနော့်အခန်းကလေးထဲမှာ
စောင့်လို့
အရင်ဘ၀ကတည်းကစောင့်နေခဲ့တာတဲ့
ကျနော်ဆွံ့အခဲ့ပါတယ်။

အခန်းကလေးတခန်းရတယ်
စိတ်မကောင်းတဲ့အခါ
အပြင်ကိုထွက်ငေးလို့ရတဲ့ဝရန်တာကလေးနဲ့၊
အခုမှသတိရတယ်
သစ်ခွအိုးလေးတွေ ဟော့ဒီနေရာမှာချိတ်ဆွဲမယ်
ညနေခင်းတိုင်းရေလောင်းပေးမယ်
ပထမဆုံးပွင့်တဲ့ပန်းကလေးကိုတော့
သူ့ဆီရောက်အောင်ပို့ပေးအုန်းမယ်လို့။


(ကိုနှင်းခါးမိုး ဘလော့ဘ်မှ့ တဆင့် ကူးယူဖော်ပြမိပါသည်)

Read more...
ခင်မင်ရသောသူများ ညစဉ် ဆက်ဆက်လာနော်။ မိတ်ဆွေများ နေ့စဉ် ဆက်ဆက်လာနော် လာရောက်လည်ပတ်သူများကို ကျေးဇူးတင်ပါတယ်။

About This Blog

Lorem Ipsum

ကဲဘယ်နိုင်ငံမှာ ဘယ်နှစ်နာရီထိုးပြီလဲ

ပြောပြီးပြန်လဲရပါတယ်တခုခုတော့ပြောခဲ့ပါ

ဇော်ဂျီဖောင့် ကွန်ဗက်စ်တာလေးပါ















Web
youthnetworks








  © Blogger templates Newspaper III by Ourblogtemplates.com 2008

Back to TOP