Facebook Badge

Wednesday, September 2, 2009

ကိုးကန့်အရေး နယ်စပ်ကုန်သွယ်မှု ထိခိုက်

Tuesday, 01 September 2009 19:02 ရန်ပိုင်

ကိုးကန့်ဒေသတွင် ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် တရုတ်မြန်မာ နယ်စပ်ရှိ ချင်းရွှေဟော် ကုန်သွယ်ရေး လမ်းကြောင်း ရပ်ဆိုင်းသွားကာ နယ်စပ်ဒေသ ကုန်သွယ်ရေးကို ထိခိုက်မှုရှိ ကြောင်း ဒေသခံစီးပွားရေး လုပ်ငန်းရှင်များနှင့် စီးပွားရေး ပညာရှင်များက သုံးသပ်ကြသည်။

တရုတ်နိုင်ငံ နန်ဆန် မြို့ဘက်မှ မြန်မာပြည်ဘက်သို့ ကြည်ရှုနေသော ဒုက္ခသည် တဦး (ဓာတ်ပုံ - AP)

အဆိုပါ တိုက်ပွဲများကြောင့် ရှမ်းပြည်မြောက်ပိုင်းသို့ ကုန်တင်ကားကြီးများသွားလာမှု ရက်ပိုင်းမျှ ရပ်တန့်ခဲ့ရပြီး ကိုးကန့် ဒေသရှိ ချင်းရွှေဟော် ကုန်သွယ်ရေး စခန်းကိုလည်း ပိတ်ထားရသောကြောင့် တရုတ်မြန်မာ နယ်စပ်ကုန်သွယ်ရေးတွင် ကျဆင်းမှုများ ရှိနေကြောင်းသိရသည်။

“မူဆယ်ဘက် သွားတဲ့ကားနည်းတယ်၊ ဆယ်စီးမှာ နှစ်စီးလောက်ပဲသွားကြတယ်၊ ကားချောဆွဲတာက ၆ ဘီးတွေကိုပဲ ရွေးဆွဲတာ၊တချို့၁၀ ဘီး၊ ၁၂ဘီး ပိုင်ရှင်တွေက ၆ ဘီးကားတွေကို ပြန်ငှားပေးရတယ်၊ လမ်းကြောင်းအခြေအနေက ဘာမှန်း မသိတော့ လားရှိုးဘက် မတက်ရဲဘူး၊ အဆင်းလည်းမရှိဘူး၊ ဒီရက်ပိုင်း မန္တလေးကို တရုတ်ကုန်အ၀င်အထွက် နည်းတယ်”ဟု မန္တလေး ကျွဲဆယ်ကန် အဝေးပြေးကားဂိတ်ရှိ မန္တလေး-မူဆယ် ကုန်တင်ကားဂိတ် တခုမှ တာဝန်ရှိသူက ဧရာဝတီသို့ ပြောသည်။

ယင်းအခြေအနေကြောင့် မန္တလေးမြို့ရှိ တရုတ်ကုန်ပစ္စည်း ရောင်းဝယ်မှု ဈေးကွက်တွင် ပစ္စည်းဈေးနှုန်း အနည်းငယ်တက် ခဲ့သော်လည်း ယခုအခါတွင် ပုံမှန်ဖြစ်နေပြီ ဖြစ်ကြောင်းသိရသည်။

“ပထမရက်ပိုင်းတွေ တုန်းကတော့ ကားတွေသိပ်အဆင်းအတက်မလုပ်ဘူးဆိုတော့ ရှိတဲ့ကုန်ကို ဈေးထိန်ရောင်းရတာပေါ့၊ ဒါပေမယ့် အခုမူဆယ်လမ်းကတော့ ပုံမှန်ဖြစ်သွားပြီ လို့ကြားတယ်”ဟု မန္တလေးမြို့မှ လူသုံးကုန်ပစ္စည်းရောင်းဝယ်သည့် စတိုးဆိုင်ပိုင်ရှင်တဦးက ဧရာဝတီသို့ ပြောသည်။

စစ်အစိုးရတပ်များ ကိုးကန့်ဒေသတွင် ရှိနေသရွေ့ ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်း ပုံမှန်ပြန်ဖြစ်လာရန် မလွယ်ကူကြောင်း တရုတ် မြန်မာနယ်စပ်ရှိ စီးပွားရေးလုပ်ငန်းရှင်များက ပြောဆိုသည်။

တရုတ်မြန်မာနယ်စပ်တွင် ချင်းရွှေဟော်သည် တတိယ ကုန်သွယ်ရေး စခန်းဖြစ်သော်လည်း နယ်စပ်ကုန်သွယ်ရေးကို ထိခိုက်မှု များစွာမရှိ နိုင်ကြောင်း စီးပွားရေးပညာရှင် ခင်မောင်ညို(ဘောဂဗေဒ ) ကသုံးသပ်သည်။

“ဒီလမ်းကြောင်းက တရုတ်မြန်မာနယ်စပ် အဓိကလမ်းကြောင်းတော့မဟုတ်ဘူး၊ထိတော့ထိ ခိုက်မယ်၊ ဒါပေမယ် သိသိသာ သာ ကြီးတော့မဟုတ်ဘူး၊ ကုန်ပစ္စည်းဈေးနှုန်းတက်ရင်လည်း ရက်ပိုင်းပါ၊ စီးပွားရေးသမားတွေက လန့်တာတော့ လန့်တာ ပေါ”့ ဟု ဧရာဝတီသို့ ပြောသည်။

ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းကို ၂၀၀၅ ခုနှစ်တွင် စတင်ဖွင့်ခဲ့ပြီး မူဆယ်-မနွ္တှလေး ကားလမ်းပေါ်ရှိ သိန္နီမှ ကွမ်းလုံမြို့ ကိုဖြတ်ကာ သွားရပြီး တရုတ်မြန်မာနယ်စပ် လမ်းကြောင်းပေါ်ရှိ မူဆယ်ကုန်သွယ်ရေးစခန်း နှင့် လိုင်ဇာ ကုန်သွယ်ရေး စခန်းတို့ ပြီးလျှင် တတိယအကြီးဆုံး ကုန်သွယ်ရေးစခန်းဖြစ်သည်။

လောက်ကိုင်ဒေသတွင် တရုတ်နိုင်ငံဘက်မှ လာရောက်ပြီး ကက်စီနိုလောင်းကစားဝိုင်းများ ၊ စူပါမားကက်ကြီးများကို လာရောက်ဖွင့်လှစ် ထားသည်ဟုသိရသည်။

“လောက်ကိုင်မှာ ရာခိုင်နှုန်း ၉၀ က တရုတ်တွေ ရင်းနှီးထားတာ၊ တရုတ်တွေ ပိုင်တဲ့ စူပါမားကက်တွေ ၊ ဆိုင်တွေ၊ ကုမ္ပဏီ တွေထဲက ပစ္စည်းတွေ အလုခံရတယ်၊ စစ်တပ်တွေ ရှိနေသရွေ့စီးပွားရေးကတော့ ပြန်လုပ်ကြမှာ မဟုတ်ဘူး” ဟု မူဆယ်မြို့ရှိ ဒေသခံစီးပွားရေး လုပ်ငန်းရှင်တဦးက ဧရာဝတီသို့ပြောသည်။

တရုတ်-မြန်မာနယ်စပ် တရားဝင်ကုန်သွယ်ရေးတွင် မြန်မာပြည်ဘက်မှ လယ်ယာထွက်ပစ္စည်း၊ ရေထွက် ပစ္စည်းများကို အဓိကတင်ပို့နေပြီး တရုတ်ဘက်မှ ဓာတ်မြေသြဇာ၊ ဖယောင်း၊ အိမ်ဆောက်ပစ္စည်း၊ စက်ပစ္စည်း၊ ကားတာယာ၊ လျှပ်စစ် ပစ္စည်း၊ အ၀တ်အထည်နှင့် လူသုံးကုန်ပစ္စည်းများ တင်သွင်းသည် ဟုသိရသည်။

တရုတ်နိုင်ငံ ယူနန်ပြည်နယ်အစိုးရအာဏာပိုင်တို့ ထုတ်ပြန်သော တရားဝင်စာရင်းများအရ ကိုးကန့်ဒေသခံ ဒုက္ခသည် ၃၇၀၀၀ သည် နယ်စပ်ဖြတ်ကျော်ပြီး တရုတ်နိုင်ငံထဲသို့ ၀င်ရောက်လာသည်ဟု တရုတ်နိုင်ငံပိုင် ဆင်ဟွာသတင်းဌာနက ဖော်ပြသည်။

တရုတ်နိုင်ငံဘက်သို့ ထွက်ပြေးတိမ်းရှောင်နေသော ဒုက္ခသည်များ မြန်မာနိုင်ငံဘက်သို့ ပြန်လည်ဝင်ရောက် လာနေကြ သည်ဟု စစ်အစိုးရသတင်းစာများတွင် ဖော်ပြနေသော်လည်း အများစုမှာ မိမိတို့ပိုင် ပစ္စည်းများကို လာရောက်သိမ်းဆည်း ကြသည့် တရုတ်လူမျိုးများဖြစ်ကြောင်း ဒေသခံများ အဆိုအရ သိရသည်။

ခင်မင်ရသောသူများ ညစဉ် ဆက်ဆက်လာနော်။ မိတ်ဆွေများ နေ့စဉ် ဆက်ဆက်လာနော် လာရောက်လည်ပတ်သူများကို ကျေးဇူးတင်ပါတယ်။

About This Blog

Lorem Ipsum

ကဲဘယ်နိုင်ငံမှာ ဘယ်နှစ်နာရီထိုးပြီလဲ

ပြောပြီးပြန်လဲရပါတယ်တခုခုတော့ပြောခဲ့ပါ

ဇော်ဂျီဖောင့် ကွန်ဗက်စ်တာလေးပါ















Web
youthnetworks








  © Blogger templates Newspaper III by Ourblogtemplates.com 2008

Back to TOP