Facebook Badge

Tuesday, September 8, 2009

တာဝန်မှအပ ဒေသတွင်းလာရောက်နေထိုင်သူများအား ၀တပ်ဖွဲ့က လက်မခံ



ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော်ဌာနချုပ်ရှိရာ ရှမ်းပြည်နယ် အထူးဒေသ (၂) ပန်ဆန်းမြို့အပါအ၀င် ၀ဒေသအတွင်း ၀င်ရောက်အခြေချ နေထိုင်ကြသည့် တရုတ်နှင့်မြန်မာနိုင်ငံသား အားလုံးအား နေရပ်သို့ ခေတ္တပြန်ကြရန် ၀တပ်ဖွဲ့က အမိန့်ထုတ်ပြန်ထားသည်။

နယ်စပ်ဒေသတိုင်းရင်းသားလူမျိုးများ ၀န်ကြီးဌာန (နတလ) ၀န်ထမ်းများ၊ ကုလသမဂ္ဂလက်အောက်ခံ ၀န်ထမ်းများ၊ နိုင်ငံတကာမှ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၏ ၀န်ထမ်းများမှအပ ကုန်သည်များ၊ ကျပန်းအလုပ်သမားများ၊ အလုပ်အကိုင်မရှိသူများအား နေရပ်သို့ပြန်ကြရန် ၀တပ်ဖွဲ့မှ ယခုလ (၅) ရက်တွင် ကြေညာချက် ထုတ်ပြန်ထားသည်ဟု ပန်ဆန်းမြို့ရှိ ၀တပ်ဖွဲ့မှ အရာရှိတဦးက ပြောသည်။

၎င်းက “နိုင်ငံတကာအစိုးရက စေလွှတ်တဲ့ဝန်ထမ်းတွေ၊ ဆေးရုံတွေ၊ ကျောင်းတွေ၊ ဖွံ့ဖြိုးရေးရုံး အဲဒီက ၀န်ထမ်းတွေတော့ နေလို့ရတယ်။ တရုတ်ဘက်ကလာပြီး ဒီမှာ ဆိုင်လာဖွင့်တာ၊ စီးပွားလာရှာနေတာ၊ ကုန်သည်တွေကိုတော့ ခဏပြန်ကြဖို့ တရားရေးဌာနက ကြေညာချက်ထုတ်ထားတယ်။ အစောကတည်းက သူတို့တွေလည်း အတော်များများ ပြန်သွားကြပြီ။ အဓိကတော့ အလုပ်အကိုင်မရှိတဲ့ သူတွေ၊ နေ့စားလုပ်နေတဲ့သူတွေကို ပြန်ခိုင်းလိုက်တာ” ဟု ပြောသည်။

ပန်ဆန်းအပါအ၀င် ၀ဒေသအတွင်း ပြင်ပမှ လူဝင်ရောက်မှု များပြားလာနေပြီး ဒေသအတွင်း၌ ကောလာဟလများနှင့် အရွှေ့အပြောင်း မငြိမ်မသက်မှုများ ရှိလာနေ၍ ယခုကဲ့သို့ အမိန့်ထုတ်ပြန်ခဲ့ရခြင်းဖြစ်သည်ဟု အဆိုပါဝအရာရှိက ပြောသည်။

ထိုအမိန့်ကြေညာချက်တွင် ၀ဒေသ၌ နေထိုင်ခွင့်ရှိသူများကိုသာ နေထိုင်ခွင့်ပြုမည်၊ ၀နယ်တွင်းလာရောက် အလုပ်လုပ်ကိုင်နေကြသည့် အဖွဲ့အစည်းအသီးသီးမှ ၀န်ထမ်းများ၊ ဒေသခံများသည် လုံခြုံရေးဂရုစိုက်ကာ စည်းကမ်းရှိရှိ နေထိုင်ကြရမည်၊ ဒေသတည်ငြိမ်ရေး၊ လုံခြုံရေးကို နှောင့်ယှက်ထိပါးလာသူမှန်သမျှအား ထိထိရောက်ရောက် အရေးယူသွားမည်ဟုလည်း ဖော်ပြပါရှိသည်။

ယခုလအစောပိုင်းကလည်း အမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော်ဌာနချုပ်၊ ရှမ်းပြည်နယ်အရှေ့ပိုင်း အထူးဒေသ(၄) မိုင်းလားမြို့တွင် ရောက်ရှိနေသည့် အလုပ်အကိုင်မရှိ မြန်မာနိုင်ငံသားများနှင့် ကျပန်းအလုပ်သမားများကို မိုင်းလားတပ်ဖွဲ့ဝင်များက ဖမ်းဆီးကာ ကျိုင်းတုံမြို့သို့ ကားဖြင့် ပြန်ပို့ခဲ့သည်ဟု မိုင်းလားဒေသခံတဦးက ပြောသည်။

၎င်းက “လူစိမ်းတွေ အရမ်းများလာတာ၊ အလုပ်က မရှိဘူး။ အနှိပ်ခန်းနဲ့ အရက်ဆိုင် စားသောက်ဆိုင်တွေမှာပဲ နေနေကြတော့ ဒီကတွေလည်း သံသရှိလာတာ နေမှာပေါ့။ အဲဒါနဲ့ ညမှာပဲ လိုက်ဖမ်းပြီး ကားတွေနဲ့ ကျိုင်းတုံ ပို့လိုက်တာ (၁၀၀) ကျော်လောက် ရှိမယ်နဲ့တူတယ်။ ဒီမှာရှိတဲ့ ဗမာတွေအားလုံးလောက် ပါသွားတယ်” ဟု ပြောသည်။

ပြီးခဲ့သည့် လကုန်ပိုင်းက ရှမ်းပြည်နယ်၊ အထူးဒေသ (၁) ကိုးကန့်ဒေသအတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနောက်ပိုင်း တရုတ်-မြန်မာနယ်စပ်တလျှောက်ရှိ အခြားအပစ်ခတ်ရပ်အဖွဲ့များ၏ နယ်မြေများတွင် စစ်ဖြစ်ပွားမည်ကို စိုးရိမ်ပြီး ပစ္စည်းရွှေ့ပြောင်းမှု များနှင့် မငြိမ်မသက်မှုများ ပေါ်ပေါက်နေချိန်တွင် ယခုကဲ့သို့ ပြင်ပမှ ၀င်ရောက်လာသူများကို ပြန်လည် နှင်လွှတ်နေခြင်း ဖြစ်သည်။

၎င်းတို့၏ နယ်မြေများအတွင်းသို့ နအဖစစ်တပ်မှ စစ်ထောက်လှမ်းရေးများ ၀င်ရောက်ကာ နယ်မြေမတည်မငြိမ်ဖြစ်အောင် သွေးထိုးလှုံ့ဆော်မှုနှင့် နယ်မြေထောက်လှမ်းမှုများ လုပ်ဆောင်နိုင်ကြာင်း အဆိုပါ အပစ်ရပ်အဖွဲ့များက ယူဆ၍ ယခုကဲ့သို့ ပြုလုပ်နေခြင်းဖြစ်နိုင်ကြောင်း စစ်ရေးအကဲခတ်များက ဝေဖန်နေကြသည်။

ခင်မင်ရသောသူများ ညစဉ် ဆက်ဆက်လာနော်။ မိတ်ဆွေများ နေ့စဉ် ဆက်ဆက်လာနော် လာရောက်လည်ပတ်သူများကို ကျေးဇူးတင်ပါတယ်။

About This Blog

Lorem Ipsum

ကဲဘယ်နိုင်ငံမှာ ဘယ်နှစ်နာရီထိုးပြီလဲ

ပြောပြီးပြန်လဲရပါတယ်တခုခုတော့ပြောခဲ့ပါ

ဇော်ဂျီဖောင့် ကွန်ဗက်စ်တာလေးပါ















Web
youthnetworks








  © Blogger templates Newspaper III by Ourblogtemplates.com 2008

Back to TOP