Facebook Badge

Wednesday, September 2, 2009

သမိုင်းကပေးတဲ့ သင်ပုန်းကြီးဖတ်စာတပုဒ်


Print E-mail
ဆောင်းပါး
မောင်လူပျို (မိသားစုဝိုင်း)
ဗုဒ္ဓဟူးနေ့၊ စက်တင်ဘာလ 02 ရက် 2009 ခုနှစ် 19 နာရီ 07 မိနစ်

mg-lupyo


ငယ်ငယ်က ဖေဖေ စာသင်ခဲ့သည့် ဧည့်ခန်းလေးကို ပြေးမြင်မိသည်။ နံရံပေါ်တွင် အဖိုးသခင်ကိုယ်တော်မှိုင်း၏ ထိုင်မသိမ်း၊ ဖော့လုံးနှင့် စာလိပ်ကို ကိုင်ထားသည့် ဓာတ်ပုံ၊ ဗိုလ်ချုပ်အောင်ဆန်း၏ စစ်ဦးထုပ်နှင့်ပုံ၊ ပြီးတော့ သမ္မတကြီး မန်းဝင်းမောင်၏ ရင်ဖုံးတိုက်ပုံနှင့် ဓာတ်ပုံတို့မှာ အင်မတန် ကျက်သရေရှိလှပါသည်။ ဥပဒေဘွဲ့ရပြီး သူငယ်ချင်းများ ကျနော့်အိမ်သို့ရောက်တိုင်း သမ္မတကြီး မန်းဝင်းမောင်၏ ပုံကို ဘယ်သူ့ပုံလဲဟု အမြဲလို မေးလေ့ရှိပါသည်။ ကျနော် ရှင်းပြခဲ့ပါသည်။ လေထီးဦးအုန်းမောင်၊ လေထီးဦးကျော်ရင်၊ လေထီးဦးစိုးမောင် (ခ) ဗိုလ်မှူးချစ်ကောင်းတို့၏ လေထီးရဲဘော်ဖြစ်ကြောင်း၊ ရဲဘော်ချင်း ဘယ်လောက်သစ္စာရှိကြောင်း၊ ကြိုးပေးသတ်ခံရမည့် ရဲဘော်ကိုပင် ဥပဒေအရ လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့သည့် သမ္မတကြီး။

(၁၉၄၇ ခုနှစ် “ပြည်ထောင်စု မြန်မာနိုင်ငံ၏ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ” အခန်း (၅) ၊ နိုင်ငံတော်သမ္မတ၊ ပုဒ်မ - ၄၆) “နိုင်ငံတော်သမ္မတကို လျှို့ဝှက်သော မဲဆန္ဒပေးစနစ်ဖြင့် ပါလီမန်ဆိုင်ရာ လ$တ်တော်နှစ်ရပ်. တွဲဖက် ညီလာခံတွင် ရွေးကောက်တင်မြှောက်ရမည်။ ဤအခန်းရှိ ပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင်စေဘဲ၊ နိုင်ငံတော်သမ္မတ ရာထူးအတွက် ရွေးကောက်တင်မြှောက်ခြင်းကို ပါလီမန်အက်ဥပဒေဖြင့် သတ်မှတ်ရမည်” ဟု ပြဋ္ဌာန်းချက်အရ မန်းဝင်းမောင် သမ္မတ ဖြစ်လာသည်။

ပြည်ထောင်စုဟုခေါ်သော နိုင်ငံ၏ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေဖြင့် မြန်မာနိုင်ငံ၏ လွတ်လပ်ရေးကို သရဖူဆောင်းနိုင်ခဲ့ပါသည်။ ထိုသရဖူကို ပင်လုံညီလာခံက စတင်သွန်းထုခဲ့သည်ကို လူမျိုးစု ပြည်သူတရပ်လုံး၏ အသည်းနှလုံးထဲတွင် မှတ်တမ်းကမ္ဗည်းတင်ထားပြီး ဖြစ်ပါသည်။ အခြား မည်သည့်သရဖူနှင့်မျှ လဲလှယ်၍ ရကောင်းသည့်အရာ မဟုတ်ပါ။

(၁၉၄၇ အခြေခံဥပဒေ အခန်း (၈)၊ ပြည်ထောင်စု၏ တရားစီရင်ရေး၊ ပုဒ်မ - ၁၃၃) ပြည်ထောင်စုနိုင်ငံ တဝှန်းလုံး၏ တရားစီရင်ရေးကိစ္စကို ဤအခြေခံဥပဒေအရသော်၎င်း၊ တရားဥပဒေအရသော်၎င်း၊ တည်ထောင်ထားသော တရားရုံးများတွင် ဤအခြေခံဥပဒေနှင့်အညီ၊ သို့တည်းမဟုတ် တရားဥပဒေနှင့်အညီ ခန့်ထားသော တရားသူကြီးများက စီမံအုပ်ချုပ်ရမည်ဟု ပြဋ္ဌာန်းထားသည်။

(ပုဒ်မ - ၁၃၇) တရားဥပဒေတခုသည် အခြေခံဥပဒေရှိ ပြဋ္ဌာန်းချက်များအရ ခိုင်လုံသည်၊ မခိုင်လုံသည် ဟူသော ပြဿနာ ပေါ်ပေါက်နေသည့်အမှုများကို တရားလွှတ်တော်ချုပ်၏ အယူခံစီရင်ပိုင်ခွင့် အာဏာဖြင့် မစီရင်၊ မဆုံးဖြတ်ရဟု မည်သည့်တရားဥပဒေမျိုးကိုမျှ မပြုရဟု ပြတ်သားစွာ ပြဋ္ဌာန်းထားခဲ့သည်ကို တွေ့ရပါသည်။ ထိုကဲ့သို့ တရားဥပဒေမျိုးကို ပြဋ္ဌာန်းသည်ဆိုပါလျှင် အခြေခံဥပဒေကို ချိုးဖောက်ရာကျပေသည်။ တရားလွှတ်တော်ချုပ်၏ အထွတ်အမြတ်ထိပ်ဆုံးက တရားစီရင်ရေးအာဏာကို ဖော်ပြဋ္ဌာန်းခြင်း ဖြစ်ပါသည်။

(ဥပဒေပြုရေးအာဏာကိုလည်း ၁၉၄၇ အခြေခံဥပဒေ အခန်း (၆)၊ ပါလီမန်။ ပုဒ်မ - ၆၅) ပြည်ထောင်စုနိုင်ငံ၏ ဥပဒေပြုမှု အာဏာသည် ပါလီမန်တွင် တည်ရှိရမည်။ ပါလီမန်တွင် နိုင်ငံတော်သမ္မတ၊ ပြည်သူ့လွှတ်တော်နှင့် လူမျိုးစုလွှတ်တော်တို့ ပါဝင်ရမည်။ ဤအခြေခံဥပဒေတွင် ပါလီမန်ကို “ပါလီမန်” သို့မဟုတ် “ပြည်ထောင်စု ပါလီမန်” ဟု ခေါ်ရမည်ဟု ပြဋ္ဌာန်းထားသည်။ ပါလီမန်က ပြဋ္ဌာန်းသည့် ဥပဒေမှသာ ဥပဒေဖြစ်သည်။ အခြား မည်သည့်အရာမှ ဥပဒေမဟုတ်၊ ဥပဒေကို အစိုးရက ပြဋ္ဌာန်း၍ လုံးဝ (လုံးဝ) မရ။ ထို့နောက် “တရားစီရင်ရေး ထိပ်ဆုံးက အာဏာပိုင်” ကို ပါလီမန်ကမှ သဘောတူညီချက်ဖြင့် ခန့်အပ်ကြောင်း အောက်ပါအတိုင်း အထင်အရှားဖော်ပြထားခဲ့သည်။

(၁၉၄၇ အခြေခံဥပဒေ၊ ပုဒ်မ - ၁၄၀) (၁) ပါလီမန်ဆိုင်ရာ လွှတ်တော်နှစ်ရပ် တွဲဖက်အစည်းအဝေး၏ သဘောတူညီချက်ဖြင့် နိုင်ငံတော်တရားဝန်ကြီးချုပ်ကို နိုင်ငံတော်သမ္မတသည် မိမိကိုယ်တိုင် လက်မှတ်ရေးထိုး တံဆိပ်ခတ်နှိပ်သော အမိန့်စာဖြင့် ခန့်ထားရမည်။

(၂) ပါလီမန်ဆိုင်ရာ လွှတ်တော်နှစ်ရပ် တွဲဖက်အစည်းအဝေး၏ သဘောတူညီချက်ဖြင့် တရားလွှတ်တော်ချုပ်နှင့် တရားလွှတ်တော်ဆိုင်ရာ တရားရေးဝန်ကြီးအားလုံးကို နိုင်ငံတော်သမ္မတသည် မိမိကိုယ်တိုင် လက်မှတ်ရေးထိုး တံဆိပ်ခတ်နှိပ်သော အမိန့်စာဖြင့် ခန့်ထားရမည်ဟု တရားစီရင်ရေး အာဏာသည် ပါလီမန်ကသာ ဆင်းသက်ကြောင်း အတိအလင်း တွေ့ရှိရပါသည်။ ခန့်ထားသည့် နေရာတွင်လည်းကောင်း၊ စစ်ဆေးစီရင်ဆုံးဖြတ်သည့် နေရာတွင်လည်းကောင်း အလွန်ပင် စံကျပါသည်။

(၁၉၄၇ အခြေခံဥပဒေ၊ ပုဒ်မ - ၁၄၁) တရားသူကြီးအားလုံးသည် ဤအခြေခံဥပဒေနှင့် တရားဥပဒေများကိုသာ လိုက်နာ၍ မိမိတို့၏ တရားစီရင်မှု အလုပ်ဝတ္တရားများကို လွတ်လပ်စွာ ဆောင်ရွက်နိုင်ရမည်ဟု အုပ်ချုပ်ရေး အာဏာ၏ ဝင်ရောက်စွက်ဖက်မည့် အန္တရာယ်မှ ကင်းလွတ်ရန် အပြတ်သားဆုံး ကာကွယ်ပေးထားပါသည်။

ဥပဒေသည် လေဆာရောင်ခြည်ထက် ပြတ်သားပါသည်။ အခြေခံဥပဒေကို ဆန့်ကျင်ပြဋ္ဌာန်း၍ လုံးဝမရပါ။ အခြေခံဥပဒေအရ ဆောင်ရွက်ချက်ကိုလည်း လုံးဝ (လုံးဝ) ဝင်ရောက်စွက်ဖက်၍ မရပါ။

(၁၉၄၇ - အခြေခံဥပဒေ၊ ပုဒ်မ - ၆၀) ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့် ပေးနိုင်သော အခွင့်အရေးသည် နိုင်ငံတော်သမ္မတ၌ တည်ရှိရမည်။ ဤပုဒ်မအား ပြတ်သားစွာ ကိုင်တွယ်ကျင့်သုံးခဲ့သည့် သမ္မတကြီးမှာ ကရင်အမျိုးသားကြီး “မန်းဝင်းမောင်”၊ ဖက်ဆစ်တော်လှန်ရေး သူရဲကောင်းကြီး လေထီး မန်းဝင်းမောင်ပင် မဟုတ်ပါလော။

တရားသူကြီးကလည်း သူ့တာဝန်အရ သူလုပ်သည်။ သမ္မတကလည်း သူ့တာဝန်အရ သူ လုပ်သည်။ ပြဿနာတက်စရာမရှိ။ လွတ်လပ်ရေး၏ အမွှာပူး ပြည်တွင်းစစ်က ရှိနေသည်။ ထိုအခြေခံပေါ်က ထွက်လာသည့် ဥပဒေအားလုံးမှာ နိုင်ရာစား ဥပဒေများသာ ဖြစ်ပေတော့သည်။ မတရားသည့် ဥပဒေမှန်သမျှကို အာဏာရအစိုးရက ထုတ်ချင်တိုင်း ထုတ်တတ်ကြသည်။ ဤသို့ ထုတ်၍မရပါ။ လုပ်ချင်တိုင်း လုပ်၍မရပါ။ ယဉ်ကျေးသည့် လူ့အဖွဲ့အစည်းတရပ်ကို တည်ဆောက်လိုသည်ဆိုလျှင် မုဒိတာတရားကို မျက်ကွယ်ပြု၍ မရပါ။ အောက်ပါအမှုကို အတိုချုပ် ကြည့်ရှုနိုင်ပါသည်။

“ကိုစိုးမောင် ခေါ် ကိုချစ်ကောင်းနှင့် ပြည်ထောင်စု မြန်မာနိုင်ငံ”
၁၉၆၀ ခုနှစ်၊ မြန်မာပြည် စီရင်ထုံး၊ ၁၃၆ (လွှတ်တော်)
''အစိုးရအား တော်လှန်ပုန်ကန်နေသည့်အဖွဲ့၏ စစ်တပ်တွင် ဗိုလ်မှူးကြီးအဆင့် ရာထူးရှိပြီး၊ ပြန်ကြားရေးမှူးအဖြစ် ဆောင်ရွက်ခဲ့သူသည် အစိုးရစစ်တပ်နှင့် မျက်နှာချင်းဆိုင်တိုက်ခိုက်ရာ၌ မပါဝင်စေကာမူ နိုင်ငံတော် တော်လှန်မှု ကျူးလွန်ရာရောက်သည်'' ဟု ဆုံးဖြတ်ပြီး တရားလွှတ်တော်က သေဒဏ်ကြိုးမိန့်ပေးခဲ့ပါသည်။ ဗိုလ်မှူးချစ်ကောင်း၏ “အနှစ် နှစ်ဆယ်” စာအုပ်တွင် အနှစ် ၂၀ လုံးလုံး တိုင်းပြည်အတွက် ကြိုးပမ်းခဲ့ပြီး မိမိကိုယ်မိမိ ပြန်ကြည့်လိုက်သည့်အခါ ကြိုးတိုက်ထဲရောက်နေသည်” ဟု ဖော်ပြထားချက်ကို ရင်နင့်ဖွယ်တွေ့ရှိရမည် ဖြစ်ပါသည်။

ကြိုးမိန့်မှလွတ်ပြီး သမ္မတကြီးမန်းဝင်းမောင်၏ သမ္မတအိမ်တော် ထမင်းစားဝိုင်းတွင် လေထီးဦးအုန်းမောင် မိသားစု၊ လေထီးဦးစိုးမောင် မိသားစု၊ လေထီးမန်းဝင်းမောင် မိသားစုတို့၏ ညနေစာမှာ သမိုင်းဝင်ညနေစာဟု ဆိုရပါမည်။ ရဲဘော်ချင်း ချစ်လိုက်ကြသည့်မြင်ကွင်းကို သမိုင်းကပေးသည့် သင်ပုန်းကြီးဖတ်စာတပုဒ်ကဲ့သို့ ကျနော် အလွတ်ကျက်မှတ်လိုက်ပါသည်။

မြန်မာနိုင်ငံရှိ လူမျိုးစုပြည်သူတိုင်း ဤလိုညနေစာမျိုးကို စားချင်ကြပါမည်။ အစားကောင်းလေးတလုပ် စားရတိုင်း ကိုယ့်မိဘ ဆွေမျိုးသူငယ်ချင်းများကို သတိတရ ကျွေးချင်မွေးချင်ကြသည်။ ကျနော်တို့မြန်မာများ၏ အင်မတိအင်မတန် ချစ်စရာကောင်းသည့် ဓလေ့ဖြစ်ပါသည်။ သမ္မတကြီးတို့လို ချစ်ချင်ကြပါသည်။ သမ္မတကြီး မန်းဝင်းမောင်၏ နိုင်ငံတော်နှင့် ဥပဒေကို အလေးစားဆုံး စံပြလုပ်ရပ်တခုအဖြစ် လုပ်ပြခဲ့သည့် သမိုင်းမော်ကွန်းတရပ် ဖြစ်ပါသည်။

သို့သော် ယခုတော့ ထိုသို့မဟုတ်ပြီ။ တက်လာသမျှ အစိုးရတိုင်းသည် ပြည်ထောင်စုကို မလိုလားကြပါ။ တပြည်ထောင်စနစ်ကိုချည်း ကျင့်သုံးချင်ကြ၏။ ဆိတ်ခေါင်းပြ၍ ခွေးသားရောင်း၏။ မဟာလူမျိုးကြီးဝါဒ၏ ထောင်ချောက်တွင်း သက်ဆင်းကြရ၏။ ပြည်ထောင်စု ထမင်းဝိုင်းကို တယောက်တည်း တသက်လုံး စားသွားချင်လျှင်မူ အကျည်းတန်ပါတော့မည်။ အားလုံး ပါဝင်သင့်ပါသည်။

ပြည်ထောင်စုကို ချစ်သည့် အမကြီး ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေ၊ ချမ်းသာပါစေဟူ၍ ပြည်သူများနှင့်အတူ ကျနော် ဆုတောင်းအပ်ပါသည်။

၂၄ - ၈ - ၂၀၀၉
ယိုးဒယားမြေ

ခင်မင်ရသောသူများ ညစဉ် ဆက်ဆက်လာနော်။ မိတ်ဆွေများ နေ့စဉ် ဆက်ဆက်လာနော် လာရောက်လည်ပတ်သူများကို ကျေးဇူးတင်ပါတယ်။

About This Blog

Lorem Ipsum

ကဲဘယ်နိုင်ငံမှာ ဘယ်နှစ်နာရီထိုးပြီလဲ

ပြောပြီးပြန်လဲရပါတယ်တခုခုတော့ပြောခဲ့ပါ

ဇော်ဂျီဖောင့် ကွန်ဗက်စ်တာလေးပါ















Web
youthnetworks








  © Blogger templates Newspaper III by Ourblogtemplates.com 2008

Back to TOP