Facebook Badge

Showing posts with label စာအုပ်စင်. Show all posts
Showing posts with label စာအုပ်စင်. Show all posts

Friday, August 28, 2009

ရှမ်းလူမျိုးစုအကြောင်း လေ့လာမှုတရပ်


မြန်မာနိုင်ငံ၏အကြီးဆုံး တိုင်းရင်းသားလူမျိုးစုတစုအကြောင်း ရေးသားထားသည့် ဤစာအုပ်သည် အလွန်များပြားသော အသေးစိတ်အချက်အလက်များကို ပြောထားပါသည်။

အခန်းထဲမှာ ကျားတကောင်ရှိနေတဲ့အကြောင်းကို တစုံတယောက်ကမှ ပြောဆိုခြင်းမရှိဘူးဆိုလျင် ထိုကျားသည် ရှမ်းလူ မျိုးပဲ ဖြစ်ပါလိမ့်မည်။ မြန်မာလူမျိုးစုပြီးလျင် နိုင်ငံ၏ဒုတိယလူဦးရေအများဆုံးဖြစ်သော ဤတိုင်းရင်းသားအုပ်စုသည် အခြား တိုင်းရင်သားအုပ်စုငယ်များကဲ့သို့ ပြည်တွင်းပြည်ပ၏အာရုံစိုက်မှုကို မရရှိခဲ့ကြပါ။ အနည်းအကျဉ်းလောက်သာ ရှိသော ရှမ်း၊ မြန်မာနှင့် အနောက်တိုင်းပညာရှင်များအပြင် လွန်ခဲ့သော အနှစ် ၁၀၀ ခန့်က ရှမ်းပြည်နယ်နှင့် အထက် ဗမာပြည် စွယ်စုံကျမ်းအညွှန်းကို ပညာရှင် ဂျေ ဂျီ စကော့ ရေးသားပြုစုပြီးကတည်းက ရှမ်းပြည်နယ်အကြောင်း လေ့လာမှုပြုသူ အလွန်ရှားပါသည်။

စာအုပ် အမည် - ရှမ်းပြည်သမိုင်း

ရှမ်းလူမျိုးများ၏အစမှသည် ၁၉၆၂ ခုနှစ်အထိ၊

ရေး - စိုင်းအောင်ထွန်း

ဆစ်ခ်ဝမ်း ပရက်စ်၊

၂၀၀၉ ခုနှစ်၊ စာမျက်နှာ ၆၈၄ မျက်နှာ

---------------------------------------------------

တိုင်းလူမျိုး (`ရှမ်း´ ဆိုသည့်စကားလုံးသည် မြန်မာစကားလုံးဖြစ်ပြီး `စီအမ်´ (Siam) မှဆင်းသက်လာခြင်းဖြစ်သည်) များသည် အိန္ဒိယ အရှေ့မြောက်ပိုင်းမှသည် မြန်မာနိုင်ငံ မြောက်ပိုင်းကိုဖြတ်ပြီး တရုတ်ပြည်တောင်ပိုင်းနှင့် ထိုင်းနိုင်ငံ မြောက်ပိုင်း၊ လာအိုနှင့် ဗီယက်နမ်အထိ အကျယ်အပြော ပျံ့နှံ့လျက်ရှိပါသည်။ သို့သော် ရှမ်းလူမျိုး အများဆုံး နေထိုင် ရာဒေသမှာ မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်းတွင်ဖြစ်ပါသည်။ ၄င်းတို့သည် လွန်ခဲ့သော နှစ်ပေါင်း ၁၀၀၀ ကျော်ခန့်က ရှမ်း အင်ပါယာများဖြစ်သော နန်ချောင်းနှင့် မော်အင်ပါယာတို့ ပြိုကွဲပြီး တရုတ်ပြည်မှ ရွှေ့ပြောင်းရောက်ရှိလာခြင်းဖြစ်သည်။

လွတ်လပ်ရေးမရမီ နှစ် ရာပေါင်း အတော်ကြာက ရှမ်းပြည်ဒေသများသည် နယ်မြေအကြီး အသေး၊ သြဇာအာဏာ ရှိမှု အပေါ်မူတည်၍စုပေါင်းပြီး ချောင်ဖာ (`ကောင်းကင်၏အရှင်သခင်´ သို့မဟုတ် မြန်မာနိုင်ငံတွင် `စော်ဘွား´) များက အုပ်ချုပ်ကြသည်။

၁၉၅၉ ခုနှစ်တွင် သူတို့၏နယ်ပယ်များကို တခုတည်းသော ပြည်နယ်အဖြစ်မပေါင်းစည်းခင်အချိန်အထိ စော်ဘွားများသည် ၄င်းတို့၏အိမ်နီးနားချင်းများနှင့် ဆက်ဆံရေးတွင် ချောမွေ့လှသည်တော့မဟုတ်ပါ။ ထိုကာလ နောက်ပိုင်း စစ်ပွားများ ဖြစ်ပွားသည်အထိ ဆက်ဆံရေးကျဆင်းခဲ့ကြသည်။

ဤစာအုပ်သည် နိုင်ငံရေးအရဆန်းစစ်လေ့လာမှုများနှင့်အတူ သမိုင်းဆိုင်ရာရေးသားချက်များ၊ မနုဿဗေဒ၊ သစ်ပင်နှင့် တိရစ္ဆာန်တို့အကြောင်းရေးသားထားသော သဘာဝလောကပညာရှင်များ၏ မှတ်တမ်းများ စသည် စည်းမျဉ်း ဥပဒေသ ပေါင်းစုံဖြင့် ဆက်စပ်လေ့လာထားခြင်းဖြစ်ပါသည်။ ဤစာအုပ်တွင် မြေပုံများ၊ အခိုက်အတန့်သဘောရေးမှတ်ခဲ့သည့် စိတ်ဝင်စားစရာ မှတ်တမ်းများ၊ ရှမ်းအက္ခရာ၊ စာများနှင့် ဓာတ်ပုံများ၊ ကျမ်းကိုးအများအပြားကနေ ထုတ်နုတ်ထားသော ရှည်လျားသည့် အညွန်းများ ပါဝင်ပါသည်။

ဤစာအုပ်ထဲတွင် သံလွင်မြစ်၊ ဆင်များကိုအသုံးပြုပုံ၊ ရှမ်းအိုးစည် ပြုလုပ်ပုံ၊ ၀ါဂွမ်း၊ မြွှေများ၊ ရှမ်းရိုးရားအ၀တ်အစားနှင့် လက်ကိုင်ပုဝါ၊ ၀ါး ဖြင့် ပြုလုပ်ထားသော ထမင်းဘူးများနှင့် အစားအစာများ (ရှမ်းအစားအစာသည် ကမ္ဘာပေါ်တွင် အလျှို့ ၀ှက်ဆုံးနှင့် အကောင်းဆုံး အစားအစာထဲတွင် ပါဝင်သည်) နှင့်ပတ်သက်ပြီး ရေးသားထားသော အခန်းများပါဝင်သည်။ ဤစာအုပ်၏အရွယ်အစားကို ငွေကြေးအကန့်အသတ်ကြောင့် ကန့်သတ်ပြီးထုတ်ဝေရကြောင်း စာရေးသူက ၀န်ခံထား ပါသည်။ (ဆိုလိုသည်မှာ ဤစာအုပ်သည် ယခုထက်ပိုပြီး စာမျက်နှာများနိုင်ပါသေးသည်။) ဤစာအုပ်သည် ၁၉ ရာစုနှစ် နှောင်းပိုင်း ကာလက ဗြိတိသျှ ပထ၀ီအသင်းကြီး၏ လေ့လာချက်များကို ဖတ်ရသည်နှင့်တူပါသည်။

စိုင်းအောင်ထွန်း၏ချဉ်းကပ်ပုံမှာ အမှားကင်းသည်တော့ မဟုတ်ပါ။ အထူးသဖြင့် စစ်အစိုးရကို ထောက်ခံသော မြန်မာနိုင်ငံ သမိုင်းပြုစုရေးအဖွဲ့ဝင်တဦးဖြစ်နေသည့်အတွက် မြန်မာပြည်တွင်းကနေရေးသားရသည့် တင်းကျပ်သောကန့်သတ် ချက် များက သမိုင်းရေးဆိုင်ရာ ငြင်းခုံမှုများအတွက် လိုအပ်သောမျှတစွာရေးသားဖော်ပြမှုကို မတွေ့ရခြင်းဖြစ်ပါသည်။

ထူးထူးခြားခြား စိတ်အနှောင့်အယှက်ဖြစ်စရာကောင်းသည့် တိုင်းရင်းသားအချင်းချင်းသဟဇာတဖြစ်မှုကို အထူးတလဲ ဖော်ပြထားသည့်-

“ဗမာနှင့် ရှမ်းလူမျိုးတို့သည် ပြည်ပကျူးကျော်မှုများ သို့မဟုတ် စစ်ပွဲများကို ရင်ဆိုင်ကြုံတွေ့ရသည့်အခါတိုင်း သွေးစည်း ညီညွတ်ကြသည်” စသည်တို့သည် အများလက်ခံထားသော အမြင်များ မဟုတ်ပါ။ ထိုအမြင်များသည် အန္တရာယ်မရှိစေ ရန် အထက်ကအာဏာရှိသူများကို ဦးညွှတ်ပြခြင်းသာဖြစ်ပြီး လေးလေးနက်နက် ဆန်းစစ်လေ့လာထားချက်များမဟုတ်ပါ။ သို့ပေမယ့် ထိုကိုးယိုးကားယားနိုင်သောစာပိုဒ်များကို တွေ့ရခဲပါသည်။

နောက်ထပ်အားနည်းချက်တရပ်မှာ သမိုင်းရေးဆိုင်ရာအချက်အလက်များကို လေ့လာရာတွင် ပညာရပ်ဆိုင်ရာ ဆန်းစစ် နည်းများကို အစီအစဉ်တကျ သုံးစွဲထားခြင်းမရှိပါ။ ဗမာနှင့် ရှမ်းပြည်နယ် သမိုင်းတွင် အရေးကြီးသော အငြင်းပွား ဖွယ် အကြောင်းရပ်တချို့ကို ထူးထူးခြားခြား ချန်လှပ်ထားခဲ့ရာ အထူးသဖြင့် ပုဂံခေတ်အလွန် (၁၂ ရာစုနှင့် ၁၅ ရာစု အကြား) ရှမ်းအုပ်ချုပ်မှုကြီးစိုးချိန် အခန်းတွင် ဖြစ်ပါသည်။

ထိုကာလကို စိုင်းအောင်ထွန်းက လက်ခံထားပြီး စာရေးဆရာနှင့် သမိုင်းပညာရှင် မိုက်ကယ်အောင်သွင်က လေးလေး နက်နက် စိန်ခေါ်ထားပါသည်။ လွန်ခဲ့သော နှစ်ပေါင်း ၂၀ အတွင်း မြန်မာနိုင်ငံ၏ စိတ်ပျက်စရာကောင်းလှသော တိုင်းရင်း သား လူနည်းစုနိုင်ငံရေးနှင့်ပတ်သက်ပြီး ထင်ရှားသည့် ပညာရှင် နှစ်ဦးဖြစ်သော ဘာတေးလ်လစ်တ်နာနှင့် မာတင်စမစ် တို့က မည်သည့်မှတ်ချက်မှ မပေးပါ။

၁၉၅၀ ခုနှစ်များအတွင်းက ကူမင်တန် တရုတ်ဖြူများ ကျူးကျော်ဝင်ရောက်သည့် အခန်းတွင် အမေရိကန်အစိုးရကို လက်ညှိုးထိုးအပြစ်တင်းထားသော်လည်း စီအိုင်အေကို ရည်ညွှန်းပြောဆိုမှုကိုတော့ ချန်လှပ်ထားခဲ့သည်။ သို့မဟုတ်လျင် သတင်းအချက်အလက် အလွန်ပြည့်စုံစွာဖြင့် သုံးသပ်ထားခြင်းမျိုး ဖြစ်ပါလိမ့်မည်။

စာအုပ်၏အကောင်းဆုံးအခန်းများသည် ၁၉၆၀ နှင့် ၁၉၆၁ ခုနှစ်အတွင်း ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြန်လည်ရေးဆွဲရေးနှင့် မြန်မာနိုင်ငံတွင် ပိုမိုကြီးမာသည့် ဖယ်ဒရယ်လမ်းစဉ်အောင်မြင်ဖြစ်ထွန်းရေးအတွက် ရှမ်းခေါင်းဆောင်များ၏အဆိုပြုချက် များနှင့် အငြင်းအခုံများကို အသေးစိတ်ဖော်ပြထားချက်များပင် ဖြစ်ပါသည်။ ၁၉၅၀ ခုနှစ်ကာလများအတွင်း ပဋိပက္ခဖြစ်စေ သော အကြောင်းအရင်းများဖြစ်ခဲ့သည့် ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဌာန်းချက် အများအပြားကို ရှမ်းခေါင်း ဆောင်များက ပြင်ဆင်ရန်ကြိုးပမ်းခဲ့ကြသည်။

စာမျက်နှာ ၁၀၀ ရှိသည့် အသေအချာသုတေသနပြုစုပြီး ရေးသားထားချက်များက ပြသနေသည်မှာ လွန်ခဲ့သော အနှစ် ၅၀ က ဖယ်ဒရယ်ဝါဒ၊ ဘဏ္ဍာရေးဆိုင်ရာ ညီမျှမှု၊ သယံဇာတ အရင်းအမြစ်များကို ခွဲဝေသုံးစွဲမှုနှင့် အခြေခံလူ့အခွင့်အရေး များအပေါ်လွတ်လပ်ပြီး တရားမျှတသည့် ငြင်းခုံမှုများသည် ယနေ့ခေတ်ထက် အများကြီးပို၍ နက်နဲရှုပ်ထွေးခဲ့ပါသည်။

လက်ရှိစစ်အစိုးရ၏ အဓိပ္ပာယ်မဲ့ရက်စက်လွန်းသည့် ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်ကြီး အပြီးသတ်ကာလကို မြန်မာနိုင်ငံ ရောက်ရှိနေချိန်မှာ အထူးသဖြင့် ဒီအချက်က အထင်အရှား ဖြစ်ပါသည်။

စာဖတ်သူများသည် ခေတ်ရေစီးကြောင်းကိုတော်လှန်သော ခေတ်လွန် သီအိုရီသမားများမဟုတ်ဘူးဆိုလျင် ရှေးရိုးဆန် သည့် ဤသမိုင်းစာအုပ်ကို ဖတ်ရတာ ကြိုက်နှစ်သက်မှာ အမှန်ပင် ဖြစ်ပါသည်။

နောက်ဆုံးအနေနှင့် ရှမ်းလူမျိုးများမှာ တရားမျှတမှုကိုရှာဖွေမည့် စာအုပ် တအုပ် ရှိလာပါပြီ။ ဤစာအုပ်ကို မကြာသေးမီက ထုတ်ဝေခဲ့သော စပ်စန္ဒာ ၏ ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိ “လမင်းသမီး”နှင့် ယှဉ်တွဲ ပြီးဖတ်ရှု့ရန် တိုက်တွန်းပါသည်။

နောက်ထပ်စိန်ခေါ်နေသည့်အချက်မှာ ၁၉၆၂ ခုနှစ်နောက်ပိုင်း ဆယ်စုနှစ်များအကြောင်း သမိုင်းကို ယခုစာအုပ်ကဲ့သို့ ကျယ်ကျယ်ပြန့်ပြန့်ဖြင့် အသေးစိတ်အချက်အလက်များကို ဂရုစိုက်ပြီး ရေးသားပြုစုရေး ဖြစ်ပါသည်။

မကြာခင်နှစ်များအတွင်းကဖြစ်ခဲ့သော အရှုပ်အထွေးများကို စုစည်းရာတွင် ပညာရပ်ဆိုင်ရာလွတ်လပ်မှု အနည်း ငယ် ပိုရှိလာရန် မျှော်လင့်မိပါသည်။

ဒေးဗစ် စကော့ မက်သီဆင်သည် နယူးယောက်တွင်အခြေစိုက်သော လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ကြီး(HRW)၏ မြန်မာနိုင်ငံ ဆိုင်ရာ အကြံပေးအရာရှိ ဖြစ်သည်။

Read more...

အ၀ိဇ္ဇာနိုင်ငံ၊ အ၀ိဇ္ဇာမြို့နှင့် အ၀ိဇ္ဇာလူသားများ


ဝတ္ထုများထဲတွင် “လူ”ကို အဓိက ဇာတ်ကောင်နေရာ ထားခဲ့သည်မှာ ကမ္ဘာလောက၌ ၀တ္ထု ဟူသည့် အနုပညာပစ္စည်း ပေါ်စကတည်းကပင် ဖြစ်သည်။

တခါတရံ ၀တ္ထုများထဲ၌ လူကို ထည့်သွင်း မရေးဖွဲ့သည်များ မရှိမဟုတ်၊ ရှိတတ်၏။ သို့သော် ထိုသို့ သော ၀တ္ထုများတွင်ပါရှိသည့် သက်ရှိ၊ သက်မဲ့ဇာတ်ကောင်များသည်အမှန်စင်စစ် လူကို ကိုယ်စားပြုသည့် ဇာတ် ကောင်များသာဖြစ်၏။

စာအုပ်အမည် - အ၀ိဇ္ဇာမြို့ ကလေး / စာရေးသူ - ကောင်းဆုလင်း

ထိုကြောင့် ၀တ္တု ဆိုသည်မှာ လူတို့ အကြောင်းရေးဖွဲ့သည့် အနုပညာပစ္စည်းတစ်ခုဖြစ်သည်ဟူ၍သာ ဆိုရ မည်ဖြစ်သည်။ အ၀ိဇ္ဇာမြို့ ကလေး ၀တ္ထုတွင်စာရေးသူ “ကောင်းဆုလင်း”ကနာမည်ပေးမထားသည့် မြို့က လေးတစ်မြို့ တွင်နေထိုင်သည့် လူအမျိုးမျိုးကို အဓိကဇာတ်ကောင်များအဖြစ်ရေး၏။

သူကအဓိကဇာတ်ကောင်အဖြစ် လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက် သို့ မဟုတ် လူတစ်စုကိုမရေး။ မြို့ ကလေးတွင် နေထိုင်သည့် လူတန်းစား အလွှာအသီးသီး မှ လူပုဂ္ဂိုလ်များကို အဓိကဇာတ်ကောင်စံထား၍ရေး၏။ သူ့ ဝတ္ထု ၏ အဓိကဇာတ်ကောင်မှာ လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်၊ လူတစ်စုမဟုတ်၊ လူထုဖြစ်၏။ မြို့ ကလေးတွင်နေ ထိုင်သည့် မြို ၏ အုပ်ချုပ်ရေး၊ စီမံခန့်ခွဲရေး ပုဂ္ဂိုလ်များကအစ သာမန်လက်လုပ်လက်စား ပုဂ္ဂိုလ်အထိ လူ တန်းစားအလွှာအသီးသီးကို ကိုယ်စားပြုသည့်(၀ါ)လူထုကိုယ်စားပြု ဇာတ်ကောင်များကို အကွက်ချပြီးရေး၏။

ထို့ ကြောင့် လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်၊ လူတစ်စုကိုသာအဓိက ဇာတ်ကောင်ထားပြီး ရေးခဲ့ကြသည့် ၀တ္ထု များဖြင့်ယဉ်ပါးနေသူ စာဖတ်သူပရိသတ်အဖို့ ကောင်းဆုလင်း ၏ “အ၀ိဇ္ဇာမြို့ကလေး” ၀တ္ထု မှာ ၀တ္ထုဖွဲ့ စည်း ပုံအရပင်လျှင် ဆန်းသစ်နေစေ၏။အမှန်စင်စစ်ဝတ္ထုများတွင် လူထုကိုဇာတ်ကောင်စံအဖြစ် ရွေးချယ်ရေးဖွဲ့ ဖို့  ကြိုးစားသည့် စာပေသဘောတရားတခု မြန်မာစာပေနယ်ပယ်တွင် ၀င်ရောက်နေရာယူခဲ့သည်မှာ ရာစုနှစ် တစ်ခု ၏ တစ်ဝတ်ကျော်မျှပင်ကြာခဲ့ပြီဖြစ်သည်။

* * * * * * *

ကောင်းဆုလင်း၏ အ၀ိဇ္ဇာမြို့ ကလေး ၀တ္ထုတွင် ပင်စင်စားကျောင်းဆရာမိသားစုတစ်စုနှင့်စပြီး ၀တ္ထုဇာတ် အိမ် တည်၏။ ထို့ နောက်ယင်းမိသားစုနှင့် ဆက်နွယ်သည့်လူလတ်တန်းစား ပုဂ္ဂိုလ်တချို့ အကြောင်းကို ဆက်၏။ ထို့ နောက်မြို့ ကလေး၏ အုပ်ချုပ်ရေး၊ စီမံခန့် ခွဲရေးကိစ္စတာဝန်ရှိသူလူတစ်စု၏ အစည်းအဝေး တစ်ခုဆီဆွဲခေါ်သွား၏။ ထို့ နောက်အစည်းအဝေးတက်ရောက်သူ တဦးချင်းစီ၏ အတွေးများ၊ ဘ၀အခြေ အနေများကိုရေး၏။ ထို့ နောက်တဖန် တခြားဆက်နွယ်ပါတ်သက်နေသူ လူပုဂ္ဂိုလ်အသီးသီးတို့ ၏ဘ၀ ပုံသဏ္ဍန်များ၊ စိတ်နေစိတ်ထားများဆီ ဆက်လက်သွယ်တန်းယက်ဖောက်ပြီးရေး၏။

အ၀ိဇ္ဇာမြို့ ကလေး ၀တ္ထုတွင်စိတ်ဝင်စားဖို့  အကောင်းဆုံးအခန်းများမှာ မြို့ နေ ပညာတတ် လူလတ်တန်းစား ဇာတ်ကောင်များ၏ အတွေးအခေါ်အယူအဆများပင်ဖြစ်သည်။ အမှတ်တမဲ့ကြည့်လျှင် မြို့ ကလေး၏ အာ ဏာ ပိုင်များ၊ စီမံခန့် ခွဲသူများက ယင်းမြို့ ကလေး၏ ကံကြမ္မာကို ဖန်တီးစီရင်နေသည်ဟု ယူဆရမလိုရှိ၏။
ဝတ္ထုရေးသူ ကိုယ်တိုင်က ပင် မြို့ နယ်အစည်းအဝေးတစ်ခုအကြောင်းကိုရေးရာ၌ “မြို့ နယ်ကလေးတစ်မြို့  နယ်၏ ကံကြမ္မာကိုဖန်တီးမည့်သူများ”ဟူ၍အသိအမှတ်ပြုရေးခဲ့၏။ (စာ - ၁၃) သို့ သော် ၀တ္ထုတစ်ပုဒ်လုံး ဆုံးသည်အထိဖတ်လျှင် ယင်းမြို့ ကလေး၏ ကံကြမ္မာကို အဓိကမောင်းနှင်ဖန်တီးသူများမှာ ပညာတတ် လူလတ်တန်းစားများကသာ အဓိကမောင်းနှင်ဖန်တီးနေသည်ကို မြင်လာနိုင်မည်ဖြစ်သည်။

ဥပမာ ကျောင်းဆရာပင်စင်စား ဦးကျော်လှိုင်၊ မြို့ နယ်ဥပဒေအရာရှိ ကိုသစ်ဦး၊ စာတိုက်မှူး ဒေါ်မေသန်း၊ သစ်ကုန်သည် ပေါက်စ၊ မျိုးဇော် စသည့်ပုဂ္ဂိုလ်များမှာ ဤ၀တ္ထု၏ အဓိကဇာတ်ကောင်များဖြစ်သလို ဤမြို့  ကလေး၏ ကံကြမ္မာကိုအဓိကဖန်တီးပေးနေသည့် လူပုဂ္ဂိုလ်များလည်းဖြစ်နေကြ၏။ ထို့ အပြင် ဤပုဂ္ဂိုလ် များမှာ မြို့ ကလေး၏ အလွှာအသီးသီးကို ဆက်စပ်ကိုယ်စားပြုသည့် လူပုဂ္ဂိုလ်များလည်းဖြစ်နေကြ၏။ ဤနည်းအားဖြင့် ''အ၀ိဇ္ဇာမြို့ ကလေး'' ၀တ္ထုမှာလူများစု၊ လူထု၏အခန်းကဏ္ဍကို အဓိကဖော်ပြရန် ကြိုးစား သည့် ၀တ္ထုတစ်ပုဒ်ဖြစ်လာခဲ့လေသည်။

ဤ၀တ္တုတွင် အုပ်ချုပ်ရေး၊ စီမံခန့် ခွဲရေး တာဝန်ရှိသူများ၏ အဂတိလိုက်စားမှု၊ မြို့ နယ်အထက်တာဝန်ရှိသူ များ နှင့် တရားမ၀င်ဆက်သွယ်ကာ ကိုယ်ကျိုးစီးပွားရှာမှု၊ မြို့ ကလေးတွင်ရှိသည့် ကုန်သည်ပွဲစားများနှင့် အကျိုးတူပေါင်းဖက်ကာ ပြည်သူ့ ပစ္စည်းများကို အလွဲသုံးစားပြုလုပ်မှု၊ ပြည် သူ့ အခွင့်အရေးများ အပေါ် လျစ် လျူရှုမှုများကိုလည်း ထည့်သွင်းရေးဖွဲ့ ထား၏။ ထို့ ပြင် တဖြည်းဖြည်း ကြပ်တည်းကျဉ်းမြောင်းလာနေသည့် စီးပွားရေးဒဏ်ကို မခံနိုင်သဖြင့် လမ်းမှားပေါ်ရောက်ကြရသည့် လက်လုပ်လက်စားများကိုလည်း ထည့်သွင်း ရေးဖွဲ့ ထား၏။ ခြုံကြည့်လျှင် ဤမြို့ ကလေးတွင် နေထိုင်သည့်လူများစုမှာ စနစ်တခု၏အောက်တွင် ခိုင်မာ သည့် အနာဂါတ်မရှိဘဲ လမ်းလျှောက်ရင်း လမ်းပျောက်နေကြရသည်ကို တွေ့ ကြရ၏။ လက်ရှိဘ၀အနေ အထားထက် ပိုမိုဆိုးရွား၊ နိမ့်ကျသည့်အခြေအနေသို့ ပြုတ်ကျမသွားရလေအောင် ဘ၀ကိုနည်းမျိုး စုံအသုံးပြု ပြီးမှ ကျားကန်ထားကြသည့် အခြေအနေကိုတွေ့ ကြရ၏။

စာရေးသူ“ကောင်းဆုလင်း”၏ရည်ရွယ်ချက်မှာ မှားယွင်းဖောက်ပြန်သည့် စနစ်တခု၏ အောက်တွင် လူတွေ အနာဂါတ်ပျောက်နေသည့်အဖြစ်ကို မီးမောင်းထိုးပြရန်ရည်ရွယ်ပြီး ဤ၀တ္ထုကို ရေးခဲ့သည်ဟု ဆိုငြားအံ့။ သူ့  ရည်ရွယ်ချက်၏ အနီးအနားတ၀ိုက်အထိတော့ ထိရောက်ခဲ့သည်ဟု ယူဆမိ၏။ သို့သော်ဤမြို့ ကလေးမှာ စစ်အာဏာရှင် လက်ဝါးကြီးအုပ်စီးပွားရေးစနစ်၏ လက်အောက်တွင် ကျရောက်နေသည့်အဖြစ်ကိုမူ ပေါ်လွင် အောင်မဖော်ပြနိုင်ခဲ့ပါ။ မြို ၏အာဏာပိုင်ပုဂ္ဂိုလ်များ၊ စီမံခန့်ခွဲရေးဆိုင်ရာ တာဝန်ရှိသူများမှာ“နယ်ရုပ်များ” သာသာဖြစ်ပြီး ထိုသူတို့ ကိုကြိုးကိုင်ထားသည့် စစ်အာဏာရှင်များ၏ ဖိနှိပ်၊ ချုပ်ချယ်၊ အမြတ်ထုတ်မှုများကိုမူ ထင်သာ၊ မြင်သာအောင် မဖော်ပြနိုင်ခဲ့ပါ။

* * * * * * *

လူထု၏ အခန်းကဏ္ဍကို အဓိကဇာတ်ကောင်ထား ရေးဖွဲ့သည့်စာပေသဘောတရားမှာ ဆိုရှယ်လစ်သရုပ်မှန် စာပေ သဘောတရားတစ်ခုဖြစ်၏။ ယင်းအယူအဆမှာ`သမိုင်းကို လူတစ်စုကဖန်တီးသည်မဟုတ်ဘဲ လူထု ကသာဖန်တီးခြင်းဖြစ်သည်´ဟူသည့်အယူအဆကို အခြေခံကာ ၁၉၆၀ လွန်နှစ်များကစပြီး ၁၉၈၈ ခုနှစ် ကာလအတွင်း လူထုအခြေပြုဝတ္ထုများဟုယူဆရသည့် ၀တ္ထုများ ထွန်းကားပေါ်ပေါက်ခဲ့၏။

မြသန်းတင့်၊ ကျော်အောင်၊ မင်းကျော်၊ နတ်နွယ်၊ ဒဂုန်တာရာ၊ နန္ဒ၊ ချစ်ဦးညို၊ အစရှိသည့် စာရေးဆရာများမှာ ထင်ရှား၏။

သို့ သော်လူထုကိုအဓိက ဇာတ်ကောင်ထားရေးဖွဲ့ သည့် ၀တ္ထုများသည် ရည်ရွယ်ချက် ကောင်းပင်ကောင်း သော်ငြားလည်း ဦးတည်ချက်ကိစ္စတွင်မူ ၀ိရောဓိဖြစ်ဖွယ်ရှိ၏။ ဥပမာ မြသန်းတင့် ၏ “မာယာဘုံ ”ဝတ္ထု၊ ချစ်ဦးညို၏ “ခုနစ်အိမ်တန်းက မိဂျမ်းဘုံ”၀တ္ထုများမှာ ခေတ်တစ်ခေတ်၏ အဓိကတရားခံ၊ စနစ်တစ်ခု၏ အဓိကတာဝန်ရှိသူများအဖြစ်ဖော်ပြရာ၌ တရားခံအစစ်အမှန်ကို ဆွဲထုတ်မဖော်ပြနိုင်ဘဲ၊ စနစ်တစ်ခု၏ သားကောင်များကိုပင်“တရားခ”အဖြစ်မှားယွင်းဖော်ပြခဲ့သည့် ၀တ္ထုများအဖြစ် စောဒကတက်ခြင်းခံခဲ့ကြရ သည်။

ကောင်းဆုလင်း ၏ အ၀ိဇ္ဇာမြို့ ကလေးဝတ္ထုတွင် ခေတ်၏လက်သည်တရားခံများသည် မည်သူများဖြစ် သနည်း။ ဤမြို့ ကလေး၏အာဏာပိုင်များမှာ စနစ်တခု၏အဓိကကြိုးကိုင်အဆင့်တွင် ရှိသူများအဖြစ် ကျနော် မယူဆနိုင်ပါ။ သူတို့ သည် လက်ဝေခံ နယ်ရုပ်များသာဖြစ်ကြ၏။ ထို့ကြောင့်စနစ်တခု၏ သားကောင်များမှာ မည်သူတွေနည်း။ ဤမြို့ ကလေးတွင် နေထိုင်ကြသည့် မြို့ နေလူတန်းစားအသီးသီး၊ တနည်းအားဖြင့် မြို့ သူ မြို့ သားအားလုံး၏ အနာဂတ်သည်ဘယ်မှာနည်း။ ဘယ်ပုံရှိမည်နည်း။ တစ်မြို့ လုံးနီးပါး အားလုံးလိုလို မျက်ကန်းလမ်းလျှောက်သလို ရွေ့လျားသွားလာနေကြသည့် လူစုလူဝေးကြီး သဘောများလား၊ ဤမြို့  ကလေး ၏ ကံကြမ္မာသည်ေ၀၀ါးလွန်းနေ၏။ ဤမြို့ ကလေး၏ အနာဂတ်သည် မှောင်မည်းလျှက်ရှိ၏။

ကျနော်တို့သည် စနစ်တစ်ခု၏အောက်တွင် ကျဆုံးကွယ်ပျောက်ရမည့် လူ့ အဖွဲ့ အစည်း တစ်ခုဆိုသည်ကို မယုံကြည်မိပါ။ လူ့သမိုင်း၌ အမှောင်ခေတ်များမရှိမဟုတ်၊ ရှိခဲ့ဖူး၏။ နောက်သို့  ပြန်ဆုတ်ရသည့်လူ့ အဖွဲ့  အစည်းများ၊ ရပ်တန့်သွားသော လူ့အဖွဲ့ အစည်းများ၊ ကျဆုံးပျောက်ကွယ်ရသည့် လူ့ အဖွဲ့ အစည်းငယ်များ၊ မရှိမဟုတ်၊ ရှိခဲ့ဖူးသည်။ သို့ သော်ယင်းသို့ သောအခြေအနေများမှာ လူသားသမဂ္ဂတစ်ခုလုံး၏ဖြစ်စဉ်တွင် ခြွင်းချက်ကိစ္စများသာဖြစ်၏။ လူ့ သမဂ္ဂကြီး ရှေ့ တိုးမြင့်မားလာမှုတည်းဟူသော ဖြစ်စဉ်အတွင်းမှ ယာယီ ကိစ္စများသာဖြစ်၏။ လူ့ သမဂ္ဂကြီး တခုလုံးအတွက် အဆုံးအဖြတ်ကိစ္စများမဟုတ်ကြ။

“အ၀ိဇ္ဇာမြို့ ကလေး” ကောင်းကင်ယံတွင် အမှောင်ထုကြီးရှိနေသည်ကို ကျနော်မငြင်းပါ။ သို့သော် ဤမြို့  ကလေးတွင် လူတိုင်းအ၀ိဇ္ဇာဖုံးနေသည်ဟုလည်း မယူဆမိပါ။ ဘ၀ကိုအ၀ိဇ္ဇာနည်းကျကျဖြင့် သုံးသပ်ပြီး ၀ိဇ္ဇာ နည်းကျ လမ်းမှန်ပေါ်ရဲဝံ့စွာလျှောက်လှမ်းခြင်းဖြင့် မှားယွင်းဖောက်ပြန်သည့် စနစ်တစ်ခုအောက်မှ ရုန်းထွက် ရန် ကြိုးစားသည့် ၀ိဇ္ဇာလူသား(၀ါ) ၀ိဇ္ဇာမြို့ သူမြို့သားများ အမှန်တကယ် ရှိနေလိမ့်မည်ဟုတော့ မျှော်လင့် နေမိလေသည်။ ။

Read more...

ဗိုလ်ချုပ်အောင်ဆန်း၏ စာပေအယူအဆနှင့် စာပေအနုပညာ

၁၉၇၀ ခုနှစ် တ၀ိုက်တုန်းက ဖြစ်သည်။ ကျနော်တို့ငယ်စဉ် အသက်(၂၀) ၀န်းကျင်အရွယ် စာအုပ်စာတမ်းများကို အရူးအမူးဖတ်ခါစအချိန်။ ကမ္ဘာ့  ခေါင်းဆောင်များ၏ အတ္ထုပ္ပတ္တိ များကိုဖတ်ကာ စိတ်ကူးစိတ်သန်းများ ယှက်ဖြာ ခဲ့ကြဖူး၏။

အထူးသဖြင့် လူထုခေါင်းဆောင်များ၊ နိုင်ငံ့ခေါင်းများထဲတွင် တဘက်ကနိုင်ငံ့အရေးကို ဆောင်ရွက် ရင်း တဘက်ကလည်း စာပေကိစ္စများကို ဆောင်ရွက်ကြသည့် ခေါင်းဆောင်များကို တခုတ်တရရွေးချယ်ပြီးမှ လေ့လာမှတ်သား အလေးအနက်ထားခဲ့ကြဖူးသည်။ ဥပမာ အနေနှင့် ဗီယက်နမ်က ဟိုချီမင်း၊ တရုတ်ပြည်က မော်စီတုံး၊ အိန္ဒိယက နေရူး စသည်တို့ဖြစ်ကြ၏။ ဟိုချီမင်းနှင့် မော်စီတုံးက ကဗျာတွေရေးခဲ့ကြပြီး နေရူး ကမူ စကားပြေများကိုရေး၏။

ထိုစဉ်က ကျနော်တို့ တတွေ အလေးအနက်ထားလေ့လာမှတ်သားခဲ့ရသည့် ခေါင်းဆောင်များထဲတွင် ကျနော်တို့ နိုင်ငံ၏ အမျိုးသားခေါင်းဆောင်ကြီး“ ဗိုလ်ချုပ်အောင်ဆန်း” လည်းပါဝင်ခဲ့၏။ ဗိုလ်ချုပ်အောင်ဆန်းသည် နိုင်ငံ ရေး ကိစ္စများကို တဘက်ကဆောင်ရွက်ရင်း မအားလပ်သည့်ကြားက ဆောင်းပါးနှင့် ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိ တချို့ရေးသားချန်ရစ်နိုင်သည့်ခေါင်းဆောင်ကြီးတဦးဖြစ်၏။ အထူးသဖြင့် တက္ကသိုလ်ကျောင်းသား ဘ၀မှာ ကတည်းက ဗြိတိသျှကဗျာဆရာ“ အားနက်စ် ဟင်နလေ” ရဲ့“ အနိုင်မခံ ” ကဗျာကို မြန်မာဘာသာပြန်ဆိုခဲ့ သည့်အချက်မှာ ကျနော်တို့၏ နှလုံးသားကို ဆွဲဆောင်ကိုင်လှုပ်နိုင်ခဲ့၏။

ထို့နောက်ဗိုလ်ချုပ်၏ “ ကျောင်းသားဝတ္တရား” ဆောင်းပါး၊ “နိုင်ငံရေးအမျိုးမျိုး” ဆောင်းပါးများကိုလည်း ကျနော် တို့ ငြိတွယ်ခဲ့ကြ၏။ သို့သော် ထိုအချိန်က ဗိုလ်ချုပ်၏ စာပေလက်ရာများမှာ ရှာရဖွေရခက်ခဲလှ၏။ တစုတဝေး တည်း ထုပ်ထုပ်သိမ်းသိမ်း ပြုလုပ်ထုပ်ဝေသည့် စာအုပ်စာတန်းအနေနှင့်မရှိသေး။ ထို့ ကြောင့် ကျနော်တို့ မှာ ဗိုလ်ချုပ်၏ စာပေလက်ရာများကို စိတ်အားထက်သန်သလောက် ပြည့်ဝအောင်ရှာဖွေမဖတ်ရှုနိုင်ခဲ့။

၁၉၉၈ ခုနှစ်ထဲတွင်မူ ကျနော်တို့ တတွေ အနှစ်နှစ်အလလက တောင့်တခဲ့ရသည့်ဆန္ဒတခုမှာ မမျှော်လင့်ဘဲ ပြည့်ဝလာခဲ့ရ၏။ ထိုနှစ်ထဲတွင် “ ဗိုလ်ချုပ်အောင်ဆန်း၏ စာပေလက်ရာ” စာအုပ်ထွက်ရှိ လာသောကြောင့် ဖြစ်၏။ ဗိုလ်ချုပ်အောင်ဆန်း၏ စာပေလက်ရာများကို ယခုကဲ့သို့ တလုံးတစည်းတည်းစာအုပ်တအုပ် အနေနှင့် စုဆောင်း ကြိုပမ်းခဲ့သည့်ပုဂ္ဂိုလ်မှာ ဆရာ ‘ မြဟန် ’ ( တက္ကသိုလ်များ သမိုင်းသုတေသနဌာန အကြီး တန်း သုတေသနမှူး) ဖြစ်၏။

“ဗိုလ်ချုပ်အောင်ဆန်း၏ စာပေလက်ရာ”စာအုပ်တွင် တက္ကသိုလ်များ သမိုင်းသုတေသနဌာန ညွန်ကြားရေး မှူး ဒေါ်နီိနီမြင့်က ဥယျောဇဉ်ရေး၏။ နိဒါန်းစာကိုမူ ဆရာ မြဟန် ကရေး၏။ ဤစာအုပ်တွင်“ဗိုလ်ချုပ်အောင်ဆန်း ၏ စာရေးဝါသနာ” ၊ “ဆောင်းပါးအနှစ်ချုပ်များ ” နှင့် “ဗိုလ်ချုပ်အောင်ဆန်းပြောသော ဗိုလ်ချုပ်အောင်ဆန်း၏ ရုပ်ပုံလွှာ” ဆောင်းပါး( ၃ )ပုဒ်မှာမူ ရေးသူအမည်မပါရှိဘဲ ဖေါ်ပြထားသည်ကိုတွေ့ ရ၏။ သို့သော် ဤဆောင်းပါး များတွင်ပါရှိသည့် အတွင်းစာသားတချို့ အပေါ်မူတည်ကာ၊ ဤစာအုပ်ကိုကြိုးပမ်းစုစည်းသူ ဆရာ‘ မြဟန် ’ ကိုယ် တိုင်ပင်ဖြစ်မည်ဟု ယူဆရ၏။သို့သော်စာရေးသူအမည် မဖေါ်ပြသည့်ဆောင်းပါး များဖြစ်သည့်တိုင် ဤဆောင်းပါး များမှာ ဗိုလ်ချုပ်အောင်ဆန်းနှင့် ဗိုလ်ချုပ်အောင်ဆန်း၏စာပေလက်ရာများအပေါ် စာဖတ်သူများပိုမိုနားလည်ခံစား နိုင်ရန်အထောက်အကူပြုသည့်အတွက်ကိုမူ ကျေးဇူးတင်ရမည်ဖြစ်၏။
* * * * * * *


“ဗိုလ်ချုပ်အောင်ဆန်း၏စာပေလက်ရာ” စာအုပ်တွင် ဗိုလ်ချုပ်အောင်ဆန်း၏ “အယူအဆရေးရာကိစ္စများ”ကိုတွေ့  ရသည်။ ထိုအယူအဆရေးရာကိစ္စများမှာ ကျောင်းသားများ တူညီဝတ်စုံဝတ်သင့်၊ မသင့်ကိစ္စမှအစ ဘ၀ လမ်းညွန် အယူအဆကိစ္စအထိ ကျယ်ကျယ်ပြန့် ပြန့်ပါဝင်၏။

ဥပမာ“ဗိုလ်ချုပ်အောင်ဆန်း ” အင်္ဂလိပ်လိုရေးသား သည့် Freedom 0f Dress in School ဆောင်းပါး နှစ်ပုဒ်တွင် ဦးသန့် ၏ “ဂန္တလောက” မဂ္ဂဇင်းတွင် ရေးသည့် “ From my School Window ” ဆောင်းပါး အပေါ်ပြန်လည် ချေပရေးသားသည့်ဆောင်းပါးဖြစ်သည်။ ကျောင်းသားများ တူညီဝတ်စုံဝတ်စေသည့်ကိစ္စမှာ လွတ်လပ်မှုမရှိခြင်း ကို ပြဆိုခြင်းမဟုတ်ဘဲ စည်းလုံးမှုနှင့်ချစ် ခင်ရင်းနှီးမှုစိတ်ဓာတ်တို့ ကိုပွားစေကြောင်း ချေပသည့်ဆောင်းပါးဖြစ်၏။

နောက်ထပ် ဥပမာတ ခုမှာ ဗိုလ်ချုပ်၏နာမည်ကျော်ဆောင်းပါး “ Burma and Buddhism” ဖြစ်သည်။ အင်္ဂလိပ် လို ရေးသားသည့်ဆောင်းပါးဖြစ်၏။ ဤဆောင်းပါးမှာ ၁၉၃၅ ခုနှစ် ဧပြီလထုတ် ဂန္တလောက မဂ္ဂဇင်းတွင် ပါဝင် သည့်ဆောင်းပါးဖြစ်၏။ ဗိုလ်ချုပ်အောင်ဆန်းတက္ကသိုလ်ကျောင်းသားဘ၀က ရေးသည့် ဆောင်းပါးဖြစ်၏။

ထိုစဉ်က ဗိုလ်ချုပ်မှာ အသက် ( ၂၀ ) အရွယ်သာရှိသေး၏။ အခြေခံသည့်အကြောင်းအရာမှာမြင့်၏။ အမျိုးသား ဓလေ့ ထုံးစံအယူအဆများအပေါ် လူငယ်များမည်ကဲ့သို့ ခံယူကျင့်သုံးသင့်ကြောင်း တင်ပြဆွေးနွေးသည့် ဆောင်းပါး ဖြစ်သည်။ စိတ်ဝင်စားဖွယ်ကောင်းလှသည့်အချက်မှာ ဤဆောင်းပါး၌ “ဗုဒ္ဓ” ၏“ ကာလမသုတ္တန်” လာ အယူ အဆကိုအလေးအနက်ထား တင်ပြဆွေးနွေးသည့်အချက်ဖြစ်၏။ ယင်းအယူအဆမှာ “ ၀ိဘဇ္ဖ၀ါဒ ” ဖြစ်၏။ “ဗုဒ္ဒ၀ါဒ” ၏ အနှစ်ဖြစ်၏။ အယူဝါဒတစ်ခု၏အမှားအမှန်ကိုဝေဖန်ပိုင်းခြားပြီးမှသာ လက်ခံ ကျင့်သုံးသင့်ကြောင်း ထောက်ပြသည့်ဆောင်းပါးဖြစ်၏။

“ဗိုလ်ချုပ်အောင်ဆန်း၏ စာပေလက်ရာ”ကို ဖတ်ပြီးဗိုလ်ချုပ်၏အယူအဆရေးရာ အတိုင်းအဆ အတိမ်အနက် ကိုခန့် မှန်းလို့ ရသည့် နောက်ထပ် ဥပမာရှိပါသေးသည်။“ကျောင်းသားဝတ္တရား” ဆောင်းပါးဖြစ်၏။

ဤဆောင်းပါး၏ အနှစ်သာရမှာ( ၂ )ချက်ရှိ၏။( ၁ ) အချက်မှာ ပညာရေး၏သဘောသကန်ကိုဖွင့်ဆိုခြင်းဖြစ်ပြီး (၂)အချက်မှာကျောင်းသားများထားရှိရမည့် ပညာသင်ကြားရေးဆိုင်ရာအလုပ်လမ်းညွှန်ဖြစ်၏။ ပထမ အချက် အရ ပညာရေး၏သဘောသကန်ကိုဖွင့်ဆိုရာ၌ “ပညာစစ်” ဆိုသည်မှာ ပညာသင်ကြားရေးလွတ်လပ်ခွင့် Academic Freedom ရှိမှသာ စစ်မှန်သည့်ပညာရေးဖြစ်ကြောင်းဖွင့်ဆိုချက်ဖြစ်၏။

နောက် တချက်မှာ ကျောင်းသားများဝတ္တရားမှာအတန်းစာကျက်၍ စာမေးပွဲအောင်ရုံမျှနှင့်တာဝန်ကျေပွန်သည် မဟုတ်။ လောက ရေး၊ ဓမ္မရေးနှင့်ပြဿနာအရပ်ရပ်တို့ကို စိစစ်ဝေဖန်ဖြေရှင်းတတ်သောပညာမျိုးကိုရအောင် ဆည်းပူးကြရမည်ဟူသည့်အလုပ်လမ်းညွှန် အယူအဆဖြစ်၏။ တနည်းအားဖြင့်ဆိုလျင် ကျောင်းသားဟူသည်မှာ ပညာရေးတွင်မက လောကရေးကိုပါလေ့လာပါဝင် ဆင်ခြင်လုပ်ကိုင်ရမည့် ၀တ္တရားရှိသည် ဟူသည့် အယူအဆ ပင်ဖြစ် သည်။ အမှန်စင်စစ် ဗိုလ်ချုပ်အောင်ဆန်းသည်“ကျောင်းးသားများ နိုင်ငံရေးနှင့် မသက်ဆိုင်၊ ပညာရေး သက်သက်သာလေ့လာပါဝင်ရမည်” ဟူသည့်အယူအဆကို လက်မခံခဲ့ကြောင်း အထင်အရှားတွေ့ ရသည့် ဆောင်းပါးဖြစ်၏။

အယူအဆရေးရာအရ နောက်ထပ်ဥပမာတခုရှိပါသေးသည်။ “နိုင်ငံရေးအမျိုးမျိုး”ဆောင်းပါးဖြစ်၏။ ဤဆောင်းပါး တွင် အဓိကအားဖြင့်အချက်( ၂ )ချက်ကိုတွေ့ ရ၏။ ပထမအချက်မှာ“နိုင်ငံရေးဆိုသည်မှာ လူမှုသူမှုကိစ္စအားလုံး ပင်ဖြစ်၏”ဟု ဗိုလ်ချုပ်က ယူဆ၏။ ထိုစဉ်က နိုင်ငံရေးခေါင်းဆောင်တချို့ နိုင်ငံရေးလုပ်ရင်း နိုင်ငံရေးအရှုပ် အထွေး များကြားညပ်နေသည့်အခါ “နိုင်ငံရေးဆိုသည်မှာ ညစ်ပတ်သည့်အလုပ်ဖြစ်သည်၊ ကုသိုလ် တပဲ ငရဲ တပိဿာ အလုပ်ဖြစ်သည်” ဟူသောစကားပြောကြသည်ကို ဗိုလ်ချုပ်က ကန့်ကွက်၏။“နိုင်ငံရေးသည် လောကီ ရေး ပင်ဖြစ်၏။ လူတွေသည်ပြုပြင်လို့ ရ၏။ ပြုပြင်လို၏။ တိုးတက်လို၏။ ဤအချက်မှာ ထင်ရှားနေပေပြီ။ စင်စစ် နိုင်ငံရေးမှာ ထိုပြုပြင်တိုးတက်လိုသည့် ပင်မတရားကြီးတရပ်ပင်ဖြစ်၏” ဟုအခိုင်အမာ မြုင့်တင်ရေးသားလိုက်၏။

ဗိုလ်ချုပ်အောင်ဆန်း၏ အယူအဆရေးရာကိုသိရှိနိုင်သည့်နောက်ဆုံးဥပမာမှာ “စာပေရေးရာ အယူအဆ”ဖြစ်၏။ ဗိုလ်ချုပ်သည် စာပေရေးရာအယူအဆကို ဖေါ်ပြသည့်ဆောင်းပါးတပုဒ်ကိုရေးခဲ့သည်ကားမှန်၏။ သို့ သော် ထို ဆောင်းပါးကို မည်သည့်နေရာဌာနတွင် ဖေါ်ပြခဲ့သည်ကိုလည်းကောင်း၊ ဆောင်းပါ၏ ခေါင်းစဉ်ကို လည်းကောင်း မှတ်တမ်း မှတ်ရာအရ မရှိနိုင်ခဲ့ပါ။

ဗိုလ်မှူးကြီး‘ ဘို ’ ဆိုသူက ၁၉၄၉ ခုနှစ်တွင်ထုတ်ဝေသည့်“အိုးဝေမဂဇင်း” ၌ ဗိုလ်ချုပ်အောင်ဆန်း၏ စာပေ အယူ အဆဆိုင်ရာဆောင်းပါးကို ဖေါ်ပြပေးခဲ့သဖြင့်သာ လူအများ ဖတ်ကြရခြင်းဖြစ်၏။ ဤဆောင်းပါးတွင် ဗိုလ်ချုပ် အောင်ဆန်း ၏ စာပေအယူအဆမှာ“မိမိရေးလိုက်သည့်စာပေသည် အမြဲတမ်းရှင်သန်နေရမည်၊ အဖျက်သဘော မပါဘဲ အဖြစ်သဘောနှင့် အပြုသဘောပါစေရမည်၊ ခေတ်မီ၍ ပြုပြင်ဖန်တီးခြင်းသဘော ပါစေရမည်၊ ရှိရင်းစွဲ အရာ တစ်ခုကို ပျက်မသွားစေဘဲ ညံ့မသွားစေဘဲ ပို၍ ကောင်းမွန်လာစေရမည်၊ ခေတ်အလိုက် လူ့ လောက တိုး တက်ရေးကို အားပေးသည့် စာပေမျိုး ဖြစ်စေရမည်၊ စာဖတ်ပရိသတ်များကို တစ်နေ့ ထက်တစ်နေ့ တိုးတက်ကြီး ပွား စေမေည့် စာပေမျိုး ဖြစ်ရမည် ” ဟုရေးသားခဲ့၏။

ဤသည်တို့မှာ “ ဗိုလ်ချုပ်အောင်ဆန်း၏စာပေလက်ရာ” စာအုပ်မှရရှိသည့် ဗိုလ်ချုပ်အောင်ဆန်း၏ အယူ အဆ ရေးရာအပိုင်း ဥပမာတချို့ပင်ဖြစ်သည်။

* * * * * * *


“ဗိုလ်ချုပ်အောင်ဆန်း၏ စာပေလက်ရာ” စာအုပ်ကိုဖတ်လျင် ဗိုလ်ချုပ်၏ အတွေးအခေါ်အယူအဆပိုင်း အခြေနေကို ကျနော်တို့လေ့လာလို့ ရနိုင်၏။ ထို့အပြင် ဗိုလ်ချုပ်အောင်ဆန်း၏ စာရေးနည်းအတတ်ပညာ အခြေနေကိုလည်း လေ့လာနိုင်၏။ တနည်းအားဖြင့်ဆိုလျင် အကြောင်းအရာနှင့် အတတ်ပညာနှစ်ခုစလုံး လေ့လာခွင့်ရနိုင်၏။

“ဗိုလ်ချုပ်အောင်ဆန်း၏ စာပေလက်ရာ” စာအုပ်ထဲမှ ဗိုလ်ချုပ်၏ အယူအဆရေးရာပိုင်းကို ကျနော် အထက် တွင်တင်ပြခဲ့ပြီးဖြစ်သည်။ ဤနေရာတွင်မူ ဗိုလ်ချုပ်အောင်ဆန်း၏ စာရေးနည်းအတတ်ပညာအခြေအနေကို လေ့ လာကြည့်မိသည်။ ဗိုလ်ချုပ်အောင်ဆန်း၏ စာရေးနည်း အတတ်ပညာ( ၀ါ ) ဗိုလ်ချုပ်အောင်ဆန်း၏ စာရေးနည်း အတတ် ပညာကြွယ်ဝမှု၊ မကြွယ်ဝမှုကိုလေ့လာလိုလျှင်“ ဗိုလ်ချုပ်အောင်ဆန်း၏စာပေလက်ရာများ”စာအုပ်ထဲ တွင်ပါရှိသည့်“ဗိုလ်ချုပ်အောင်းဆန်း၏ ကိုယ်ရေးအတ္ထုပ္ပတ္တိ” ဆောင်းပါးကိုကျနော်ညွှန်းရပါလိမ့်မည်။ ဤ ဆောင်းပါးမှာ ဗိုလ်ချုပ် အောင်ဆန်းက သူကိုယ်တိုင်ပြန်းရေးခဲ့သည့် အတ္ထုပ္ပတ္တိဆောင်းပါးဖြစ်သည်။

ဗိုလ်ချုပ်အောင်ဆန်း၏ ကိုယ်ရေးအတ္ထုပ္ပတ္တိဆောင်းပါးအစမှာ ဗိုလ်ချုပ်အောင်ဆန်းက သူမွေးဖွာခဲ့သည့် နတ်မောက်မြို့ အိမ်ကြီးတအိမ်၏ အနောက်ဘက် အဆောင်ငယ်ကလေးအကြောင်းကိုရေး၏။ ရေးပုံရေးနည်း က ဆန်းသည်။

ပထမဦးစွာနတ်မောက်မြို့၏ ဖွဲ့ စည်းပုံကိုရေး၏။ မီးရထားဘူတာရုံတခုကိုရေး၏။ ထို့နောက် ဘူတာ၏ ၀ဲယာ ပတ်လည်မှ မြေပဲခင်း နှမ်းခင်းများဆီ ရောက်၏။ ထိုမှတဖန် တောရကမ္မဌာန်းကျောင်း၊ ထိုမှ ခပေါင်းကုန်း(သို့) နကျားထူးရွာစု၊ ထို့နောက်နောက်ထပ် ရွာစု (၂ )ခု ၊ ထို့နာက်လောကဓာတ် မြန်မာအထက်တန်းကျောင်း၊ ထို့  နောက် ငါးရက်တဈေး၊ ပုလိပ်ဂိတ်တန်းလျား ၊ စာတိုက်၊ မြို့ အုပ်ရိုး အစရှိသည်တို့ ကိုတဆင့်ပြီး တဆင့်ရေးသွား ခဲ့၏။ နောက်ဆုံးတွင်မြို့ ရွာမကြီးထဲက ဧရာမ အိမ်ကြီးတအိမ်ကိုဆိုက်၏။ ဗိုလ်ချုပ်အောင်ဆန်းသည်ကား ထို အိမ် ကြီး၏ နောက်ဖေး အဆောင်ငယ်တွင်မွေးဖွား ခဲ့လေသည်။

ဗိုလ်ချုပ်အောင်ဆန်းသည် သူမွေးဖွားခဲ့ရာ အိမ်အိုကြီး၏ နောက်ဖေးအဆောင်လေးဆီရောက်အောင် စာဖတ်သူ များကိုတဆင့်ပြီးတဆင့်လမ်းညွှန်ခေါ်ဆောင်သွားသလိုရေးလေသည်။ စာဖတ်သူမှာ တနေရာပြီးတနေရာ ဗိုလ်ချုပ် အောင်ဆန်းဦးဆောင်ခေါ်ငင်ရာနောက် တကောက်ကောက်လိုက်ခဲ့ရ၏။ စာဖတ်သူမှာ ကိုယ်တိုင်လမ်း လျှောက်ပြီးလိုက်လာခဲ့ရသလို ယာခင်းများကိုဖြတ်ခဲ့ရ၏။ ရွာစုတချို့ ကိုဖြတ်ရ၏။ ပလိပ်တန်းလျား၊ စာတိုက်တို့ ရှေ့ မှဖြတ်ရ၏။ စာပိုဒ်ဆုံးခါနီးကြမှ အိမ်ကြီးတအိမ်၏ နောက်ဖေးအခန်းငယ်ဆီ ရောက်လာလေသည်။

ဗိုလ်ချုပ်အောင်ဆန်း၏ စာရေးနည်းအတတ်ပညာအားကောင်းမှုကြောင့် နတ်မောက်မြို့ ကလေးကို မျက်စိထဲတွင် ထင်ထင်ရှားရှားမြင်လာရလေသည်။ ဤရေးဟန် အဖွဲ့ အနွဲ့ မှာ သဘာဝပတ်ဝန်းကျင် အနေအထားကို ဖေါ်ပြ သော ရေးနည်းရေးဟန်ဖြစ်၏။

ဤ ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိထဲမှာပင် ဇာတ်ကောင်စရိုက်အဖွဲ့ အနွဲ့ တချို့ ကိုလည်းထင်းထင်းပြက်ပြက် တွေ့ ရ၏။ ဥပမာ ဗိုလ်ချုပ်အောင်ဆန်းက သူ၏ ငယ်စဉ်ဘ၀ စိတ်နေစိတ်ထားနှင့် စရိုက်ကိုဖေါ်ပြရာ၌ တခြား ဇာတ်ကောင် တဦး နှင့် နှိုင်းယှဉ်တွဲဖက်ပြီးမှ ဖေါ်ပြ၏။ အထူးသဖြင့် သူ၏စိတ်ထား စရိုက်နှင့်ဆန့် ကျင်ဘက် သဏ္ကာန်ဖြစ်သည့် တခြားဇတ်ကောင်းတဦးနှင့်ယှဉ်တွဲ ဖေါ်ပြခြင်းဖြင့်သူ၏ စရိုက်ကိုပေါ်လွင်စေခဲ့၏။ ဗိုလ်ချုပ်အောင်ဆန်းက သူ၏ ငယ်စဉ် ဘ၀ အခြေအနေကို အခုလိုရေးခဲ့လေသည်။

“ကျနော်၏ အထက်အစ်ကို ကိုအောင်သန်းနှင့် ကျနော်မှာ အသက် ၃ နှစ်ခွဲ ၄ နှစ်မျှကွာ၏ ။ သူနှင့်ကျနော်ကား ငယ်ငယ်က ရန်ဖြစ်ဘက်ဖြစ်၏ ။ သူကား လက်မြန်၏ ။ ကျနော်ကား အားကြီး၏ ။ မချိန်မဆ လက်လွတ်စပယ် လုပ်တတ်၏ ။ သူကား နု၏ ။မင်းသားကျချင်၏ ။ ကျနော်က ကြမ်း၏ ။ သူသည် အစားအသောက် အနေထိုင်မှ စ၍ သပ်ရပ်၏ ။ အစားဆိုလည် အစားတိုင်းမစား ၊ စားသောက်နေသည့်အခါ အစာမြေကြီးပေါ်သို့ ကျသွားလျှင် သူသည် မစားတော့၊ ကျနော် က ဖုတ်ဖက်ခါ၍ စားနိုင်လျှင်စား၏ ။ သူကား အ၀တ်များကို သပ်သပ်ရပ်ရပ် ၀တ်တတ်၏ ။ ကျနော်ကား မ၀တ်တတ် ။ မြန်မြန်ညစ်အောင် ၀တ်တတ်၏ ။ သူသည် မြေကြီးကြမ်းများပေါ်တွင် မည်သည့်အခါမှ တုံးလုံးမလှဲ၊ ကျနော်ကား ကြိမ်ဖန်များစွာ လှဲဖူး၏ ။ သူကား ပါး၏ လျှင်၏ ။ ကျနော်ကား ထူ၏ အေး၏” ဟုရေးလေသည်။

ဤ ဆောင်းပါးထဲ၌ ဗိုလ်ချုပ်အောင်ဆန်း၏ နှလုံးသားကို အထင်ရှားဆုံး ဖေါ်ပြနိုင်သည့် စာကြောင်းတကြောင်းကို တွေ့ ရ၏။ “ စိမ်းလန်း စိုပြေ ကျယ်ပြန့် သော ရေမြေရိုင်းပေါ်တွင် လက်ပမ်းပေါက်ခတ်၍ လွတ်လွတ်လပ်လပ် မြူးထူးအော်ဟစ်နေလိုသည်” ဟူသောစာကြောင်းဖြစ်၏။

“ဗိုလ်ချုပ်အောင်ဆန်း၏ စာပေလက်ရာ” စာအုပ်ကိုဖတ်ပြီးနောက် ဗိုလ်ချုပ်သည်ကား “အတွေးကောင်း၊ အ ရေးကောင်းသူ” တဦးဖြစ်သည်ကို ကျနော်မငြင်းနိုင်တော့။

* * * * * * *


“ဗိုလ်ချုပ်အောင်ဆန်း၏ စာပေလက်ရာ” စာအုပ်မှာ အကျိုးကျေးဇူးကြီးမားလှသည်ကို ကျနော် ၀န်ခံသည်။ စာအုပ်တအုပ်ဖြစ်မြောက်အောင် ဆောင်ရွက်ခဲ့ကြသည့် ပုဂ္ဂိုလ်များအပေါ်လေးစားမိသည်။ ထိုပုဂ္ဂိုလ် များ၏ ‘စေတနာ ’ ကိုကျနော်တန်ဖိုးထား၏။ သို့သော် ဖြည့်စွက်အကြံပြုလိုသည့် အချက်တချက်တော့ရှိပါသည်။

ဗိုလ်ချုပ်အောင်ဆန်းသည် တက္ကသိုလ်ကျောင်းသားဘ၀က ကဗျာတပုဒ်ကိုမြန်မာဘာသာပြန်ဆိုခဲ့ဖူး၏။ လူ အတော် များများသိထားကြပြီးဖြစ်ပါသည်။ ဗြိတိသျှကဗျာဆရာ ‘ အားနက်စ် ဟင်နလေ ’ ရဲ့ “အနိုင်မခံ ” ကဗျာဖြစ်၏။ ယင်းဘာသာပြန်ကဗျာကိုလည်း ဗိုလ်ချုပ်အောင်ဆန်း၏ စာပေလက်ရာတခုအဖြစ်ထည့်သွင်းဖေါ်ပြ သင့်သည်ဟုကျနော်ယူဆမိသည်။ အမှန်စင်စစ်ဘာသာပြန်အတတ်ပညာမှာလည်းအနုစာပေရေးရာ ကိစ္စတခု သာ ဖြစ်သည်ဟု ကျနော်ယူဆမိသည်။ မူရင်းမှာ ဘာသာပြန်သူနှင့်မသက်ဆိုင်သော်ငြားလည်း ဘာသာပြန်ဆို ရ သူ၏အရည်အချင်းပေါ်မူတည်ပြီး အောင်မြင်သောစာပေလက်ရာတခုဖြစ်လာနိုင်သည်ကိုမူ သတိပြုရမည် ဖြစ် သလို ဘာသာပြန်ဆရာများကြောင့် လူမျိုးများအချင်းချင်း ယဉ်ကျေးမှုပေါင်းကူးယှက်နွယ်တိုးတက်လာစေသည် ကို လည်း အသိအမှတ်ပြုကြရမည်ဖြစ်၏။

ဤစာအုပ်ဖြစ်မြောက်အောင်ဆောင်ရွက်ခဲ့ကြသည်ပုဂ္ဂိုလ်များက ‘အနိုင်မခံ ’ ဘာသာပြန်ကဗျာကို မူရင်း ဖန်တီး သူမဟုတ် ဟူသောအယူအဆဖြင့် တမင်ချန်ထားခဲ့သည်လော၊ သို့တည်းမဟုတ် ပညာရှိသတိဖြစ်ခဲဆိုသလို မေ့လျော့ကျန်ခဲ့သည်လော ကျနော်မသိ။ ကျနော်ကတော့ သည်ဘာသာပြန်ကဗျာကိုလည်း ဗိုလ်ချုပ်အောင်ဆန်း ၏ စာပေလက်ရာတခုအဖြစ်ထည့်သွင်းဖေါ်ပြစေချင်၏။

“ဗိုလ်ချုပ်အောင်ဆန်း၏ စာပေလက်ရာ”စာအုပ်ကိုဖတ်ပြီးနောက် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ် အောင်ဆန်း ၏ အတွေးအခေါ်အယူအဆနှင့် စာပေအတတ်ပညာရပ်များကို တစုံတရာလေ့လာတွေ့ ထိ နိုင် သည့်အတွက် ကျေနပ်ဂုဏ်ယူရသည်မှာမှန်၏။ သို့သော်တပြိုင်နက်တည်းဆိုသလို ကြေကွဲဝမ်းနည်းမိသည့် အချက်တချက်လည်းရှိပါသေးသည်။

ဗိုလ်ချုပ်အောင်ဆန်းသည်နောင်တချိန်ချိန်တွင် နိုင်ငံရေးနယ်ပယ်မှထွက်ကာ စာရေးဆရာတဦးအနေ နှင့် ဘ၀ နိဂုံးချုပ်ချင်သည့် စိတ်ဆန္ဒပြင်းပြခဲ့သူဖြစ်၏။ သူ၏ ဤစိတ်ဆန္ဒကို အသိမိတ်ဆွေများအား မကြာခဏ ထုတ်ဖေါ် ပြောဆိုခဲ့သူဖြစ်၏။ သို့သော် ဗိုလ်ချုပ်အောင်ဆန်း၏ ကြီးမားလေးနက်လှသည့် ဤ ပုဂ္ဂလိက စိတ်ဆန္ဒမှာမူ မပြည့်ဝ နိုင်ခဲ့ရှာပါ။

၁၉၄၇ ခု၊ ဇူလိုင်လ ( ၁၉ )ရက်၊ သူ အသက် ( ၃၂ ) နှစ် အရွယ်တွင် မသမာသူတို့၏ လုပ်ကြံသတ်ဖြတ်မှုကို ခံ ခဲ့ရ၏။ တိုင်းပြည်လွတ်လပ်ရေးကိုပင်မြင်တွေ့ ခွင့်မရခဲ့ရှာပါ။ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ စာပေလက်ရာများမှာ အရေအတွက်နည်းပါး၏။ ကြီးမားများမြောင်လှသည့် နိုင်ငံ့လွတ်လပ်ရေးကိစ္စများကြားမှပင် ဤအရေအတွက်နည်းပါလှသည့် စာပေလက်ရာတချို့ ကို ကြိုးစားဖန်တီးခဲ့ရရှာသည့် ဗိုလ်ချုပ်အောင်ဆန်းအား ကျနော်လေးစားမိသည်။ ထို့အပြင်ဘ၀ကိုစာရေးသူတဦး၏ ဘ၀နှင့်သာနိဂုံးချုပ်ရန် စိတ်အားထက်သန်ခဲ့သူ အမျိုးသားခေါင်းဆောင်ကြီး၏ နှလုံးသားကိုမူ ပိုပြီးလေးနက်မိပေ၏။

Read more...

ဆရာကြီး မင်းသုဝဏ်၏ စာပေဝေဖန်ရေး နည်းနာများ


(ဆရာကြီးမင်းသုဝဏ် အသက် ၁၀၀ ပြည့် အမှတ်တရ ဂုဏ်ပြုဆောင်းပါး)

(က)

ခေတ်စမ်းစာဆိုကြီး “မင်းသုဝဏ်”ကို ကဗျာဆရာ၊ ၀တ္ထုရေးဆရာ၊ ဘာသာဗေဒ ဆရာတဦးအနေ နှင့် ကျနော်သိပါသည်။ သို့သော် စာပေဝေဖန်ရေးဆရာတဦးအနေနှင့် မူကျနော်မသိ။

မင်းသုဝဏ်၏ “မြန်မာ စာအုပ် ဝေဖန်ချက်များ” စာအုပ်

၂၀၀၉ ခု ဖေဖော်ဝါရီ ၁၀ ရက်နေ့တွင်ကျရောက်မည့် ဆရာကြီးမင်းသုဝဏ်၏ မွေးနေ့ ရာပြည့် အထိမ်း အမှတ် ဂုဏ်ပြုဆောင်းပါးတပုဒ်ရေးရန်စဉ်းစားသောအခါ ကိုယ်ဖတ်ပြီးခဲ့သမျှ ဆရာကြီး၏စာအုပ်များကို ပြန် ပြီး စဉ်းစားရပါသည်။ ပြီးတော့ကိုယ် မဖတ်ရသေးသည့် ဆရာကြီး၏စာအုပ်များကိုလည်း လက်လှမ်းမီရာ ရှာဖွေပြီး ဖတ်ရပါသည်။ ထိုအခါ ဆရာကြီးမင်းသုဝဏ်၏ “မြန်မာစာအုပ်ဝေဖန်ချက်များ” စာအုပ်ကို ကျနော် တွေ့ရ ဖတ်ရ၏။ ထိုအခါကြမှသာ ဆရာကြီး မင်းသုဝဏ်မှာ စာပေဝေဖန်ရေးဆရာ တဦးလည်းဖြစ်သည်ကို ကျနော်သိရ၏။ ကျေနပ်ဂုဏ်ယူမိပါသည်။

အမှန်တကယ်အားဖြင့်ဆိုလျင် ဆရာကြီး မင်းသုဝဏ်၏ မွေးနေ့ရာပြည့်ဂုဏ်ပြု ဆောင်းပါးရေးရန် ရေးစရာ အကြောင်းအရာများ တပုံတပင်ကြီးရှိပါသည်။ သို့သော် ကျနော်က တခါတရံ စာအုပ်ဝေဖန်ရေး ဆောင်းပါး များရေးရန် စိတ်အားထက်သန်သူဖြစ်သဖြင့် ဆရာကြီး၏ စာအုပ်ဝေဖန်ရေးစာအုပ်ကိုတွေ့သည် ဆိုလျင်ပဲ၊ ဤစာအုပ်ကိုပင် ဝေဖန်စာရေးပြီး ဆရာကြီးအားဂုဏ်ပြုပူဇော်ရန် ဆုံးဖြတ်ခဲ့ရ၏။

ကျနော်က စာအုပ်ဝေဖန်ချက်များရေးလျင် “ဖတ်ညွှန်းလည်း မက၊ ဝေဖန်ရေးလည်းမကျ”သည့်နည်းကို နှစ် သက်ပါသည်။ သို့မှသာကိုယ့်ဝန်ကိုယ့်အားနှင့်လည်းမျှပြီး မူရင်းစာအုပ်၏ အာဘော်ကိုလည်းမထိခိုက်စေဘူး ဟုယူဆမိ၏။ စာအုပ်များကိုဖတ်ကာ တခြားစာဖတ်သူများကို ဗဟုသုတနှင့်ရသ တဆင့်မျှဝေလိုသည့် ဆန္ဒ၊ စာအုပ်အပေါ်မိမိ၏ ပုဂ္ဂလိကအမြင်အယူအဆကိုလည်းတင်ပြလိုသည့်ဆန္ဒရှိသည့်အတွက် စာအုပ် ဝေဖန် ရေးများကိုရေးခြင်းဖြစ်ပါသည်။ ထို့ကြောင့်ဆရာကြီး မင်းသုဝဏ်၏ စာအုပ်ဝေဖန်ရေးနည်းနာများကို စိတ်ဝင် စားမိ၏။

သည်နေရာတွင် စာအုပ်ဝေဖန်ရေးဆရာတချို့မှာ၊ မိမိကျွမ်းဝင်နှံ့စပ်ရာနယ်ပယ်ကို အခြေခံသည့် စာအုပ်များ ကိုသာ ဇောင်းပေးပြီးရွေးချယ်ရေးသားကြသည်ကိုတွေ့ဖူး၏။ ဆရာကြီး မင်းသုဝဏ်သည် မည်သည့် စာအုပ် များကိုရွေးချယ် ဝေဖန်ခဲ့သနည်း။ ဆရာကြီးမင်းသုဝဏ်၏ စာအုပ်ဝေဖန်ရေးနည်းနာမှာ အဘယ်နည်း။ ကျနော်တို့ အလေးအနက်ထားလေ့လာရန် လိုအပ်ပါလိမ့်မည်။

(ခ)

ဆရာကြီး မင်းသုဝဏ်၏ “မြန်မာစာအုပ်ဝေဖန်ချက်များ” စာအုပ်ဆောင်းပါးစဉ်(၁)မှာ “လွတ်လပ်ရေး၏ ရဲဘော်”ဖြစ်၏။ ဤခေါင်းစဉ်၏အောက်ကဆောင်းပါးကိုဖတ်တော့ ဆောင်းပါးအစမှအဆုံး နိုင်ငံရေး စကား လုံးနှင့်နိုင်ငံရေးကိစ္စတခုမျှမတွေ့ရ။ ဆရာကြီးက ဤဆောင်းပါးတွင်“သိပ္ပံမောင်ဝ”၏ “ခေတ်စမ်းစာပေ အထွေထွေ” စာအုပ်ကို ဝေဖန်ထားခြင်းဖြစ်၏။ ၁၉၃၀ ခုနှစ်ဝန်းကျင် မြန်မာပညာတတ်လူငယ်တစုနှင့် ရန်ကုန်တက္ကသိုလ်အတွင်း အပြင်စာပေပညာရှင်များ၊ မြန်မာစာပေဖွံ့ဖြိုးတိုးတက်ရေးကြိုးပမ်းမူများကို ဖေါ်ပြ ထားသည့် စာအုပ်ဖြစ်၏။ ထို့ကြောင့်ဆရာကြီး မင်းသုဝဏ်၏ ဝေဖန်စာထဲတွင် စာပေကိစ္စမှအပ တခြားနိုင်ငံ ရေးကိစ္စများလုံးဝမပါပါ။ သို့သော် စာဖတ်သူက အလိုလိုမပြောဘဲနှင့်သိလာရသည့်အချက်မှာ ကိုလိုနီခေတ် နှောင်းပိုင်း လွတ်လပ်ရေးကြိုးပမ်းမှုတိုက်ပွဲစဉ်ကြီးတခုလုံး၏ အခက်အလက်တခုမှာ မြန်မာစာပေ လွတ်လပ် စွာ ဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းဆောင်ရွက်မှုဖြစ်သည့် အချက်ပင်ဖြစ်သည်။ ထို့ကြောင့် စာပေဆောင်းပါး သက်သက်ဖြစ်သည့်တိုင် ဆရာကြီး မင်းသုဝဏ်က နိုင်ငံရေးခေါင်းစဉ်တခုကို ကောက်ပြီးတပ်ခဲ့၏။

စာအုပ်ဝေဖန်ရေးဆောင်းပါးရေးရန်စိတ်ထက်သန်နေခဲ့သည့် ကျနော့်အတွက် ဆရာကြီး မင်းသုဝဏ် ၏ ဆောင်းပါးခေါင်းစဉ်တပ်ပုံကို တွေ့ပြီးကျေနပ်အားတက်ရ၏။ ဤသို့ခေါင်းစဉ်တပ်ပုံမှာ ဝေဖန်သူ၏ဆန္ဒကို ဖေါ်ပြရာရောက်ပြီး စာအုပ်၏အာဘော်ကိုလည်း ကိုယ်စားပြု နိုင်သည်ဟု ကျနော် ယူဆမိ၏။

ဤဆောင်းပါးတွင် အဓိကအားဖြင့် ၁၉၃၀ ခုနှစ်ဝန်းကျင်က ခေတ်စမ်းစာပေလှုပ်ရှားမှုအကြောင်း မီးမောင်း ထိုးပြ၏။ ခေတ်စမ်းစာပေလှုပ်ရှားမှုကို ဦးဆောင်ခဲ့သူများ၊ ဦးဆောင်ခဲ့ပုံများ၊ ခေတ်စမ်းစာပေ၏ ရည်ရွယ် ချက်၊ ခေတ်စမ်းစာပေ၏ စာပေသဘောတရားနှင့်နည်းနာများ အစရှိသဖြင့် ခေတ်စမ်းစာပေ၏ ဒု နှင့် ဇောက် ကို အကျဉ်းချုံးပြီးရေး၏။ “ခေတ်စမ်းစာပေ”ဘာ့ကြောင့်ပေါ်ပေါက်ခဲ့ရသနည်း။ ခေတ်စမ်းစာပေသည် မည်ကဲ့ သို့ ရုန်းကန်လှုပ်ရှားတည်ဆောက်ခဲ့ရသနည်း။ ထိုခေတ်ကလူတချို့က ခေတ်စမ်းစာပေအပေါ်သဘောထား ဘယ်လိုရှိခဲ့သနည်း အစရှိသည့် “ ခေတ်စမ်းစာပေ လှုပ်ရှားမှု” ရင်ဆိုင်ခဲ့ရသည့် စိမ်ခေါ်ချက်များကိုဆရာကြီး မင်းသုဝဏ်က ကောက်နုတ်ရွေးချယ်ပြီးမီးမောင်းထိုးပြလေသည်။

မာတိကာကိုဖတ်ရင်းက ဆောင်းပါးတချို့ကိုကျော်ကာ “ကွဲပြားသည့်အထဲက တူညီချက်” ဆောင်းပါးကို ကျနော်ဖတ်မိသည်။ ကျနော်ယုံကြည်စိတ်ဝင်စားသည့် “ဗဟုဝါဒ” အယူအဆနှင့်ကိုက်ညီနေသောကြောင့် ဖြစ် ၏။ ဆောင်းပါးကိုဖတ်ကြည့်တော့ ပိုပြီးကျေနပ်ရပြန်သည်။ ဆရာကြီး မင်းသုဝဏ်က စာရေးသူ တချို့ စုပေါင်းရေးသားထုတ်ဝေသည့် “ရခိုင်ညွှန့်ဖူး” စာအုပ်ကိုဝေဖန်ထားခြင်းဖြစ်၏။

မြန်မာစကားဖြစ်သော်လည်း နေရာဒေသကွဲသည့်အခါ အဓိပ္ပာယ်မကွဲသည့်တိုင် အသံထွက်များကွဲပြားသွား သည်ကို ဆရာကြီးက ထောက်ပြပြီး နေရာဒေသ၊ လူမျိုး၊ မတူကွဲပြားခြားနားမှုမှာ ပကတိကိစ္စဖြစ်သဖြင့် အသိ အမှတ်ပြုရမည်ဖြစ်ကြောင်း၊ သို့သော် ယင်းမတူကွဲပြားခြားနားခြင်းထဲက တူညီချက်ကို ရအောင်ရှာပြီး ဘုံနှစ်ဦးနှစ်ဘက်အကျိုးရှိစေသည့်နည်းကိုရှာကြရမှာဖြစ်ကြောင်းထောက်ပြ၏။ ကျနော်အကြီးအကျယ် တုန် လှုပ်မိမတတ်အံ့သြသွားရ၏၊ ဆရာကြီးမင်းသုဝဏ်သည် စာအုပ်ဝေဖန်ရေးဆောင်းပါးကိုရေးနေသည်မှ ဟုတ် ပါလေစ။မြန်မာပြည်စာပေလောကတွင်“ဗဟုဝါဒ”ကို အစောဆုံး ပြောသူမှာ“ဒဂုန်တာရာ” ဟု ယူဆရ၏။ ဆရာကြီး မင်းသုဝဏ်က ဗဟုဝါဒ သဘောဆန်သည့်အယူအဆကို ၁၉၇၀ ခုနှစ်ကတည်းကပင်ပြောခဲ့ သလို ဖြစ်၏။ စာပေကိစ္စပြောသည့်တိုင် ဤအယူအဆမှာ ကျယ်ပြန့်နက်ရှိုင်းသိမ်မွေ့လွန်းနေ၏။

ကျနော်က ငယ်ရွယ်သူလူငယ်စာဖတ်သူတဦးအား ဆရာကြီး မင်းသုဝဏ်၏ “မြန်မာစာအုပ် ဝေဖန်ချက်များ” စာအုပ်ကိုပေးဖတ်မိသေးသည်။ ပြီးတော့ဆရာကြီး၏ ဝေဖန်နည်း တချို့ကိုရှင်းပြသည်။

ထိုအခါ ယင်းစာဖတ်သူလူငယ်က ကျနော့်အား စောဒကတက်၏။ ဆရာကြီးသည် စာအုပ်များ၏အားသာ ချက်များကိုသာ မီးမောင်းထိုးပြပြီး အားနည်းချက်များကိုမူထောက်ပြရန် ပျက်ကွက်နေသည်ဟု ထင်ကြောင်း ပြော၏။ ကျနော်က အပြုံးနှင့်သာနားထောင်နေခဲ့သည်။

ဆရာကြီး မင်းသုဝဏ်သည် စာအုပ်၏အားနည်းချက်များကို ထောက်ပြရန် ၀န်မလေးခဲ့၊ မပျက်ကွက်ခဲ့ပါ။ စာအုပ်၏အားနည်းချက်များ ကိုထောက်ပြသည့်အခါ စာအုပ်တအုပ်တွင် မလွဲမသွေပါရှိအပ်သည့် စာမျက်နှာ တပ်ပုံ၊ ထုတ်ဝေမှတ်တမ်းထည့်ရန် ပျက်ကွက်ပုံများကအစ စာရေးသူ၏ အကောက်အယူအတိမ်းအစောင်း အထိထောက်ပြ၏။ ဥပမာ ဒဂုန်ပဦးဘတင်၏ “ကျွန်ပ်နှင့်မြန်မာရုပ်ရှင်လောက”စာအုပ်ကိုဝေဖန်ရာတွင် “အမှာနှင့်နိဒါန်းပါသောစာမျက်နှာတို့ကို ဂဏန်းထိုးမထားသည်မှာ သမိုင်းဆရာများအဖို့ ထုတ်ဆောင် ကိုးကား ဖေါ်ပြရန် ပြဿနာတရပ် ဖြစ်ပေလိမ့်မည်”ဟု ထောက်ပြခဲ့၏။ တဖန်စာရေးသူတို့၏ စာရေးပုံ ရေးနည်း မှားယွင်းသည့်အတွက်ကိုလည်းထောက်ပြဝေဖန်သည်လည်းရှိ၏။ ဥပမာ မှူးတင်၏ “ယနေ့သိပ္ပံ” စာအုပ်ကိုဝေဖန်ရာတွင် စာရေးနည်း၊ ၀ါကျဖွဲ့ပုံဖွဲ့နည်း မှားယွင်းသည့်အတွက် အဓိပ္ပာယ်နှစ်ခွထွက်ခြင်း များ ကို ထောက်ပြရာ၌ “နေနှင့်တကွသောဂြိုဟ်ကိုးလုံး ဆိုရာတွင် နေကတခြားလား၊ ဂြိုဟ်ကိုးလုံးက တခြား လား။ နေသည်ဂြိုဟ်ကိုးလုံးတွင် အပါအ၀င်လား၊ ကွဲပြားအောင်ရေးသားသင့်သည် ထင်ပါသည်”ဟု ထောက် ပြခဲ့၏။ တဖန်စာရေးသူတို့၏အကောက်အယူအမှားကိုလည်း ဝေဖန်ထောက်ပြခဲ့၏။

ဥပမာ ဆရာတိုက်စိုးနှင့် မင်းယုဝေတို့ပြုစုသော “မြန်မာစာမိတ်ဖွဲ့” စာအုပ်ကို ဝေဖန်ရာ၌ “သို့သော်လည်း သဒ္ဒါနှင့် သဒ္ဓါကို ဆရာများအသံကစားကာ ရေးထားလေသလားဟု ထင်စရာဖြစ်သည့်သာဓကကိုကား တွေ့ မိပါသည်။ ထို့ပြင်တခါတခါ စကားပြေကောင်းအောင် ဂရုစိုက်လွန်း၍ အတွေးနောက်ကိုမပါ ဟန်နောက်ကို ပါပါသွားလေသလားဟုလည်း မေးခွန်းထုတ်ချင်မိပါသတည်း”ဟု ထောက်ပြခဲ့၏။

စာရေးပုံရေးနည်းကိုသာဂရုစိုက်လွန်းသဖြင့် အကြောင်းအရာဖက်တွင်ပွန်းတီးသည်ကို ထောက်ပြထားခြင်း ဖြစ်၏။ သို့သော်ဆရာကြီး မင်းသုဏ်ဝဏ်၏ ထောက်ပြဝေဖန်ပုံအသုံအနှုန်းနှင့် ဝေဖန်ပုံဝေဖန်နည်းမှာ ဝေဖန် ထောက်ပြလို့ထောက်ပြမှန်း မသိနိုင်လောက်အောင် နူးညံ့သိမ်မွေ့လွန်း၏။ ယဉ်ကျေးလှပလွန်း၏။ မေတ္တာ ဖြင့် ထောက်ပြခြင်းသာဖြစ်၏။ ထိုအချက်များကို ကျနော်က ပြောပြသည့်အခါ စာချစ်သူလူငယ်သည် လက်ခံ သဘောပေါက်သွားရ၏။

ဆရာကြီး မင်းသုဝဏ်သည်“မြန်မာစာအုပ်ဝေဖန်ချက်များ” စာအုပ်တွင်နောက်ခံ နယ်ပယ် အမျိုးမျိုးရှိသည့် စာအုပ်များကို ဝေဖန်ခဲ့၏။ ဥပမာ“သိပံ္ပပညာအံ့သြဖွယ်”ဆောင်းပါး၊“မြန်မာ့ပန်းချီဖြစ်စဉ်သမိုင်း”ဆောင်းပါး၊ “ထုပ် ယောက် ဒိုင်း မြား” ဆောင်းပါး၊“မှတ်ဥာဏ်ကောင်းချင်သလား”ဆောင်းပါး၊“နို့မယ်ဝေးမ၀ါ လွမ်းစလေး” အစရှိသော ဆောင်းပါးများမှာ ဘာသာရပ်မျိုးစုံနောက်ခံရှိသည့် စာအုပ်များကို ဝေဖန်ထားသည့် ဆောင်းပါး များဖြစ်၏။ တိုင်းရင်းသားဓလေ့ထုံးစံ၊ ဗိသုကာပညာ၊ တက်ကျမ်း၊ ဥရောပယဉ်ကျေးမှု၊ ပန်းချီ အနုပညာကိစ္စ၊ နယ်ပယ်ပေါင်းစုံ၏။ သုတ၊ ရသစုံ၏။

(ဂ)

ဆရာကြီး မင်းသုဝဏ်သည် ၁၉၇၀ ခုနှစ်ဝန်းကျင်ကထုတ်ဝေခဲ့သည့် “ဒို့ကျောင်းသားစာစောင်”တွင် စာအုပ် ဝေဖန်ရေးဆောင်းပါးများရေးခဲ့၏။ “မင်္ဂလာ”ဟူသောကလောင်အမည်ကို ယူကာ စာအုပ်စင်ကဏ္ဍတွင်ရေးခဲ့ ခြင်းဖြစ်၏။ ယင်းဆောင်းပါး(၃၂)ပုဒ်ကို စုစည်းကာ “မြန်မာစာအုပ်ဝေဖန်ချက်များ” စာအုပ်အဖြစ်ထုတ်ဝေ ခြင်းဖြစ်၏။

မြန်မာစာပေနယ်ပယ်၌“ဝေဖန်ရေးစာပေ”၏သက်တမ်းမှာ ကြာမြင့်လှခြင်းမရှိသေးပါ။ ကမ္ဘာ့စာပေဝေဖန်ရေး သက်တမ်းနှင့်နှိုင်းယှဉ်လျှင် နုနယ်လှသေး၏ဟုဆိုရပါမည်။ ထို့ကြောင့် ကျနော်တို့သည်“ဝေဖန်ရေး စာပေ” ဖန်တီးမှုအလုပ်ကိုအထူးပြုအားထုတ်ရန်လိုအပ်ပါသည်။ ယင်းနှင့်တပြိုင်နက်တည်းပင် “ဝေဖန်ရေး စာပေ နည်းနာကောင်းများ၊ နည်းနာသစ်များ”ကိုလည်း တပြိုင်နက်ရှာဖွေ၊ တီထွင်၊သုံးစွဲကြရမည် ဟုယုံကြည်မိ၏။

ဆရာကြီး“မင်းသုဝဏ်”သည်ကား သူ့ခေတ်က သူ့ပခုံးပေါ်တွင်တင်လာသည့် စာပေတာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ရာ၌ “ဝေဖန်ရေးစာပေ”ကိုလည်းချန်မထားခဲ့ကြောင်းဤ “မြန်မာစာအုပ်ဝေဖန်ချက်များ“ စာအုပ် က အခိုင်အမာသက်သေထူလေ၏။ ။

Read more...

ကြောက်ရွံ့ခြင်းမှ စွန့်ခွာထွက်ပြေးခြင်း Thursday, 13 August 2009 18:32 ဂျင်(မ်) အင်ဒရူးစ်

Thursday, 13 August 2009 18:32 ဂျင်(မ်) အင်ဒရူးစ်

၁၉၅၈ ခုနှစ် ဒီဇင်ဘာလ သန်းခေါင်ယံတညတွင် သူမ၏ ဖခင်အဖမ်းခံရသည်ကို တွေ့ရခဲ့သည့်အချိန်တွင် ကံကြမ္မာ၏ အလိုအရ သူမ နေထိုင်ရသော ခေတ်ကြီး၏ ဖိနှိပ်မှုကို ပထမဦးဆုံးအကြိမ်အဖြစ် မျက်ဝါးထင်ထင် မြင်တွေ့လိုက်ရသည်။

ထိုအချိန်က မစန်းစန်းတင်က အသက် ၈ နှစ် အရွယ်သာ ရှိသေးသည်။ "အပူအပင်ကင်းမဲ့လှသော ကလေးဘ၀နေ့ရက် များတွင် ကျမ ဖခင်၏ အတိတ်သမိုင်းကြောင်း၊ သို့မဟုတ် ကျမတိုင်းပြည်၏ သမိုင်းကြောင်းကို ကျမ စိုးစဉ်းမျှသာ သိခဲ့ သည်။" ဟု စစ်အစိုးရ၏ အုပ်ချုပ်မှုအောက် ဖြတ်သန်းခဲ့ရသော သူမ၏ ဘ၀ကို ကြည်နူးဖွယ် ပုံဖေါ်ထားချက်တွင် ပြန် ပြောင်း အမှတ်တရ ဆိုထားသည်။ မြန်မာနိုင်ငံလွတ်လပ်ရေး၏ ရှေ့ဆောင်လမ်းပြသူများအနက် တဦးဖြစ်ခဲ့သူ သူမ၏ ဖခင် ဦးဘတင်သည် ဗိုလ်ချုပ်အောင်ဆန်း၏ ရဲဘော်ရဲဖက်တဦးဖြစ်သလို၊ ဂျပန်နှင့် အင်္ဂလိပ်ဆန့်ကျင်ရေး စစ်ပွဲကာလ အတွင်း ပေါ်ထွန်းစ မြန်မာ့လွတ်လပ်ရေးတပ်မတော် (BIA) ၏ ဌာနချုပ်တွင်လည်း တာဝန်ထမ်းခဲ့ဖူးသူ ဖြစ်သည်။ ဗိုလ်ချုပ်က သူ့ ကို အတွင်းရေးမှူးအဖြစ် ခန့်အပ်ခဲ့သည်။

ကာရိုလင်း ၀ိတ်မန်း နှင့် ဒေါ်စန်းစန်းတင် ရေးသားသည့် (No Time for Dreams. Living in Burma under Miltiary Rule) စာအုပ်

စစ်ကြီးအပြီးတွင် ဦးဘတင်သည် မြန်မာနိုင်ငံလွတ်လပ်ရေးအတွက် ဆက်လက်လှုပ်ရှားခဲ့သည်။ ၁၉၄၇ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့က ရန်ကုန်မြို့ရှိ အတွင်းဝန်ရုံးသို့ သေနတ်သမားများ ၀င်ရောက်ကာ ဗိုလ်ချုပ်အောင်ဆန်းနှင့် ဝန်ကြီးအဖွဲ့ဝင် ၆ ဦး ကို လုပ်ကြံ သတ်ဖြတ်စဉ်တွင် သူက ၀န်ကြီးများရုံးအောက်ထပ်တွင် ရှိနေခဲ့သည်။

ထို့နောက် ဦးဘတင်သည် စီးပွားရေးလောကသို့ ခြေချခဲ့သည်။ စီးပွားရေးလောကတွင် သူအောင်မြင်စွာ စွမ်းဆောင်နိုင် ခဲ့သော်လည်း "၎င်းအောင်မြင်မှုက သူ၏ လက်ဝဲသန်သည့် စိတ်ဓာတ်ကိုတော့ မည်သည့်အခါမှ ပြောင်းလဲသွားနိုင်ခြင်း မရှိခဲ့"ဟု သူ၏ သမီးက ရေးသားဖေါ်ပြထားသည်။

၁၉၅၈ ခုနှစ် နိုဝင်ဘာလတွင် ၀န်ကြီးချုပ် ဦးနုက ဗိုလ်ချုပ်နေ၀င်းအား စစ်တပ်ဦးဆောင်သော အိမ်စောင့်အစိုးရဖွဲ့ရန် ဖိတ် ခေါ်ခဲ့ပြီးနောက်ပိုင်းတွင် စစ်တပ်က တိုင်းပြည်၏အာဏာ အ၀၀ကို ချုပ်ကိုင်ခဲ့သည်။ အိမ်စောင့်အစိုးရဖွဲ့ပြီး တလကြာသော အခါတွင် ဦးဘတင်ကို ကွန်မြူနစ်ထောက်ခံသူတဦးအဖြစ် သင်္ကာမကင်းဖြစ်ကာ ဖမ်းဆီးခံခဲ့ရသည်။ ၁၉၆၀ ခုနှစ် မတ်လ တွင် သူ ထောင်က ပြန်လွတ်လာခဲ့သည်။

ဗိုလ်ချုပ်နေ၀င်းကို မြန်မာနိုင်ငံ၏ အာဏာရှင်ကြီးအဖြစ် ရောက်စေခဲ့သော ၁၉၆၂ ခုနှစ် အာဏာသိမ်းမှု အပြီးတွင် ဦးဘတင် နောက်တကြိမ် အဖမ်းခံခဲ့ရပြန်သည်။ သုံးလကြာမျှ ထိန်းသိမ်းခံခဲ့ရပြီး ဒုတိယအကြိမ် သူထောင်က ပြန်လွတ် လာသည့် အချိန်တွင် သူ၏ ကျန်းမာရေးလည်း ယိုယွင်းလာခဲ့သည်။ ၁၉၆၅ ခုနှစ် အသက် ၄၉ နှစ်အရွယ်တွင် ဦးဘတင် ကွယ်လွန်တိမ်းပါးခဲ့သည်။

ဖခင်၏ စံယူထိုက်စရာ ဘ၀နှင့် အကြွေစောကာ ကွယ်လွန်သွားရခြင်းက သူ၏ မဟုတ်မခံ ဇတ်ဇတ်ကြဲစိတ်ရှိသော သမီး ကို နက်နက်ရှိုင်းရှိုင်း လွှမ်းမိုးခဲ့သည်မှာ အထင်အရှား ဖြစ်သည်။ အထက်တန်းကျောင်းသူဘ၀နှင့် တက္ကသိုလ်အ၀င် နှစ် ကာလများ အတွင်း ဆိုရှယ်လစ်အတွေးအခေါ်များအပေါ် သူမ၏ ယုံကြည်ချက်ကို စိတ်လှုပ်ရှားဖွယ် ပွင့်ပွင့်လင်းလင်း ပုံဖေါ် ရေးပြထားသည်။ မော်စီတုန်းပုံ ရင်ထိုးတံဆိပ်ကို တော်လှန်ရေးကောင်စီက တားမြစ်သည့်အချိန်အထိ သူမက စွဲစွဲမြဲမြဲ ၀တ်ဆင်ခဲ့သည်။ ထိုတားမြစ်ချက်ကြောင့် ဖြစ်ပေါ်လာသော ကျောင်းသား အဓိကရုဏ်းများအနက် ပထမဦးဆုံး တခုကို ဒေါ်စန်းစန်းတင် ကိုယ်တိုင် တွေ့ မြင်တွေ့ခဲ့ရသည်။

သူမ၏ ဆိုရှယ်လစ်ယုံကြည်ချက်များသည် အစိုးရက ကြီးမှူးကျင်းပသော 'အ' သုံးလုံး အခြေခံ စာတတ်မြောက်ရေး လှုပ် ရှားမှုတွင် လုပ်အားပေးကျောင်းသူအဖြစ် ပါဝင်ခဲ့စဉ်က ရရှိခဲ့သည့် အတွေ့အကြုံများ၏ လှုပ်နှိုးစိန်ခေါ်ခြင်းကို ခံလိုက်ရ သည်။ သူမ လှုပ်ရှားမှုတွင် ပါဝင်စဉ်က ဗဟို စီမံခန့်ခွဲမှု ညံ့ဖျင်းမှုကြောင့် နှစ်ပေါင်းများစွာကြာ ပစ်ပယ်ခံထားရသော ကျေး ရွာသူ ရွာသားများ၏ မျှော်လင့်ချက်မဲ့နေသော၊ ဆင်းရဲတွင်းနက်နေရသည့် ဘ၀များကို တွေ့မြင်ခဲ့ရသည်။ လုပ်အားပေး ဆရာ၊ ဆရာမများကို အစိုးရ၏ စီးပွားရေး စီမံကိန်းများအတွက် အကြံဉာဏ်ရယူရန်အတွက် အချက်အလက်များ စုဆောင်း လာရန်လည်း ညွှန်ကြားထားခဲ့သည်။ ထိုကဲ့သို့ "တိုင်းပြည်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် မကျွမ်းကျင်သော အား ထုတ်မှုများ" အသုံးပြုခြင်းသည် ဒေါ်စန်းစန်းတင်အတွက် မေးခွန်းထုတ်စရာ ဖြစ်နေသည်။

မိသားစု အဆက်သွယ်ကြောင့် အာဏာရ မြန်မာဆိုရှယ်လစ်လမ်းစဉ်ပါတီ (မဆလ) ပါတီ၏ ပါတီစာစောင်ထုတ်ဝေရေးနှင့် သုတေသနဌာနတွင် ပထမဆုံး ဒေါ်စန်းစန်းတင် စတင် အလုပ်ရခဲ့သည်။ အစိုးရ၀န်ထမ်းအလုပ်ကို လက်ခံလိုက်ပြီးနောက် တွေ့ကြုံရသည့် စိန်ခေါ်ချက်များအနက် ပထမဦးဆုံး တခုမှာ သူမ၏ နိုင်ငံရေးယုံကြည်ချက်ပင် ဖြစ်သည်။ ဒေါ်စန်းစန်းတင် က မတူညီသော လမ်းကြောင်းတခုပေါ်တွင် ပညာသည် စာရေးဆရာတဦးအဖြစ် သူမ၏ တာဝန်ကို ပြီးမြောက်ရန် ဆောင် ရွက်ခဲ့ရခြင်း ဖြစ်သည်။

သူမ၏ အကျပ်အတည်းသည် တိုးတက်ပြောင်းလဲလိုစိတ်ရှိသော သန်းချီသည့် မြန်မာလူငယ်များ တွေ့ကြုံခဲ့ရသည့် အကျပ် အတည်းနှင့် အတူတူပင်ဖြစ်နိုင်သည်။ လှုပ်မရအောင် ချုပ်နှောင်ထားသည့် ကိုယ်ကျပ်အင်္ကျီပမာ ချုပ်ချယ်ကန့်သတ်မှု များ ရှိသည့် ထိုစနစ်အတွင်း တိုးတက်ပြောင်းလဲလိုစိတ်ရှိသော လူငယ်များသည် ၎င်းတို့၏ ပညာရေး၊ အသိပညာ တတ်ကျွမ်း မှု နှင့် ကိုယ်စွမ်းကိုယ်စ အစစ်အမှန်ကို ဖေါ်ထုတ်နိုင်ရန် ကြိုးစားရုန်းကန်နေကြသည်။

မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီသို့ ၀င်ရောက်ရန် ငြင်းဆန်ခဲ့သည့်အချိန်တွင် ဒေါ်စန်းစန်းတင်အပေါ် အာဏာပိုင်များက သံသယရှိလာခဲ့သည်။ ၁၉၇၈ ခုနှစ်၊ ပါတီသန့်စင်ရေးတွင် သူမလည်း ဓားစာခံတဦး ဖြစ်ခဲ့ကာ၊ ပါတီရှိ သူမ အလုပ်ကို လက်လွှတ် ဆုံးရှုံးခဲ့ရသည်။ နောင် ၂ နှစ်ကြာသောအခါတွင် မိသားစု အဆက်အသွယ်အကူအညီကြောင့်ပင် (မဆလ) ပါတီ၏ တရားဝင် သတင်းစာဖြစ်သော "မြန်မာ့အလင်းသတင်းစာ"တိုက်တွင် သတင်းထောက်လုပ်ရန် သူ့ကို ငှားရမ်းခဲ့ သည်။

အလုပ်များလှသော အယ်ဒီတာဌာနအတွင်း တဦးတည်းသော အမျိုးသမီးအဖြစ် ပါဝင်ဆောင်ရွက်ခဲ့သော သူ၏ သတင်းစာ တိုက်တွင်းအလုပ်ကာလကို ဒေါ်စန်းစန်းတင်က ပုံဖေါ်ပြထားသည်ကို ဖတ်ရသည်မှာ အလွန်ပင် စိတ်ဝင်စားဖွယ်ကောင်း လှသည်။

၁၉၁၄ ခုနှစ် ကတည်းက စတင်မွေးဖွားခဲ့သော ဤသတင်းစာတွင် ပညာရပ်ပိုင်းဆိုင်ရာ စံသတ်မှတ်ချက်တချို့ ရှိနေခြင်း ကြောင့်သာ ဆက်လက်လည်ပတ်နိုင်နေခြင်း ဖြစ်ဟန်တူသည်။ သို့သော် အစိုးရ၏ စာပေစိစစ်ရေးဌာနက လက်ရှိ မြန်မာ့ အလင်း သတင်းစာကို လည်မျိုညှစ်နေသကဲ့သို့ ဒေါ်စန်းစန်းတင် ရှိခဲ့သည့် အချိန် သတင်းရေးသားသည့် အခန်းကို အမြဲ တစေ လွှမ်းမိုးခြောက်လှန့် နေခဲ့သည်။ နေ့စဉ်အလုပ်တာဝန်တွင် " သင်ပုန်းပေါ်တွင် မှတ်သားခြင်း" ဟုခေါ်သော အစည်း အဝေးတခုလည်း ပါဝင်ခဲ့သည်။ ထိုအစည်းအဝေးက ၀င်ရောက်လာသော သတင်းအစီရင်ခံချက်များကို ခေါင်းစဉ် အမျိုး အစားလေးခုအနက် တခုဆီသို့ ရွေးချယ်ထည့်ပေးရခြင်း ဖြစ်သည်။ ထိုအမျိုးအစားလေးခုမှာ မထည့်မနေရထည့်ရမည်၊ သဘောတူညီချက်ရယူရန် လိုသည်၊ ဘေးဖယ်ထားရန် သို့မဟုတ် ပိတ်ပင်သည် စသည်ဖြင့် ဟူ၍ ဖြစ်သည်။

နိုင်ငံခြားသတင်း၊ သဘာဝပတ်ဝန်းကျင်ကိစ္စ အကြောင်းများနှင့် အနုပညာသတင်းများကို တည်းဖြတ်၊ ရေးသားရသော် လည်း ဒေါ်စန်းစန်းတင်သည် သူမအခေါ် မူဝါဒနှင့်သက်ဆိုင်သော သတင်းများကို ရှောင်ရှားနိုင်ခဲ့သည်။ ပါတီ၏ လမ်းညွှန် ချက်များ၊ စီးပွားရေးစီမံကိန်း နှင့် အခြားတရားဝင် ကန့်သတ်ထားသော ကိစ္စရပ်များကို ဆန့်ကျင်ခြင်းအားဖြင့် သူမ အလုပ် ပြုတ်မည့်အရေးကို စိုးရိမ်ကြောက်ရွံ့နေခဲ့ရသည်ဟု သူက ၀န်ခံရေးသားခဲ့သည်။ လေးစားဖွယ်ကောင်းသော ပွင့်လင်းမှု တခုဟု ဆိုရမည်။

၁၉၈၈ ခုနှစ် လူထုအုံကြွမှုကာလ ဒေါက်တာမောင်မောင် အုပ်ချုပ်ရေး ခေတ္တခဏကာလအတွင်း သတင်းစာလွတ်လပ်ခွင့် ၏ နေ့သစ် ခဏတဖြုတ် ပေါ်ထွန်းလာခဲ့သည်။ ထိုနှစ် မကုန်ခင်တွင်ပင် ဒေါ်စန်းစန်းတင်သည် မြန်မာနိုင်ငံ၏ အသစ်တဖန် တက်လာသော စစ်အုပ်ချုပ်သူများအတွက် ၀ါဒဖြန့်ချိရေးစာများကို သူကိုယ်တိုင်ရေးသား၊ တည်းဖြတ်ပေးနေရသည်ကို သူ့ကိုယ်သူ မြင်တွေ့ခဲ့ရပြန်သည်။

၁၉၉၁ ခုနှစ်တွင် ဒီမိုကရေစီခေါင်းဆောင် ငြိမ်းချမ်းရေးနိုဗဲလ်ဆုချီးမြှင့် ခံရသည့်နှစ်တွင် ဒေါ်အောင်ဆန်းစုကြည် ရေးသား သော စကားပြေတပုဒ်ကို သူ ဖတ်လိုက်ရသည့်အချိန်၌ သူ့ဘ၀ တဆစ်ချိုး ပြောင်းလဲခဲ့ရသည်။ "အဖမ်းခံထားရသူ၏ စိတ်ကဲ့သို့ပင် ကျမသည်လည်း အုပ်စိုးသူ လူတစု၏ လက်ခုပ်ထဲက ရေကဲ့သို့ ဖြစ်နေသည်ကို ကျမသိလာခဲ့ရသည်၊ ကြောက်ရွံ့စိတ်ဖိစီးမှုဘ၀နှင့် တပါးသူ ခိုင်းဖတ်ဘ၀မှ ကျမကိုယ်ကျမ တနေ့တွင် ရုန်းထွက်ရမည်ဟု သံန္နိဌာန်ပြုလိုက် သည်"ဟု သူက ပုံဖေါ်ရေးသားထားသည်။

ထိုသံန္နိဌာန်က သူ ပြည်ပသို့ ထွက်ခွာရန်ဆုံးဖြတ်ခဲ့ပြီး နောက်ဆုံး အမေရိကန်ပြည်ထောင်စုသို့ ရောက်ရှိလာခဲ့သည်။ ယခုအချိန်တွင် သူက လွတ်လပ်သည့် အာရှအသံ ရေဒီယို (RFA) အသံလွှင့်ဌာနတွင် အလုပ်လုပ်ကိုင်လျက်ရှိပြီး ကယ်လီ ဖိုးနီးယားတ္ကသိုလ်မှ ပါမောက္ခ ကာရိုလင်း ၀ိတ်မန်း (Carolyn Wakeman) နှင့် တွဲဖက်ကာ သူ၏ ဘ၀ဖြစ်စဉ်ကို ပူးတွဲ ရေးသားခဲ့ခြင်း ဖြစ်သည်။

ဖိနှိပ်မှုများ၊ အရည်အသွေး ညံ့ဖျင်းမှုများ များပြားလှသော စစ်အစိုးရ အဆက်ဆက်အောက် နေထိုင်လာခဲ့ရသည့် စိတ်ဝင် စားဖွယ် ပုဂ္ဂိုလ်ရေး ဖွင့်ဟချက်တခုကို စာတအုပ်အဖြစ် သူတို့နှစ်ဦး အတူတကွ ဖန်တည်းလိုက်ကြခြင်းပင် ဖြစ်ပါတော့ သည်။

၂၀၀၉ ခုနှစ် ဇူလိုင်လထုတ် ဧရာဝတီ မဂ္ဂဇင်းမှ ဂျင်(မ်) အင်ဒရူးစ် (Jim Andrews) ရေးသားသည့် စာအုပ်ဝေဖန်ချက် Escape from Fear ကို ဆီလျော်အောင် ပြန်ဆိုဖော်ပြပါသည်။

Read more...
ခင်မင်ရသောသူများ ညစဉ် ဆက်ဆက်လာနော်။ မိတ်ဆွေများ နေ့စဉ် ဆက်ဆက်လာနော် လာရောက်လည်ပတ်သူများကို ကျေးဇူးတင်ပါတယ်။

About This Blog

Lorem Ipsum

ကဲဘယ်နိုင်ငံမှာ ဘယ်နှစ်နာရီထိုးပြီလဲ

ပြောပြီးပြန်လဲရပါတယ်တခုခုတော့ပြောခဲ့ပါ

ဇော်ဂျီဖောင့် ကွန်ဗက်စ်တာလေးပါ















Web
youthnetworks








  © Blogger templates Newspaper III by Ourblogtemplates.com 2008

Back to TOP