Facebook Badge

Wednesday, September 9, 2009

ရက်စက်မှုနဲ့ အကြင်နာ ကင်းမဲ့မှု




ဆောင်းပါး
စိုးနေလင်း
ဗုဒ္ဓဟူးနေ့၊ စက်တင်ဘာလ 09 ရက် 2009 ခုနှစ် 12 နာရီ 25 မိနစ်


(27th Aug 2009 နေ့ထုတ် Bangkok Post သတင်းစာမှ လက်ထောက်အယ်ဒီတာ (Outlook) Sanitsuda Ekachi ရဲ့ Commentary "Cruelty and heartlessness" ကို ဘာသာပြန်ဆိုပါတယ်။)

ယဉ်ကျေးဖွယ်ရာရှိမှုကိုသာ ကျမတို့က ကျမတို့လောက်ကောင်းမွန်တဲ့ အခြေအနေမှာ မရှိကြတဲ့သူတွေကို ပြုမူဆက်ဆံမှုနဲ့ တိုင်းတာမယ်ဆိုရင် ကျမတို့ဟာ ရွှေ့ပြောင်းအလုပ်သမားတွေကို အကြင်နာကင်းမဲ့ခဲ့တဲ့အတွက် ကျမတို့ကိုယ်ကျမတို့ ယဉ်ကျေးဖွယ်ရာရှိတယ်လို့ ပြောလို့မရပါဘူး။

လွန်ခဲ့တဲ့သတင်းပတ်က ရနောင်း ထိန်းသိမ်းရေးစခန်းထဲမှာ ရိုဟင်ဂျာ ဆယ်ကျော်သက် ကလေးငယ်နှစ်ယောက်ဟာ တပိန်ပိန်တလိန်လိန်နဲ့ လုံးပါးပါးပြီး သေဆုံးခဲ့ရပါတယ်။ ငရဲခန်းသံတိုင်တွေနောက်မှာ အသက်ဆုံးရှုံးရအောင် ပြစ်ဒဏ်သင့်ခဲ့ရပါတယ်။ တကယ်တော့ သူတို့လေးတွေဟာ အစားလည်း စားချင်စိတ်၊ လုပ်ရှင်ကိုင်ချင်စိတ်၊ အသက်ရှင်လိုသေးစိတ်တွေ ပျောက်ဆုံးသွားပါတော့တယ်။

သီးမခံနိုင်လောက်အောင် စိတ်ပျက်လက်ပျက်ဖြစ်ပြီး ညှိုးချုံးသေဆုံးသွားခဲ့ကြတာ ဖြစ်ပါတယ်။

တယောက်က အသက် ၁၈ နှစ်ဖြစ်ပြီး နောက်တယောက်ကတော့ ၁၅ နှစ်ပဲ ရှိပါသေးတယ်။ သူတို့လေးတွေရဲ့ မိခင်တွေခံစားရမယ့် ဝမ်းနည်းကြေကွဲမှုကို စဉ်းစားကြည့်ကြစေချင်ပါတယ်။

အဲဒီမတိုင်ခင်သတင်းပတ်က စမွတ်ပရခန် (Samut Prakan) ခရိုင်ရဲတွေက ကရင်တိုင်းရင်းသား လူနည်းစုတွေရဲ့ ယဉ်ကျေးမှုပွဲတော်တခုကို ဘာသာရေးဆိုင်ရာ အခမ်းအနား ကျင်းပနေစဉ်မှာပဲ ဝင်ရောက်စီးနင်းဖမ်းဆီးခဲ့ပါတယ်။ အဲဒီနေ့ဟာ ကျမတို့ မိဘုရားကြီးရဲ့မွေးနေ့ မိခင်နေ့ဖြစ်ပါတယ်။ ဒါကြောင့် ဒီအခမ်းအနားဟာ မိဘုရားကြီးကို သားသမီးတွေက ကျေးဇူးတင်ကြောင်းပြသ၊ အရိုအသေပေးမှုလည်း တစိတ်တပိုင်း ပါဝင်ပါတယ်။ ဒါပေမဲ့ ရဲတွေကတော့ လူ့အဖွဲ့အစည်းကို ခြိမ်းခြောက်လာနေတဲ့ ဖော်ဆောင်ပြသမှုတခု ဖြစ်တယ်လို့ တွေးတောစဉ်းစားခဲ့ပါတယ်။ အလုပ်သမားပေါင်း ၁၅ဝ ကျော် ဖမ်းဆီးခံရပြီး သူတို့ကို တိုင်းပြည်ပြန်ပို့ဖို့ ထိန်းသိမ်းရေးစခန်းကို ချက်ချင်းပဲ ပို့ပစ်လိုက်ပါတယ်။

အဲဒီဖမ်းဆီးခံရသူတွေထဲက အတော်များများဟာ တရားဝင် အလုပ်သမားမှတ်ပုံတင်ထားခဲ့ကြတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေပါ။ အတော်များများက ဒီနိုင်ငံမှာပဲ ဇနီးမယားနဲ့ သားသမီးတွေ ရှိခဲ့ကြပါတယ်။ သူတို့တွေရဲ့ မိသားစုတွေ ခံစားရမယ့် ထိတ်လန့်တုန်လှုပ်မှုနဲ့ သောကပရိဒေဝကို စဉ်းစားကြည့်ကြပါ။

ဒါဟာ ကျမတို့တိုင်းပြည်ကို ဗုဒ္ဒဘာသာ တိုင်းပြည်လို့ခေါ်ပြီး ဂုဏ်ယူနေကြပေမယ့် ကျမတို့ရဲ့ စိတ်ဓာတ်တွေကို ကျဉ်းမြောင်းစေပြီး နှလုံးသားတံခါးတွေကို ပိတ်ထားစေတဲ့၊ ဖိနှိပ်ခံရသူတွေ ခံစားနေရတဲ့ ဒုက္ခတွေကို စဉ်းစားမပေးနိုင်လောက်အောင် ဖြစ်နေတဲ့ ကျမတို့ပြဿနာရဲ့ အခက်ခဲဆုံးအပိုင်း ဖြစ်နိုင်ပါတယ်။

တကယ်တမ်းမှာ ကျမတို့ဟာ ကျမတို့ဆီကို စစ်ပွဲကြောင့် အသက်မွေးမှုကြောင့် အလုံးအရင်းနဲ့ ဝင်ရောက်လာနေတဲ့ ဒုက္ခသည်တွေထဲမှာ နစ်မွန်းနေအောင်လုပ်နေတဲ့ ရက်စက်ကြမ်းတမ်းတဲ့ မြန်မာစစ်အာဏာရှင်တွေကို ဆက်ပြီးလက်ညှိုးထိုး အပြစ်ဖို့နေလို့လည်း ရပါတယ်။ အဲဒါဟာ မတော်မတရားမှုတခုကို ကျမတို့ ကြားရတဲ့အခါတိုင်း အခက်ကြုံနေရတဲ့ ကျမတို့ရဲ့ ကိုယ်ကျင့်တရားကို အပြစ်ရှိသလိုခံစားရမယ့် အခြေအနေကလွတ်အောင် လုပ်နေကျအလုပ်ပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ တယောက်ယောက်ကို အပြစ်တင်နေတာဟာ ဖိနှိပ်မှု ပြဿနာရဲ့ နောက်ထပ်အရေးကြီးတဲ့ အပိုင်းဖြစ်တဲ့ ကျမတို့ရဲ့ အကြင်နာကင်းမဲ့မှုကို ကိုင်တွယ်ဖြေရှင်းရာ မကျခဲ့ပါဘူး။

ခန့်မှန်းခြေအရ ထိုင်းနိုင်ငံမှာ ရွှေ့ပြောင်းအလုပ်သမား ၂ သန်းကျော် ရှိနေပါတယ်။ အများစုဟာ တရားဥပဒေ ကင်းမဲ့နေတဲ့ မြန်မာနိုင်ငံက ခြိမ်းခြောက်ငွေညှစ်မှု ရက်ရက်စက်စက် မတရားလုပ်မှုနဲ့ ပြင်းထန်ကြမ်းတမ်းတဲ့ ဆင်းရဲမှုဒဏ်ကနေ ထွက်ပြေးလာခဲ့ကြတဲ့ လူနည်းစု တိုင်းရင်းသားလူမျိုးတွေ ဖြစ်ကြပါတယ်။ ဥပမာ လူနည်းစု မူဆလင်ရိုဟင်ဂျာတွေဆိုရင် မြန်မာစစ်အစိုးရရဲ့ အပြောအရ မြန်မာနိုင်ငံသားအဖြစ်တောင် အသိအမှတ်ပြု မခံခဲ့ကြရပါဘူး။ နှင်ထုတ်ခံကြရမှာပါ။ ကရင်လူမျိုးတွေ ကျပြန်တော့လည်း ဖိနှိပ်ပစ်ရမယ့် အန္တရာယ်ကြီးတဲ့ ပြိုင်ဘက်ရန်သူတွေအဖြစ် သဘောထားခံကြရပါတယ်။

ထိုင်းနိုင်ငံမှာတော့ အဲဒီလူတွေဟာ ကျွန်ခံနေရသလို လုပ်နေကြရတာပါ။ တကယ်လို့များ ထိုင်းအလုပ်သမားတွေဟာ နိုင်ငံရပ်ခြားတိုင်းပြည်တွေမှာ ဒီလိုမျိုးဆိုးဝါးတဲ့ အခြေအနေမျိုးနဲ့ ရင်ဆိုင်ရမယ်ဆိုရင် ကျမတို့တွေက အဲဒီလိုလူမဆန်မှုမျိုးကို ဒေါသပေါက်ကွဲကြမှာပါပဲ။

ထိုင်းနိုင်ငံထဲမှာ ကြေကွဲစရာ အခွင့်အရေးချိုးဖောက်မှုမျိုး ပေါ်ပေါက်လာတဲ့အခါတိုင်း လူ့အခွင့်အရေးလှုပ်ရှားသူတွေက အာဏာပိုင်တွေကို အမျိုးမျိုးသော အပြည်ပြည်ဆိုင်ရာ ကြေညာချက်တွေနဲ့ လူ့အခွင့်အရေးညီလာခံတွေရဲ့ ဆုံးဖြတ်ချက်တွေနဲ့အညီ ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ အခြေခံ အခွင့်အရေးတွေနဲ့ လွတ်လပ်မှုတွေကို ကာကွယ်စောင့်ရှောက်ပေးဖို့ တာဝန်ရှိတဲ့အကြောင်း သင်ကြားပို့ချတာတွေ ကြားရပါလိမ့်မယ်။

အများအားဖြင့်တော့ အဲဒီလိုလုပ်တာဟာ အလကားပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီအခွင့်အရေးတွေဟာ ကိုယ့်တိုင်းပြည်ထဲမှာ အသုံးပြုလို့မရသလို အကောင်အထည်ဖော်လို့လည်း မရလို့ပါပဲ။ သက်ဆိုင်တဲ့ အဖွဲ့အစည်းတွေအနေနဲ့ "ကိုယ်က တခြားသူတွေကို ဆက်ဆံသလိုပဲ တခြားသူတွေကလည်း ကိုယ့်ကို ဆက်ဆံကြပါလိမ့်မယ်" ဆိုတဲ့ အခြေခံကိုယ်ကျင့်တရားကို လက်ခံကျင့်သုံးကြရပါလိမ့်မယ်။

ဒီနေရာမှာတော့ ဒီပြဿနာမဟုတ်ပါဘူး။ ဒါဆိုရင် ဘာဖြစ်လို့ပါလဲ။ အာဏာပိုင်တွေကို မေးမယ်ဆိုရင် သူတို့က "ကျနော်တို့ အမျိုးသားလုံခြုံရေးကို ကာကွယ်ဖို့ လိုအပ်ပါတယ်" လို့ မလွှဲမရှောင်သာ လုပ်ရသလို ပြောပါလိမ့်မယ်။ သူတို့က တရားမဝင် အလုံးအရင်း ဝင်ရောက်လာတဲ့ အလုပ်သမားတွေဟာ တရားဥပဒေနဲ့အညီ နေထိုင်ကြတဲ့ ထိုင်းနိုင်ငံသားတွေဆီက ရှားပါးတဲ့ ရင်းမြစ်ပစ္စည်းတွေကို ခိုးယူကြတယ်လို့ စွပ်စွဲတတ်ကြပါတယ်။ ဒီ့အပြင် အဲဒီလူတွေက ရောဂါဘယတွေကိုလည်း သယ်ယူလာကြတယ်။ သူတို့တွေရဲ့ ထူးဆန်းတဲ့ ဘာသာစကားနဲ့ ယဉ်ကျေးမှုအရ သူတို့တွေရဲ့ ရာဇဝတ်မှုကျူးလွန်တဲ့ လုပ်ရပ်တွေကို စောင့်ကြည့်ကြပ်မတ်ဖို့ အခက်အခဲရှိနေတာကြောင့် လူ့အဖွဲ့အစည်းအတွက် ခြိမ်းခြောက်မှုတခု ဖြစ်လာတယ်လို့ ဆိုကြပါတယ်။

ယဉ်ကျေးသိမ်မွေ့မှုက အဲဒီ ရွှေ့ပြောင်းအလုပ်သမားတွေကို ပိုပြီးဝင်ရောက်လာကြဖို့ ဆွဲဆောင်လိုက်သလို ဖြစ်သွားမှာပါပဲ။ သူတို့က အဲဒီလို အခိုင်အမာပြောကြမှာပါ။

ဝမ်းနည်းစရာကောင်းတာက ဒီအကြင်နာတရား ကင်းမဲ့မှုဟာ လူ့အဖွဲ့အစည်းမှာ လူအများစု လက်ခံထားရှိမှုရဲ့ ဆိတ်ဆိတ်နေမှုကြောင့် နေရာတကာမှာ ဖြစ်ပေါ်တွေ့မြင်နေရတာပဲ ဖြစ်ပါတယ်။

တကယ်တော့ ကျမတို့တွေဟာ မူလအခြေခံအားဖြင့် ရက်စက်ကြမ်းကြုတ်ကြတာတော့ မဟုတ်ပါဘူး။ ဒါဟာ ကျမတို့ လူ့အဖွဲ့အစည်းရဲ့ လူမှုအဆောက်အအုံတိုင်းမှာ စိမ့်ဝင်ပြန့်နှံ့နေတဲ့ လူမျိုးခွဲခြားရေး အမျိုးသားရေးဝါဒက ထုတ်လုပ်လိုက်တာသာ ဖြစ်ပါတယ်။

ဟုတ်ပါတယ်၊ အာဃာတတရားကတော့ သဘာဝသိစိတ်အရ အုပ်စုထိန်းသိမ်းစောင့်ရှောက်ရေးက မောင်းနှင်တွန်းအားပေးလိုက်တဲ့ "ကျုပ်တို့/သူတို့" ဆန့်ကျင်ကွဲပြားမှုထဲမှာ ကျမတို့ ပိတ်မိနေသေးချိန်မှာ ရှိနေတဲ့ လူသားပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ လက်ခံနိုင်စရာမရှိတဲ့ ရက်စက်ကြမ်းကြုတ်မှုကို တရားဝင်ဖြစ်အောင်လုပ်ဖို့ အဲဒီ အာဃာတကို လူမဆန်မှုအဖြစ် ကြီးထွားလာအောင် ကျမတို့က ခွင့်ပြုလိုက်တဲ့အချိန်မှာတော့ ဒါဟာ တခြားကိစ္စ ဖြစ်ပါတယ်။

ကျမတို့ဟာ ကျမတို့ရဲ့ လူမျိုးခွဲခြားရေး အမျိုးသားဝါဒကို ပြန်ပြီးစဉ်းစားကြရပါမယ်။ ကျမတို့ရဲ့ လိပ်ပြာလုံဖို့သာ မဟုတ်ပါဘူး။ ဖိနှိပ်ခံရသူတွေရဲ့ ကိုယ်ရေးဖော်ဆောင်မှု ချိုးနှိမ်ခံစိတ်ဟာ အလွယ်တကူ ရုပ်ဆိုးတဲ့အဖြစ်မျိုးကို ပြောင်းလဲသွားနိုင်ပါတယ်။ ကျမတို့ရဲ့ သားသမီးတွေကို ကယ်တင်ဖို့နဲ့ ကျမတို့တိုင်းပြည်ကို တိုင်းရင်းသားလူမျိုးစု အကြမ်းဖက်မှုတွေက ကယ်တင်ဖို့ လူမျိုးခွဲခြားမှုကို ပယ်ဖျောက်ပစ်ဖို့ လိုအပ်နေပြီ ဖြစ်ပါတယ်။ ။

ခင်မင်ရသောသူများ ညစဉ် ဆက်ဆက်လာနော်။ မိတ်ဆွေများ နေ့စဉ် ဆက်ဆက်လာနော် လာရောက်လည်ပတ်သူများကို ကျေးဇူးတင်ပါတယ်။

About This Blog

Lorem Ipsum

ကဲဘယ်နိုင်ငံမှာ ဘယ်နှစ်နာရီထိုးပြီလဲ

ပြောပြီးပြန်လဲရပါတယ်တခုခုတော့ပြောခဲ့ပါ

ဇော်ဂျီဖောင့် ကွန်ဗက်စ်တာလေးပါ















Web
youthnetworks








  © Blogger templates Newspaper III by Ourblogtemplates.com 2008

Back to TOP