Facebook Badge

Monday, October 12, 2009

ဘန်ကောက်စက်ရုံလုပ်သားများ ကထိန်သင်္ကန်းကပ်လှူ

မင်းနိုင်သူ / ၁၂ အောက်တိုဘာ ၂၀၀၉

ဘန်ကောက်မြို့ရှိ မြန်မာဒကာ၊ ဒကာမများစုပေါင်း၍ ယမန်နေ့က ဘန်ခဲ ၀ပ်တလုံးကျောင်းတိုက်တွင် ကထိန်သင်္ကန်းကပ်ပွဲကို အကြီးအကျယ် ကျင်းပနိုင်ခဲ့သဖြင့် နောက်လာမည့် မြန်မာစာသင်သားရဟန်းတော်များအတွက် လမ်းပွင့်သွားစေကြောင်း အဆိုပါကျောင်းတိုက်မှ စာသင်သား သံဃာတဦးဖြစ်သည့် ဦးကုဏ္ဍလက မိန့်ကြားသည်။



“ဦးဇင်းတို့ မြန်မာစာသင်သား ရဟန်းတော်တွေအနေနဲ့ ဘန်ကောက်မှာ စာလာသင်တဲ့အခါ နေထိုင်ရေးက အရမ်းအခက်အခဲ ဖြစ်ခဲ့ကြပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် မြန်မာစာသင်သား သံဃာတော်များကို နေထိုင်ခွင့်ပေးတဲ့ ကျောင်းတိုက် အတော်ရှားပါတယ်။ အခုဒီ ၀ပ်တလုံးဆရာတော်ကြီးကတော့ မြန်မာစာသင်သား ရဟန်းအများအပြားကို နေထိုင်ခွင့် ပေးထားတဲ့အပြင် မြန်မာဒကာ၊ ဒကာမတွေရဲ့ ကထိန်ပွဲပြုလုပ် လှူဒါန်းခွင့်ကိုလည်း ခွင့်ပြုပေးခဲ့တဲ့အတွက် ဦးဇင်းတို့ လက်ထက်သာမက နောင်လာမယ့် မြန်မာစာသင်သား ရဟန်းတော်တွေအတွက်ပါ အလားအလာကောင်းတွေ ရှိသွားစေတာ ဖြစ်ပါတယ်” ဟု အဆိုပါသံဃာတော်က မိန့်ဆိုသည်။

မြန်မာစာသင်သား ရဟန်းတော်များသည် သီရိလင်္ကာ၊ အိန္ဒိယ၊ နိပေါနှင့် ထိုင်းနိုင်ငံတို့တွင် အများဆုံး စာပေသင်ကြားနေကြရာ ထိုင်းနိုင်ငံတွင် မြန်မာဘုန်းကြီးကျောင်း မရှိခြင်းကြောင့် သီတင်းသုံးနေထိုင်ရေးအတွက် အခက်တွေ့ကြရသည်။

“ဒီမှာက မြန်မာဘုန်းကြီး ကျောင်းထိုင်တဲ့ကျောင်း မရှိသေးဘူး။ ဦးဇင်းတို့အနေနဲ့ မဟာချူလာလောင်ကွန် ဗုဒ္ဓတက္ကသိုလ် တက်ခွင့်ရပေမယ့် နေထိုင်ရေးကျတော့ အခက်တွေ့ကြရတယ်။ ၀ပ်တလုံးဆရာတော်ကြီးက အရိပ်ခိုလှုံခွင့်ပေးထားလို့သာ အခုလို မြန်မာရဟန်းတော်တွေ များများစုဝေး သီတင်းသုံးခွင့်ရခဲ့ကြတာ” ဟု ဦးပညာက မိန့်ဆိုသည်။

ဘန်ခဲ ၀ပ်တလုံးကျောင်းတိုက်တွင် မြန်မာစာသင်သားရဟန်းတော် (၅၂) ပါးအပြင် ကမ္ဘောဒီးယား၊ လာအို၊ ဘင်္ဂလားဒေရှ့်မှ စာသင်သား ရဟန်းများကို ကျောင်းထိုင်ဆရာတော်ကြီးက နေထိုင်ခွင့်ပြုထားသည်။

ဝပ်တလုံးကျောင်းထိုင်ဆရာတော် ဖရမဟာဘုန်းထိန်ဇုတိနြေ္ဓာက “ထိုင်း၊ မြန်မာ၊ ကမ္ဘောဒီးယား၊ လာအိုဆိုတာ နိုင်ငံတွေ ကွဲပြားနေပေမယ့် ဗုဒ္ဓဘာသာဝင်တွေ အများဆုံးရှိနေကြတာမို့ ဘုန်းကြီးအနေနဲ့ကတော့ အားလုံးဟာ အတူတူပဲလို့ မြင်မိတယ်” ဟု မိန့်ဆိုသည်။

မြန်မာစာသင်သားရဟန်းအများအပြား သီတင်းသုံးနေသည့် အဆိုပါကျောင်းတိုက်တွင် ယမန်နေ့က ဖလန်ဆန်စာထုပဒီ၊ ဖုထပူချာ (၄၄)၊ ဖိကာစင် ၆၂/၁ စသည့် အထည်ချုပ်စက်ရုံ (၃) ရုံမှ မြန်မာလုပ်သားများ ဦးဆောင်၍ ကထိန်သင်္ကန်းကပ်လှူပွဲ ကျင်းပရာ မြန်မာ ဒကာ၊ ဒကာမ (၁,၀၀၀) ခန့် လာရောက်လှူဒါန်းခဲ့ကြသည်။

“အရင်က ကျနော်တို့အနေနဲ့ လှူချင်တန်းချင်ရင်တောင် အခက်အခဲတွေရှိခဲ့ပါတယ်။ အခုတော့ ဒီကျောင်းမှာ မြန်မာသံဃာတွေလည်းရှိ၊ ဆရာတော်ကလည်း ခွင့်ပြုဆိုတော့ ပထမအကြိမ် ကထိန်သင်္ကန်းကပ်ပွဲ လုပ်နိုင်ခဲ့ကြတာပါ။ အလုပ်သမားတွေမှာ အလုပ်လုပ်ခွင့်ကတ်ရှိပေမယ့် နယ်ကျော်အခက်အခဲရှိပါတယ်။ ဒါပေမယ့် အဖမ်းအဆီးမရှိအောင် ၀ပ်တလုံးဆရာတော်က စီစဉ်ပေးခဲ့တဲ့အတွက်လည်း ဒီလောက်များများစားစား လာရောက်နိုင်ကြတာပါ။ ဒီလောက် လူများလိမ့်မယ်လို့ ကျနော်တို့ ထင်မထားခဲ့ဘူး”ဟု ကထိန်ပွဲဖြစ်မြောက်ရေး ဦးဆောင်စီစဉ်ခဲ့သူတဦးဖြစ်သည့် ကိုရေချမ်းက ပြောသည်။

အထည်ချုပ်စက်ရုံများမှ မြန်မာလုပ်သားများဦးဆောင်သော ကထိန်သင်္ကန်းကပ်ပွဲတွင် ဘတ်ငွေ (၁၃၀,၀၀၀) ကျော် လှူဒါန်းနိုင်ခဲ့ကြပြီး ငါးထပ်ကျောင်းဆောင် တည်ဆောက်ရေးအတွက်လည်း ဘတ်ငွေ (၂၄,၀၀၀) ကျော် လှူဒါန်းခဲ့ကြသည်။

“ကျနော်တို့ရဲ့ ချွေးနဲစာလေးတွေထဲက တလလောက်ကြိုစုပြီး လှူဒါန်းခဲ့ကြတာပါ။ အခုလို လှူဒါန်းခွင့်ရတဲ့အတွက် အများကြီး ပီတိဖြစ်ရပါတယ်။ နောက်နှစ်တွေမှာလည်း ဆက်လုပ်ဖြစ်သွားအောင် ကြိုးစားကြမှာပါ။ ကျနော်တို့ စက်ရုံတွေက တလတခါလည်း ဆွမ်းကပ်နေပါတယ်။ နောက်ပြီး မြန်မာအလုပ်သမတွေစုပေါင်းပြီး ဓမ္မစင်္ကြာ ၀တ်အသင်းလည်း ဒီကျောင်းကို အခြေပြုပြီး ဖွဲ့ထားနိုင်ပါပြီ” ဟု စက်ရုံလုပ်သားတဦးက ပြောသည်။

ခင်မင်ရသောသူများ ညစဉ် ဆက်ဆက်လာနော်။ မိတ်ဆွေများ နေ့စဉ် ဆက်ဆက်လာနော် လာရောက်လည်ပတ်သူများကို ကျေးဇူးတင်ပါတယ်။

About This Blog

Lorem Ipsum

ကဲဘယ်နိုင်ငံမှာ ဘယ်နှစ်နာရီထိုးပြီလဲ

ပြောပြီးပြန်လဲရပါတယ်တခုခုတော့ပြောခဲ့ပါ

ဇော်ဂျီဖောင့် ကွန်ဗက်စ်တာလေးပါ















Web
youthnetworks








  © Blogger templates Newspaper III by Ourblogtemplates.com 2008

Back to TOP