Facebook Badge

Wednesday, September 9, 2009

ဓနုတ် စေတီ ပြန်လည်တည်ထားရန် အာဏာပိုင်များ ခွင့်မပြု

Wednesday, 09 September 2009 14:47 အောင်သက်ဝိုင်း


ဗိုလ်ချုပ်မှူးကြီး သန်းရွှေမိသားစုက ပြုပြင်မွမ်းမံပြီးနောက် မကြာခင် ပြိုကျသွားသော ရန်ကုန်တိုင်း ဒလမြို့ နယ်ရှိ ဓနုတ် စေတီကြီးပြန်တည်ရန် သက်ဆိုင်ရာ အာဏာပိုင်များက စီစဉ် ဆောင်ရွက်ခြင်း မရှိသေးသည့် အတွက် ဒေသခံများအကြား မကျေနပ်မှုဖြစ်ပွားနေကြောင်း သတင်းရရှိသည်။

ဓနုတ်စေတီကြီး ပြိုကျပြီးနောက် တွေ့မြင်ရစဉ် (ဓာတ်ပုံ - AP)

ပြီးခဲ့သည့် မေလ ၃၀ ရက်နေ့ ညနေပိုင်းက ရုတ်တရက် ပြိုကျပျက်စီးသွားသည့် ဓနုတ် စေတီကြီးပြန်လည် ပြုပြင်ရန် အာဏာပိုင်များကတစုံတရာပြောဆိုခြင်း မရှိသကဲ့သို့ စေတီကြီးအတွက် အလှူခံရန်လည်း တရား ၀င် ခွင့်ပြုချက်မပေးသေးသည့်အတွက် ထိုသို့မကျေနပ်မှုများ ဖြစ်ပေါ်နေကြောင်း ဓနုတ်စံပြ ကျေးရွာသားများ နှင့် စေတီဂေါပကအဖွဲ့ထံမှ စုံစမ်း သိရှိရသည်။

ဒလဒေသခံတဦးက“ဒေါ်ကြိုင်ကြိုင်ထီးတင်ပြီးမှ ရုတ်တရက် ပြိုသွားတာကို ကြည့်ပြီး ဒေသခံအာဏာ ပိုင် တွေလည်း တော်တော် ထိတ်လန့်ကုန်တယ်။ ဒလဒေသခံတွေကြားမှာလည်းတန်ခိုးကြီးတဲ့ ဓနုတ်စေတီ ကြီး က မင်းဆိုး မင်းညစ်ရဲ့ သာသနာပြုတာကို လက်မခံလို့ ဒီလိုပြိုကျတာလို့လည်း ပြောကြ ဆိုကြတယ်။ လူတွေက ဓနုတ်စေတီကြီး ကို ပြန်တည်စေချင်ကြတယ်”ဟု ဆိုသည်။

ဗိုလ်ချုပ်မှူးကြီး၏ ဇနီး ဒေါ်ကြိုင်ကြိုင်မိသားစုက မေလ ၇ ရက်နေ့က ဓနုတ်စေတီကြီး၌စိန်ဖူးတော်နှင့် ငှက်မြတ်နားတော် တင်လှူ ပူဇော်ပြီးနောက် မေလ၃၀ ရက်နေ့တွင် ရုတ်တရက် စေတီကြီးပြိုကျသွားခြင်း ဖြစ်သည့်အတွက် ပြန်လည်ပြုပြင်ရန် ထိတ်လန့်ကြောက်ရွံ့နေခြင်းဖြစ်နိုင်ကြောင်း ဓနုတ်စံပြ ကျေးရွာသား တဦးကလည်း ပြောဆိုသည်။

“စေတီကြီးပြန်တည်ဖို့ ၊ ပြန်ပြုပြင်ဖို့ ဘာမှမလုပ်ကြသေးဘူး။ စေတီကြီးနဲ့ပတ်သက်လို့ အရမ်းမလုပ်ရဲတော့ တာလား၊ ပြန်တည်ဖို့ အစီအစဉ်လုံးဝမရှိတာလားဆိုတာ သေသေချာချာ ကွဲကွဲပြားပြားမသိရသေးဘူး”ဟု
စေတီဂေါပကအဖွဲ့နှင့်နီးစပ်သူတဦးက ပြောသည်။

စေတီကြီးပြိုကျရာမှ ထွက်ရှိလာသော အုတ်ခဲများ၊ အုတ်ကျိုးအုတ်ပဲ့များကို အာဏာပိုင်များက ဓနုတ်စံပြ ကျေးရွာပတ်ဝန်းကျင်ရှိ လမ်းများခင်းရာတွင် အသုံးပြုလိုက်သည့်အတွက် ထိုသို့ ခင်းထားသော လမ်းများကို ဖြတ်သန်းမသွားရဲသောကြောင့် ကွင်းရှောင်သွားနေကြကြောင်း ဒေသခံများက ပြောသည်။

“ဘုရားက အုတ်ကျိုးအုတ်ပဲ့တွေကို လမ်းတွေခင်းတဲ့နေရာမှာ သုံးပစ်လိုက်တယ်။ ရွာသူ ရွာသားတွေက အဲဒီ လမ်းတွေ မနင်းရဲမလျှောက်ရဲကြဘူး။ ကွေ့ပတ်ရှောင်သွားကြတယ်”ဟု ဓနုတ်စံပြကျေးရွာသားတဦးက ဆို သည်။

ယင်း ဓနုတ်စေတီကြီးပြန်လည်ပြုပြင်ရန် သာသာနာရေးဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းအေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီထံမှ ညွှန်ကြားချက်တစုံတရာမရှိကြောင်း၊ စေတီကြီးနှင့်ပတ်သက်ပြီး မည်သို့ ဆောင်ရွက် မည်ကိုလည်း မသိရှိကြောင်း ဒလမြို့နယ် အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေး ကောင်စီ(မယက) အဖွဲ့ဝင် တဦးက ပြောဆိုသည်။

“ဘာဆက်လုပ်မယ်ဆိုတာ ညွှန်ကြားချက်မရှိသေးဘူး။ လောလောဆယ်ထိတော့ ဘာမှကို ပြောလို့မရပါ ဘူး။ စေတီက ပြန်တည်ဖြစ်မယ်၊ မတည်ဖြစ်ဘူးဆိုတာ အသေအချာမသိသေးပါဘူး”ဟု ထို ဒလ မယက အဖွဲ့ဝင်ကဆိုသည်။

ဘာသာရေးကို သက်ဝင်ယုံကြည်၍ မဟုတ်ဘဲ ရာထူးစည်းစိမ်အာဏာ တည်မြဲရေး ယတြာချေသည့် အနေ ဖြင့် စေတီတည်ခဲ့ရာမှ ပြိုကျသွားသောကြောင့် ယတြာမအောင်မြင်သည့်အတွက် ပြန်လည် ပြုပြင်ရန် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမိသားစု စိတ်မ၀င်စားခြင်း ဖြစ်နိုင်ကြောင်း ရန်ကုန်မြို့မှ ဗေဒင်ဆရာတဦးက ဆိုသည်။

“ယတြာမှာ တခုမအောင်ရင် တခြားတခု ပြောင်းလုပ်လို့ရတယ်။ မအောင်မြင်တဲ့ ယတြာကို ထပ်လုပ်စရာ မလိုဘူး”ဟု ထိုဗေဒင်ဆရာက ပြောသည်။

ဓနုတ်စေတီကြီးပြိုကျပြီးနောက် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမိသားစုက ရွှေတိဂုံစေတီရှိ ခုနစ်ရက် သားသမီး ဂြိုဟ်တိုင်ဘုရားများတွင် ပန်းစေတီများကို ကပ်လှူ ပူဇော်ပြီး ယတြာချေခဲ့ကြောင်းလည်း သိရသည်။

ဓနုတ်စေတီတော်ကြီးပြိုကျခဲ့ရာတွင် ထူးခြားသော လဏ္ခာများဖြစ်သည့် ရုတ်ရက်အမှောင်ကျခြင်း၊ မီးလုံး အနီကြီးများ ဖြတ်သန်းခြင်းနှင့် မပြိုကျမီ ညပိုင်းအချိန်များက စေတီတော်ကြီး၏ အရိပ်ကို ထီးတော်မပါဘဲ ကောင်းကင်တွင် ဖူးတွေ့ရခြင်းများဖြစ်ပေါ်ခဲ့သည့်အတွက်ပြည်တွင်းရှိ ဗေဒင် နက္ခတ္တ ဆရာများက မကြာမီ စစ်အစိုးရပြုတ်ကျတော့မည်ဟုပင် ဟောကိန်းထုတ်ခဲ့ကြောင်း သိရသည်။

ဓနုတ်စေတီကြီးပြိုကျမှုကြောင့် လူ ၂၀ ထက်မနည်းသေဆုံးပြီး ၁၅၀ ကျော်ဒဏ်ရာရရှိခဲ့သည် ဟု ဒေသခံများ ကပြောဆိုသော်လည်း စစ်အစိုးရကမူ လူနှစ်ဦးသာသေဆုံးပြီး ၃၄ ဦးဒဏ်ရာ ရရှိခဲ့ကြောင်း၊ ဘုရားပြိုကျခြင်း သည် စေတီပြုပြင်သူများက ဘုရားကြီးကို မူလပုံစံအတိုင်း ဖြစ်စေလိုသည့် ကြိုးပမ်းတည်ဆောက်ရာမှ မျှော် မှန်းမထားသည့် ၀န်ပိုများကြောင့် စေတီတော်ကိုယ်လုံးတော်ပိုင်းဆိုင်ရာထိခိုက်ပြီး ပြိုကျပျက်စီးခြင်း ဖြစ် ကြောင်းနှင့် မိုးမကျမီ စေတီတော်ကြီးအပြီးသတ် ပြင်ဆင်နိုင်ရေး အမြန်ကြိုးစား မွမ်းမံတည်ဆောက်ကြရာ တွင် အရည်အသွေးဆိုင်ရာလိုအပ်ချက်များရှိခဲ့သည့်အတွက် ပြိုကျရခြင်းဖြစ်သည်ဟု စစ်အစိုးရ မီဒီယာများ တွင် သတင်းထုတ်ပြန်ခဲ့သည်။

၎င်းစေတီကြီးသည် ၂၀၀၆ ခုနှစ် ဇွန်လ၂၇ ရက် နံနက် ၃ နာရီ ၁၅ မိနစ်က တနင်္လာ(အရှေ့တောင်)ထောင့်မှ စေတီတော်ထက်ခြမ်းကွဲ၍ ဌက်ပျောဖူးနှင့်ထီးတော်တို့ ပြိုကျ မြေခခဲ့သည့် အတွက် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ မိသားစု က ဦးစီးပြီး ၂၀၀၉ ခုနှစ်၊ မေလ ၇ ရက်နေ့တွင် စိန်ဖူးတော်နှင့် ဌက်မြတ်နားတော် တင်လှူပူဇော်ခြင်း ဖြစ်သည့် စေတီတော် မွမ်းမံချိန် ၃ နှစ်ကျော်ကြာမြင့်ခဲ့သည်။

ယခုအချိန် ဓနုတ်စေတီကြီးကို စစ်အစိုးရ လှူဒါန်းမှုမပါဘဲ အများပြည်သူ အလှူငွေဖြင့်သာ ပြန်တည်ပါက အနည်းဆုံး ၅ နှစ် နီးပါးကြာမြင့်နိုင်သည်ဟု စေတီဂေါပက အဖွဲ့ဝင်များက ပြောသည်။

ဓနုတ်စေတီကို သာသနာသက္ကရာဇ် ၂၄၀ ပြည့်နှစ်တွင် သထုံမင်း စူဠသီရိမာသောက၏ အထောက်အပံ့ဖြင့် လေးသည်ရွာ၌ သံဃာတော် အရှင်သုဇာတ က တိုက်စေတီတည်ပြီး မြတ်စွာဘုရား ဆံတော် နှစ်ဆူနှင့် ဓာတ်တော် ၂၄ ဆူကို ဌာပနာတည်ခဲ့သည့်အတွက်“ဒုနုဂ္ဂဟစေတီ”ဟု အမည်တွင်ခဲ့ပြီး နောင်တွင် တိုက် စေတီပုံ မှ သင်တိုင်းစေတီပုံသို့ ပြင်ဆင်တည်ခဲ့ပြီးနောက်“ဓနုတ်စေတီ”ဟု အမည်တွင်ခဲ့သည်။

ယင်း ဓနုတ်စေတီကို ဘုန်းတန်ခိုးကြီးမားသော ဘုရင်မင်းအဆက်ဆက်ကပြုပြင်ကိုးကွယ်ခဲ့ရာ မြန်မာ သက္ကရာဇ် ၇၁၅ ခုနှစ်တွင် ဟံသာဝတီဘုရင် ဗညားဦးက လည်းကောင်း၊ ၇၅၆ ခုနှစ်တွင် ဘုရင် သုတသောမ ရာဇဓိရာဇ် က လည်းကောင်း ပြုပြင်တည်ထားကိုးကွယ်ပြီး သက္ကရာဇ် ၈၁၉ ခုနှစ်တွင် ငလျှင်လှုပ်ပြိုကျရာ ရှင်စောပု ဘုရင်မကြီးက ပြန်လည်ပြုပြင်ကြောင်း သမိုင်း မှတ်တမ်းများအရ သိရှိရသည်။

ထို့အပြင် သက္ကရာဇ် ၈၁၉ ခုနှစ်တွင် ဓမ္မစေတီမင်း က လည်းကောင်း၊ သက္ကရာဇ် ၉၀၁ ခုနှစ်တွင် တောင်ငူ ဘုရင်တပင်ရွှေထီးကလည်းကောင်း၊ ၉၂၆ ခုနှစ်တွင် ဘုရင့်နောင် ကလည်း ကောင်း၊ ၁၀၀၆ ခုနှစ်တွင် သာလွန်မင်းက လည်းကောင်း၊ ၁၀၄၁ ခုနှစ်တွင် မင်းရဲကျော်ထင် က လည်းကောင်း၊ ၁၁၇၃ ခုနှစ်တွင်
ဘိုးတော်မင်းတရား ကလည်းကောင်း အသီးသီးပြုပြင်ခဲ့သည်။

သမိုင်းဝင်ရှေးဟောင်း ဓနုတ်စေတီကြီးသည် ဉာဏ်တော်အမြင့်ပေ ၁၈၆ ပေ ၊ လုံးပတ်တော် ၂၄၄ ပေ၊ ၈ လက်မ နှင့် ဖိနပ်တော် ၄၉၀ ပေ၊ ၄ လက်မ ရှိသည်ဟုလည်း သိရှိရသည်။

ခင်မင်ရသောသူများ ညစဉ် ဆက်ဆက်လာနော်။ မိတ်ဆွေများ နေ့စဉ် ဆက်ဆက်လာနော် လာရောက်လည်ပတ်သူများကို ကျေးဇူးတင်ပါတယ်။

About This Blog

Lorem Ipsum

ကဲဘယ်နိုင်ငံမှာ ဘယ်နှစ်နာရီထိုးပြီလဲ

ပြောပြီးပြန်လဲရပါတယ်တခုခုတော့ပြောခဲ့ပါ

ဇော်ဂျီဖောင့် ကွန်ဗက်စ်တာလေးပါ















Web
youthnetworks








  © Blogger templates Newspaper III by Ourblogtemplates.com 2008

Back to TOP