Facebook Badge

Showing posts with label ရုပ်ရှင်အညွှန်း. Show all posts
Showing posts with label ရုပ်ရှင်အညွှန်း. Show all posts

Monday, August 31, 2009

Inglorious Basterds (ရုပ်ရှင်အညွှန်း)


Print E-mail
တနင်္လာနေ့၊ သြဂုတ်လ 31 ရက် 2009 ခုနှစ် 15 နာရီ 18 မိနစ်


Inglorious Basterds အမည်ရှိ ဇာတ်ကားကို Kill Bill, Sin City, Death Proof (Grind House), Pulp Fiction ရုပ်ရှင်ဇာတ်ကားများဖြင့် နာမည်ကျော်တယောက် ဖြစ်လာသည့် ဒါရိုက်တာ ကွာတင်တာ ရန်တီနိုက ကိုယ်တိုင် ဇာတ်လမ်း ဇာတ်ညွှန်းရေးသား၍ ရိုက်ကူးထားသည်။

ဘရက်ပစ်၊ အယ်လီ ရောတ်၊ ပြင်သစ်မင်းသမီး မယ်လိန်း လောရန့်၊ ဂျာမန်သရုပ်ဆောင် ဒိန်း ခရော်ဂျာ (Troy) နှင့် သြစတြီးယား သရုပ်ဆောင် ခရစ်စတိုဖာ ဝေါဇ်တို့ ပါဝင်သရုပ်ဆာင်ထားသည်။

ယခုနှစ် မေလတွင် ကျင်းပခဲ့သည့် ပြင်သစ်နိုင်ငံ ကိန်း(စ်) ရုပ်ရှင်ပွဲတော်၌ Inglorious Basterds ဇာတ်ကားလည်း ပါဝင်ပြသခဲ့သည်။ ထိုဇာတ်ကားတွင် ဂျူးလူမျိုးများအား ဖမ်းဆီးသတ်ဖြတ်သည့် ဂျူးမုဆိုး ဂျာမန် SS ဗိုလ်မှူးကြီး ဟန်စ်လန်ဒါအဖြစ် သရုပ်ဆောင်သည့် ခရစ်စတိုဖာ ဝေါဇ်က အကောင်းဆုံး အမျိုးသား သရုပ်ဆောင်ဆု ရရှိခဲ့သည်။ (Inglorious Basterds သည် ကိန်း(စ်) ရုပ်ရှင်ပွဲတော်၌ ပထမဆုံးအကြိမ် အကောင်းဆုံး သရုပ်ဆောင်ဆု ဆွတ်ခူးနိုင်ခဲ့သည့် အမေရိကန် ဇာတ်ကားဖြစ်သည်။)

၁၉၄၁ ခုနှစ် နွေဦးရာသီတွင် ပြင်သစ်နိုင်ငံ၏ ပိုင်နက်အချို့ကို နာဇီဂျာမဏီ သိမ်းပိုက်ထားသည့် ကာလဖြင့် ထိုရုပ်ရှင်ဇာတ်ကားကို စဖွင့်သည်။

Inglorious Basterdsပြဲလ ပဒိုက်ဆိုသည့် သမီး ၃ ယောက်၏ဖခင် ပြင်သစ်လူမျိုး မွေးမြူရေးသမားကြီးမှာ စိတ်ထားကောင်းမွန်သူ ဖြစ်သည်။ တနေ့တွင် ပြင်သစ်ပြည် အနောက်ပိုင်းရှိ သူနေထိုင်ရာ လယ်တောအိမ်လေးသို့ ဂျူးမုဆိုး (The Jew Hunter) ဟု နာမည်ကြီးသည့် ဂျာမန် SS တပ်မှ ဗိုလ်မှူးကြီး ဟန်စ်လန်ဒါ ရောက်ရှိလာခဲ့သည်။

နွားနို့ အလွန်ကြိုက်သည့် ထိုဗိုလ်မှူးကြီးက ပြဲလ ပဒိုက် တည်ခင်းဧည့်ခံသည့် နွားနို့ကို သောက်ရင်း ပဒိုက် ဖွက်ပေးထားသည့် ဂျူးမိသားစု အကြောင်းကို စုံစမ်းမေးမြန်းလေသည်။

ပထမတွင် ကိုယ်ချင်းစာစိတ်ရှိသော ပြင်သစ်နို့ချက်သမားကြီးက သူမသိကြောင်း ငြင်းဆန်သေးသည်။ စစ်ကြောရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး အတွေ့အကြုံကြွယ်ဝသည့် နာဇီဂျူးမုဆိုး၏ ချောင်ပိတ်၍ ချော့တလှည့် ခြောက်တခါ မေးမြန်းသည့်အခါ ပဒိုက်လည်း ဂျူးမိသားစုကို သူထိုင်နေသော နေအိမ်၏ မြေအောက်ခန်းတွင် ဝှက်ပေးထားကြောင်း စိတ်မကောင်းစွာဖြင့် ထုတ်ပြောလိုက်ရသည်။

ဂျူးမုဆိုး နာဇီ လန်ဒါက သူ၏ လက်မရွံ့တပ်သားများကိုခေါ်၍ မြေအောက်ခန်းကို စက်သေနတ်ဖြင့် ဆက်တိုက်ပစ်ရာ ဂျူးမိသားစုအားလုံး သေဆုံးကုန်၍ ဆယ်ကျော်သက်အရွယ် သူတို့၏ သမီးဖြစ်သူ ဂျူး-ပြင်သစ် ကပြားမလေး ရှော်ဆနာ ဒရေးဖတ်စ်သာ ထွက်ပြေးလွတ်မြောက်သွားခဲ့သည်။ ဂျူးမုဆိုး လန်ဒါက သူ၏ ပြောင်းတိုသေနတ်ဖြင့် ထွက်ပြေးသွားသော လန်ဒါကို ပစ်ရန် ကြံရွယ်သေးသော်လည်း ခြေဗလာဖြင့် အဝေးဆုံးရောက်အောင် ပြေးနေသော ရှော်ဆနာ ရှိရာသို့ လန်ဒါ၏ ကျဉ်ဆံ မရောက်နိုင်တော့ချေ။

အမေရိကန်ကြည်းတပ်၏ အထူးတပ်ရင်းမှ တင်နက်ဆီပြည်နယ်သား ဒုဗိုလ် အယ်ဒိုရိန်း ဦးဆောင်သည့် ဂျူး-အမေရိကန်နွယ်ဖွား တပ်သား ၈ ဦးပါ Basterds အမည်ရှိ အဖွဲ့မှာ နာဇီတပ်ဖွဲ့မှ အရေးပါသည့် ဗဟို အမိန့်ပေးအဖွဲ့ကို ချေမှုန်းရန်အတွက် ဂျာမန်တို့ သိမ်းပိုက်ထားသည့် ပြင်သစ်နိုင်ငံတွင်းသို့ မြေအောက်တပ်ဖွဲ့ အနေဖြင့် စိမ့်ဝင်ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။

နာဇီ စစ်ရာဇဝတ်ကောင်များကို ရက်ရက်စက်စက် သုတ်သင်တတ်သည့် Basterds အဖွဲ့သားများမှ နာဇီတယောက်ကို သုတ်သင်ပြီးလျှင် ဦးခေါင်းအရေပြားခွံကို ဖြတ်ယူထားကြသည်။ အဖွဲ့၏ ခေါင်းဆောင် အယ်ဒိုရိန်းကလည်း သူ၏ တပ်သားများကို တယောက်လျှင် နာဇီဦးခေါင်း အရေခွံ ၁ဝဝ စီ ရရှိစုဆောင်းထားရန် အမိန့်ပေးထားသည်။

အဖွဲ့ ဒုတိယခေါင်းဆောင် တပ်ကြပ်ကြီး ဒိုနိုဝဇ်မှာ ဘော်စတွန်မှ နာဇီမုဆိုးတဦးဖြစ်ပြီး ဂျူးဝက်ဝံ (The Bear Jew) ဟု အမည်တွင်သည်။ နာဇီ စစ်ဗိုလ်များအား သူ၏ ဘေ့စ်ဘောတုတ်တံဖြင့်ရိုက်နှက်သတ်ဖြတ်သည်။ ဒိုနိုဝဇ်အဖြစ် ကွာတင်တာရန်တီနို၏ သူငယ်ချင်းဖြစ်သူ Cabin Fever နှင့် The Hostel ဇာတ်ကားများကို ရိုက်ကူးခဲ့သူ ဒါရိုက်တာ Eli Roth က သရုပ်ဆောင်သည်။ (Inglorious Besterds ဇာတ်ကားထဲရှိ ဂျာမန်ဇာတ်ကား (Film Within a film ) A Nation’s Pride အမည်ရှိဝါဒဖြန့်ချိရေး ဇာတ်ကားကို Eli Roth က ရိုက်ကူးထားခြင်း ဖြစ်သည်။

၁၉၄၄ ခုနှစ်တွင် ပြင်သစ်နိုင်ငံ ပါရီမြို့၌ အီမန်နျူယာလ် မီမီယာလ်ဆိုသည့် အမျိုးသမီးငယ်လေးမှာ ရုပ်ရှင်ရုံပိုင်ရှင် ဖြစ်သည်။ အီမန်နျူယာလ်မှာ လွန်ခဲ့သည့် ၄ နှစ်ခန့်က သူမ၏ ရှေ့မှောက်တွင်ပင် နာဇီတို့၏ လက်ချက်ကြောင့် မိဘများ သေဆုံးခဲ့ရပြီး၊ သူမကိုယ်တိုင်လည်း ကံကောင်းထောက်မစွာ အသက်ရှင် ကျန်ရစ်ခဲ့သည့် ဂျူး-ပြင်သစ် ကပြားမလေး ရှော်ဆနာ ဒရေး ဖတ်စ် ဖြစ်သည်။ ပါရီတွင် ပြင်သစ်သူ အီမန်နျူယာလ်အဖြစ် ဇာတ်မြှုပ်နေထိုင်ရင်း ရုပ်ရှင်ရုံ ဖွင့်လှစ်ထားသူ ဖြစ်သည်။

တနေ့ သူမ၏ ရုပ်ရှင်ရုံသို့ လက်ဖြောင့်တပ်သား တဖြစ်လဲ ဂျာမန်သရုပ်ဆောင် ဖရက်ဒရစ် ဇိုလာ ရောက်ရှိလာသည်။ ဇိုလာက သူပါဝင်သရုပ်ဆောင်ထားသော ဇာတ်ကား၏ ပွဲဦးထွက် မိတ်ဆက်ပွဲ (Premiere Show) ကို အီမန်နျူယာလ် (ရှော်ဆနာ) ၏ ရုပ်ရှင်ရုံ၌ ကျင်းပခြင်းသည်။ ဇိုလာက အီမန်နျူယာလ်ကို မေတ္တာသက်ဝင်သည်။ အီမန်နျူယာလ်ကတော့ မဝေးသော အတိတ်က မေ့မရနိုင်သော ဖြစ်ရပ်များကြောင့် ခပ်စိမ်းစိမ်းပင် နေခဲ့သည်။ (ဇိုလာမှာ အီတလီတွင် အမေရိကန် စစ်သား ၃ဝဝ ကျော်ကို ဇီဝိန်ခြွေနိုင်ခဲ့သော သူရဲကောင်း လက်ဖြောင့်တပ်သားအဖြစ် နာမည်ကြီးနေသူဖြစ်သည်။ အမေရိကန် စစ်သားများကို ပစ်သတ်နိုင်ခဲ့သည့် ဇိုလာ၏ အကြောင်းကို A Nation’s Pride အမည်ရှိ ဝါဒဖြန့်ချိရေး ဇာတ်ကားရိုက်ကူးထားကာ ထိုဇာတ်ကားတွင် သူကိုယ်တိုင် သရုပ်ဆောင်ထားသည်။)

Inglorious Basterdsတညတွင်မူ ဇိုလာက အီမန်နျူယာလ်နှင့် နာဇီဝါဒဖြန့်ချိရေးကျွမ်းကျင်သူ ဂိုဘယ်တို့အား တွေ့ဆုံပေးသည်။ ဂိုဘယ်၏ သဘောတူညီချက်ဖြင့် ဇိုလာမှာ သူ၏ ပရီမီယာရှိုးကို အီမန်နျူယာလ်၏ ရုပ်ရှင်ရုံ၌ ပြသခွင့် ရရှိခဲ့သည်။ ဂိုဘယ်နှင့် တွေ့သည့် ညမှာပင် သူမ၏ မိဘများကို သတ်ပစ်ခဲ့သည့် နာဇီအရာရှိ ဟန်စ် လန်ဒါနှင့်လည်း ဆုံဆည်းခဲ့ရသည်။

ရုပ်ရှင်ရုံသို့ ပြန်ရောက်သည့်အခါ ပြစက်မောင်းသူ (သူမ၏ ချစ်သူ) မာဆေးအား သူမ၏ ရုပ်ရှင်ရုံတွင် နာဇီဇာတ်ကား ပြသမည်ဖြစ်ပြီး နာဇီ ထိပ်တန်းခေါင်းဆောင်များ လာရောက်၍ ရုပ်ရှင်ကြည့်မည့် အကြောင်းနှင့် ထိုနာဇီများအား သူ့အနေနှင့် လက်စားချေခွင့် ကြုံပြီဆိုသည့် အကြောင်းကို ဖွင့်ဟတိုင်ပင်သည်။ မာဆေးကလည်း သူမ၏ လက်စားချေရေး အစီအစဉ်တွင် သူလည်း ပါဝင်ကူညီမည်ဟု ကတိပြုသည်။

ပါရီရှိ တည်းခိုခန်းငယ်တခု၏ မြေအောက်ဘားထဲတွင် ဂျာမန်သရုပ်ဆောင်မင်းသမီးနှင့် နှစ်ဖက်ချွန်သူလျှို ဖြစ်သူ ဘရစ်ဂျက်နှင့် နာဇီ အရာရှိဟန်ဆောင်ထားသော ဗြိတိသျှစစ်ဗိုလ် ဟစ်ကော့တို့ တွေ့ဆုံကြသည်။ ဗြိတိသျှ အရာရှိများကလည်း နာဇီခေါင်းဆောင်များ ပါရီရှိ မီမီယာလ် ရုပ်ရှင်ရုံတွင် ရုပ်ရှင်လာကြည့်စဉ် သုတ်သင်သတ်ဖြတ်မှုများ ပြုလုပ်မည့် Basterds အဖွဲ့ကို အကူအညီပေးရန် စီစဉ်ထားသည်။

နာဇီယောင်ဆောင်ထားသော Basterds အဖွဲ့နှင့် အင်္ဂလိပ်သူလျှို နှစ်ဦးကို ဂျာမန် SS အဖွဲ့ဝင်တစ်ယောက်က ရိပ်စားမိသဖြင့် အချေအတင် စကားများကြပြီး သေနတ်ဖြင့် အပြန်အလှန်ပစ်ခတ်ကြရာ ဘရစ်ဂျက်နှင့် ဂျာမန်စစ်သားတဦးမှလွဲ၍ အားလုံးသေဆုံးကြသည်။ ကျန်ရှိနေသော ဂျာမန်ကိုလည်း ပုန်းအောင်းနေသော အယ်ဒိုရိန်းက ပစ်သတ်နိုင်ခဲ့သည်။

ရိန်းနှင့် အဖွဲ့က ခြေထောက်တွင် ဒဏ်ရာရရှိထားသည့် ဂျာမန်သရုပ်ဆောင်နှင့် သူလျှို ဘရစ်ဂျက်ကို ဖမ်းဆီးခေါ်ဆောင်သွားပြီး စစ်မေးသည့်အခါ ဟစ်တလာနှင့် နာဇီ ထိပ်တန်းခေါင်းဆောင်များ ရုပ်ရှင် အထူးပွဲသို့ လာရောက်ကြည့်ရှုမည့် အစီအစဉ်ကို သိရှိသွားသည်။

မိဘ နှစ်ပါးနှင့် တိုင်းပြည်အတွက် လက်စားချေခွင့် ကြုံပြီဖြစ်သော အီမန်နျူယာလ်မှာ မာဆေးနှင့် တိုင်ပင်၍ နာဇီ ခေါင်းဆောင်များ ရုပ်ရှင်ကြည့်နေချိန်တွင် ထိုသူများအား ပြေးပေါက်ပိတ်ပြီး မီးလောင်တိုက်သွင်းရန် ကြံစည်သည်။ ဦးစွာ မီးလောင်လွယ်သော နိုက်ထရိတ် ဖလင်များကော်ပြားများအား ရုပ်ရှပ်ပိတ်ကား၏ နောက်တွင် ချထားသည်။

ထိုအချိန်တွင် ထောက်လှမ်းရေး အရာရှိတယောက်ဖြစ်နေသော ဂျူးမုဆိုး ဟန်စ် လန်ဒါမှာ သေနတ်ပစ်ခတ်မှု ဖြစ်ပွားပြီးသည့် မြေအောက်ထပ်ဘားထဲသို့ ရောက်ရှိလာသည့်အခါ ကျန်ရှိနေသော အမျိုးသမီး ဒေါက်မြင့် ဖိနပ်တခုနှင့် အပေါ်တွင် သူမ၏ အမှတ်တရ လက်မှတ်ရေးထိုးပေးထားသည့် လက်ကိုင်ပုဝါတခုတို့ သိမ်းဆည်းရရှိခဲ့သည်။

အထူးပွဲပြသသည့်နေ့တွင် ဟစ်တလာ၊ ဂိုးလ်ဘဲလ်၊ ဂိုးအားရင်း အပါအဝင် နာဇီ ထိပ်တန်းခေါင်းဆောင်များ ရုပ်ရှင်လာရောက်ကြည့်ရှုကြသည်။ ထိုနေ့တွင်ပင် နာဇီ ခေါင်းဆောင်များကို အသေခံလုပ်ကြံရန် စီစဉ်ထားသည့် အယ်လ် ဒိုရိန်းနှင့် အဖွဲ့လည်း နှစ်ဖက်ချွန် သူလျှိုနှင့် သရုပ်ဆောင် ဘရစ်ဂျက်နှင့်အတူ ရုပ်ရှင်လာရောက်ကြည့်ရှုသည်။

ပြပွဲခန်းမ အပြင်ဘက်ရှိ လော်ဘီတွင် ထောက်လှမ်းရေး ဟန်စ် လန်ဒါနှင့် Basterds အဖွဲ့ကို ခေါ်ဆောင်လာသည့် ဘရစ်ဂျက်တို့ တွေ့ဆုံကြသည်။ ဘရစ် ဂျက်က သူနှင့် အတူပါလာသူများမှ အီတလီ ရုပ်ရှင်သရုပ်ဆောင်များ ဖြစ်သည်ဟု ပြောသော်လည်း ဟန်စ် လန်ဒါက မိတ်ဆက်သည့်အခါ ရိန်း၏ စကားပြောသံမှာ အီတာလျံလေသံကို တုပထားမှန်းသိသာ ထင်ရှားစေခဲ့သည်။

ဟန်စ် လန်ဒါက ဒဏ်ရာရထားသဖြင့် ခြေထောက်တွင် ကျောက်ပတ်တီးစီးပြီး ရောက်ရှိလာသည့် ဘရစ်ဂျက်ကို ရုပ်ရှင်ရုံရှိ သူ၏ ယာယီရုံးခန်းထဲသို့ ခေါ်ကာ ဘားခန်းထဲတွင် ကျန်နေခဲ့သော ဖိနပ်ကို သူမ၏ ခြေထောက်တွင် စွပ်ပေးလိုက်သည့်အခါ အတော်ဖြစ်နေသည်။ လန်ဒါက ဘရစ်ဂျက်ကို သစ္စာဖောက်မဟု ဆိုကာ လည်ပင်းညှစ်သတ်ပြီးနောက် အပြင်တွင် ကျန်ရှိနေသော အယ်လ် ဒိုရိန်းကို ဖမ်းဆီးခိုင်းလိုက်သည်။

ရုပ်ရှင်ရုံထဲတွင် ရောက်ရှိနေသော ဒိုနိုဝဇ်နှင့် အိုမာတို့ကလည်း ဟစ်တလာအား သုတ်သင်နိုင်ရန်အတွက် သူတို့၏ ခြေထောက်တွင် စည်းလာသော ဒိုင်းနမိုက်များကို ဖောက်ခွဲရန် အသင့်အနေအထား ပြင်ဆင်ထားသည်။

အီမန်နျူယာလ်က ရုပ်ရှင်ပြသရေးသမားအဖြစ် စက်ခန်းထဲတွင် တာဝန်ယူ၍ မာဆေးက မီးလောင်ပါက နာဇီများ ထွက်မပြေးနိုင်အောင် တံခါးအားလုံးကို ပိတ်ဆို့၍ ပိတ်ကားနောက်ဘက်ရှိ နိုက်ထရိတ်ဖလင်များကို မီးရှို့ရန် တာဝန်ယူသည်။ အီမန်နျူယာလ်က ပြစက်မောင်း၍ ဖလင်ခွေ အမှတ် ၄ အရောက်တွင် တရုံလုံးကို မီးလောင်တိုက်သွင်းရန် အဆင်သင့်အနေအထား ရောက်ရှိနေပြီ ဖြစ်သည်။

ရုပ်ရှင်ထဲတွင် လူသတ်ကောင်တယောက် ဖြစ်နေသည့် ဇိုလာမှာ သူ့ဇာတ်ရုပ်ကို သူပြန်ကြည့်ရင်း မွန်းကျပ်လာသဖြင့် ပြပွဲခန်းထဲမှထွက်ကာ အီမန်နျူယာလ် ရှိရာသို့ လာသည်။ ကိုယ့်အကြံနှင့်ကိုယ် ဖြစ်နေသော အီမန်နျူယာလ်ကလည်း ဇိုလာကို စက်ခန်းထဲ မဝင်စေလို၍ တံခါးကိုပိတ်ပြီး မောင်းထုတ်ရာ ဇိုလာက တံခါးကို ပြန်လည်တွန်းဖွင့်ပြီး ဝင်ရောက်လာသည်။

စက်ခန်းထဲသို့ ရောက်ရှိလာသော ဇိုလာကို အီမန်နျူယာလ်က မိန်းမမာယာသုံးပြီး တံခါးပြန်ပိတ်ခိုင်းသဖြင့် ဇိုလာက စက်ခန်းတံခါး ပြန်လှည့်ပိတ်ချိန်တွင် အီမန် နျူယာလ်က ဇိုလာ၏ နောက်ကျောကို အသင့်ဆောင်ထားသော သေနတ်ဖြင့် ပစ်ချလိုက်သည်။ (ထိုအချိန်တွင် ရုပ်ရှင်ထဲတွင်လည်း သေနတ် ပစ်ခတ်သံများ ဆူညံလျက်ရှိသဖြင့် စက်ခန်းထဲမှ သေနတ်သံကို ဘယ်သူမှ သတိမထားမိကြချေ)။ ဇိုလာ လဲကျသွားပြီးနောက် သနားစိတ်ဝင်သွားသည့် အီမန်နျူယာလ်က မှောက်လျက်သား လဲကျနေသည့် ဇိုလာကို တဖက်ပြန်အလှည့်တွင် အသက်ရှင်နေသေးသည့် ဇိုလာက အီမန်နျူယာလ်ကို ပြန်လည်ပစ်ခတ်ခဲ့ကာ နှစ်ဦးစလုံး သေဆုံးခဲ့သည်။

ဟန်စ် လန်ဒါ၏ ဖမ်းဆီးဖြင်းကို ခံရသည့် ရိန်းကလည်း ရုပ်ရှင်ရုံတခုလုံးတွင် ဒိုင်းနမိုက်များ အဆင်သင့် တပ်ဆင်ထားပြီးဖြစ်သည့်အတွက် ဟစ်တလာနှင့် နာဇီအဖွဲ့များ လုံးဝကျရှုံးတော့မည်ဖြစ်ကြောင်း ပြောသည်။ ရိန်း၏ ခြေထောက်မှ ဒိုင်းနမိုက်ကို ဟစ်တလာ ရုပ်ရှင်ကြည့်ရှုနေသည့် နေရာနားတွင် ချထားပြီးသောအခါ နော်မန်ဒီရှိ ရိန်း၏ အထက်အရာရှိနှင့် လန်ဒါတို့ ဖုန်းပြောသည်။ လန်ဒါက နာဇီ ခေါင်းဆောင် ဟစ်တလာ ကျဆုံးအောင် သူအားထုတ်ခဲ့သည့်အတွက် သူ့အား မဟာမိတ်အဖွဲ့က အမေရိကန်အထိ လုံခြုံစွာ ခေါ်ဆောင်ရန်၊ ထိုနိုင်ငံတွင် အိမ်တလုံးစီစဉ်ပေးရန်၊ ဂုဏ်ထူးဆောင်ဆုများ ချီးမြှင့်ပေးရန်နှင့် သူကောင်းပြုရန်တို့ကို တောင်းဆိုခဲ့သည်။

ဟစ်တလာက ဂိုးဘလ်တို့ ရိုက်ကူးထားသော ဝါဒဖြန့်ချိရေးရုပ်ရှင်ကားကို နှစ်ထောင်းအားရစွာ ကြည့်ရှုနေသည်။ ဖလင်ခွေအမှတ် ၄ သို့အကူး ရုပ်ရှင်ကားထဲမှ အဖနိုင်ငံတော်ကြီး အဓွန့်ရှည်ပါစေဟု နာဇီလက်ဖြောင့် တပ်သားက ကြွေးကြော်အပြီးတွင် မာဆေးက ရိုက်ကူးပြီး အီမန်နျူယာလ်က
နာဇီဂျာမဏီ ကျဆုံးပြီဟု အဓိပ္ပာယ်ရသည့် စာသားကို ကြွေးကြော်သံ ပေါ်လာသည်။

သစ္စာဖောက်သွားပြီဖြစ်သော ဟန်စ် လန်ဒါက ရိန်းတို့ နှစ်ဦးကို အမေရိကန် ပိုင်နက်နယ်မြေနားထိ ခေါ်သွားပြီးနောက် ရိန်း၏လက်မှ လက်ထိတ်ကို ဖြုတ်ပေးလိုက်သည်။

နောက်ဆုံးတွင်တော့ ဂျူးမုဆိုး ဟန်စ် လန်ဒါမှာ သူထင်သလို မဟာမိတ်အဖွဲ့၏ သူကောင်းပြုခြင်းကို မခံရဘဲ ရက်စက်သော အယ် ဒိုရိန်းက သူ၏ နာဖူးတွင် နာဇီကြက်ခြေခတ် (Swastika) သဏ္ဌာန်ပြုလုပ်၍ သတ်ဖြတ်ခြင်းကိုသာ ခံလိုက်ရသည်။

ရုပ်ရှင်ရုံထဲတွင်မူ ဒိုနိုဗန်တို့က ဟစ်တလာကို သတ်ဖြတ်နိုင်ရန် စီစဉ်နေကြသလို မာဆေးကလည်း မီးလောင်တိုက်သွင်းရန် ကြံစည်နေပြီ ဖြစ်သည်။

ဒါရိုက်တာကွာတင်တာရန် တီနိုက Inglorious Besterds ဇာတ်ကားအတွက် ၅ နှစ်ကျော် ဇာတ်ညွှန်းရေးဆွဲပြီး ရိုက်ကူးခဲ့ခြင်းဖြစ်သည်။ ယခုဇာတ်ကားကိုလည်း သူ၏ ဆန်းသစ်သော ရုပ်ရှင်တင်ပြပုံအတိုင်း ရိုက်ကူးထားခြင်းဖြစ်သည်။ Inglorious Besterds ဇာတ်ကား၏ ထူးခြားချက်မှာ ပြင်သစ်လှိုင်းသစ်ရုပ်ရှင် လှုပ်ရှားမှု၏ နည်းနာများပါသော ရုပ်ရှင်ကားဖြစ်သည်။

ပြင်သစ်လှိုင်းသစ် ရုပ်ရှင် (French New Wave) ဆိုသည်မှာ သမားရိုးကျ ရုပ်ရှင်ရိုက်ကူး တင်ဆက်ပြသမှုကို ဆန့်ကျင်ဖောက်ထွက်သည့် အတွေးအခေါ် လှုပ်ရှားမှုတရပ် ဖြစ်သည်။ တခါတရံတွင် ကောမစ် ကာတွန်းရုပ်ပြ စတိုင်လ် သဘောများပါရှိပြီး စဉ်းစားခန်းများကို ဇာတ်ဝင်ခန်းငယ်တခုအနေဖြင့် ရိုက်ကူးပြသည်။ နောက်ခံစကားပြောနှင့် နောက်ကြောင်းပြန်တို့ကိုလည်း အသုံးများသည်။

နာမည်ကျော် ဒါရိုက်တာအချို့သည် သူတို့၏ ရုပ်ရှင်အနုပညာနှင့် ပတ်သက်၍ ကျွမ်းကျင်ပိုင်နိုင်မှုကို ထုတ်ဖော်ပြသခြင်းဖြင့် သူတို့ရိုက်ကူးသော ရုပ်ရှင်ဇာတ်ကားထဲတွင် ရုပ်ရှင်အကြောင်းများ ထည့်သွင်းရိုက်ကူးကြသည်။ ကွာတင်တာရန် တီနိုကမူ ရုပ်ရှင်ကားထဲတွင် ဇာတ်လမ်းနှစ်ခုကို ဆက်နွယ်ထည့်သွင်းထားပြီး ရုပ်ရှင်ကားထဲတွင် ရုပ်ရှင်ငယ်တခုကို ကျကျနန ထည့်သွင်းရိုက်ကူးပြခဲ့သည်။

ဟစ်တလာနှင့် နာဇီခေါင်းဆောင်များ ရုပ်ရှင်ကြည့်ရှုနေခိုက် မူရင်းဖလင်ကို တည်းဖြတ်ထားပြီး နာဇီတို့ကို ကျဆုံးပါစေဟု ကြွေးကြော်သံကို ထည့်သွင်းရိုက်ကူးပြသသွားပုံမှာ အာဏာရှင်တို့ကို အန်တုနေသည့် ကမ္ဘာတလွှားမှ တက်ကြွလှုပ်ရှားသူများအတွက် အတုယူစရာ ကောင်းလှသည်။

မူလက နာဇီ ဗိုလ်မှူးကြီး ဟန်စ် လန်ဒါ နေရာတွင် လီယိုနာဒို ဒီကာပရိယိုအား ထည့်သွင်းသရုပ်ဆောင်ရန် စီစဉ်ခဲ့သော်လည်း ခရစ်စ်တိုဖာ ဝေါဇ် ဖြင့်သာ ရိုက်ကူးခဲ့သည်။

Read more...
ခင်မင်ရသောသူများ ညစဉ် ဆက်ဆက်လာနော်။ မိတ်ဆွေများ နေ့စဉ် ဆက်ဆက်လာနော် လာရောက်လည်ပတ်သူများကို ကျေးဇူးတင်ပါတယ်။

About This Blog

Lorem Ipsum

ကဲဘယ်နိုင်ငံမှာ ဘယ်နှစ်နာရီထိုးပြီလဲ

ပြောပြီးပြန်လဲရပါတယ်တခုခုတော့ပြောခဲ့ပါ

ဇော်ဂျီဖောင့် ကွန်ဗက်စ်တာလေးပါ















Web
youthnetworks








  © Blogger templates Newspaper III by Ourblogtemplates.com 2008

Back to TOP