ရေထွက်ကုန်ပစ္စည်းတင်သွင်းမှု နစ်နာဟု မြန်မာကုန်သည်များပြော
မြ၀တီနယ်စပ် ကုန်သွယ်ရေးစခန်းတွင် လေလံစနစ်ကျင့်သုံးခြင်း မရှိသောကြောင့် ထိုင်းနှင့်ကုန်သွယ်ရာတွင် ထိုင်းကုန်သည်များက အကျိုးအမြတ်ပိုမိုရရှိပြီး မြန်မာကုန်သည်များမှာ နစ်နာမှုများစွာရှိကြောင်း မြန်မာကုန်သည်များက ပြောသည်။
ကဏန်းတင်ပို့သူ မြန်မာကုန်သည်တဦးက “ကျနော်တို့ ထိုင်းဘက်ကို ကဏန်းပို့တော့ အကောင်ကြီး တကီလိုကို အများဆုံး ဘတ် (၅၀) ပဲရတယ်။ ထိုင်းကုန်သည်တွေက ဒီကဏန်းတွေကို ဘန်ကောက်ကနေတဆင့် ဗီယက်နမ်အထိပို့တော့ တကီလိုကို အနည်းဆုံး ဘတ် (၁၅၀) မှာရှိတယ်။ တရုတ်နယ်စပ် မူဆယ်ကုန်သွယ်ရေးဇုန်လို လေလံစနစ် မြ၀တီမှာ မရှိတော့ အဆင်ပြေသလိုပဲ ရောင်းနေရတယ်။ ထိုင်းကုန်သည်တွေက ဈေးညှိထားကြပြီး ဘတ် (၅၀) အောက်ပဲ ပေးတယ်" ဟု ပြောသည်။
မူဆယ် (၁၀၅) မိုင်ဂိတ်တွင် ကျင့်သုံးသည့် လေလံစနစ်မှာ မိမိရောင်းချလိုသည့် ကဏန်း၊ ပုစွန်၊ ငါးရှဥ့်များကို ကြမ်းခင်းဈေးသတ်မှတ်၍ ဈေးနှုန်းပိုပေးသည့်လူကို ရောင်းချပေးသည့်စနစ်ဖြစ်သည်။
မြ၀တီနယ်စပ် ကုန်သွယ်ရေးစခန်းမှတဆင့် ထိုင်းဘက်သို့ တရက်ခြား ကားတန်းတွင် မြန်မာကဏန်း တန် (၃၀) ခန့် ထိုင်းဘက်သို့ ပုံမှန်တင်ပို့လျက်ရှိသော်လည်း မြန်မာဘက်မှ နယ်စပ်ကုန်သွယ်မှုစနစ် အားနည်းခြင်းကြောင့် နစ်နာမှုများ ရှိသည့်အတွက် သက်ဆိုင်ရာမှ လေလံစနစ်ဖြင့် ကျင့်သုံးခွင့်ပြုပါက အကျိုးအမြတ်ပိုမိုရရှိမည်ဟု ရေထွက်ကုန်ပစ္စည်း တင်ပို့သူ ကဏန်းကုန်သည်များက ပြောသည်။
မော်လမြိုင်နှင့် သထုံနယ်ဘက်မှ ထွက်သည့် သဘာဝကဏန်းများမှာ နှစ်ကောင် တကီလိုနှုန်းဖြစ်ပြီး သဘာဝအရသာ ရှိသောကြောင့် ထိုင်းမှတဆင့် ဗီယက်နမ်အထိ တင်ပို့ရခြင်းဖြစ်ကြောင်း ထိုင်းကုန်သည်တဦးက ပြောသည်။
မဲဆောက်ဘက်တွင် ရောင်းသည့် မြန်မာကဏန်းများမှာ အရွယ်အစားအလိုက် (A၊ B၊ C ) သုံးမျိုးခွဲထားပြီး A တကီလို (၁၂၀) ဘတ်၊ B တကီလို (၁၀၀) ဘတ်နှင့် C တကီလို ဘတ် (၈၀) နှုန်းဖြင့် ရောင်းချလျက်ပြီး ၎င်းတို့ ၀ယ်ရင်းဈေးမှာ ဘတ် (၄၀) နှင့် (၅၀) ကြားတွင်သာ ရှိသည်ဟု သိရသည်။
မြ၀တီမှ ထိုင်းဘက်သို့ တင်ပို့နေသည့် ကဏန်းများမှာ ၂၀၀၈-၀၉ ဘဏ္ဍာရေးနှစ်အတွင်း တန် (၂၀) မှ တန် (၅၀) ကြား တင်ပို့နိုင်ခဲ့သော်လည်း ၂၀၀၉-၁၀ ဘဏ္ဍာရေးနှစ် သြဂုတ်လအထိ ကဏန်းတင်ပို့မှုမှာ တန် (၂၀) မှ တန် (၃၀) ကြားသာ ရှိသည်ဟု နယ်စပ်ကုန်သွယ်ရေးမှတ်တမ်းအရ သိရသည်။
ရေထွက်ကုန်ပစ္စည်းများ ထိုင်းဘက်သို့ တင်ပို့ရာတွင် ကုန်သွယ်မှု အားသာချက်များ ရရှိရန်အတွက် မြန်မာအာဏာပိုင်များ ဘက်မှ တင်းကျပ်သည့်နယ်စပ်ကုန်သွယ်ရေး ကန့်သတ်ချက်များကို လျှော့ပေါ့ပေးရန် လိုအပ်သည်ဟု မြန်မာကုန်သည်များက ပြောသည်။