Facebook Badge

Tuesday, September 22, 2009

မြန်မာ အတိုက်အခံရုံးတချို့ ပိတ်ထားဆဲ



ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင်မြို့ရှိ မြန်မာ့ ဒီမိုကရေစီအရေး လှုပ်ရှားသူများ၏ ရုံးတချို့ကို ထိုင်းအာဏာပိုင်များက ၀င်ရောက် စစ်ဆေးမှုနှင့် ပတ်သက်ပြီး အတိုက်ခံ အသိုင်းအ၀န်းတွင် အမျိုးမျိုး ဝေဖန်ပြောဆိုနေကြဆဲဖြစ် သည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၁၃ ရက်နေ့၌် ထိုင်းအာဏာပိုင်များက ချင်းမိုင်မြို့ရှိ မြန်မာ့ အမျိုးသမီး သမဂ္ဂ (BWU) ၏ လုပ်ငန်းများ တည်ရှိရာ နေရာတချို့ကို ၀င်ရောက် စစ်ဆေးခဲ့ရာ အမျိုးသမီး ၁၀ ဦး ဖမ်းဆီးခံခဲ့ရပြီး နောက် ယခုအချိန်အထိ စိုးရိမ်ထိတ်လန့်ပြီး ဝေဖန်ပြောဆိုနေကြခြင်းဖြစ်သည်။
ဖမ်းဆီး ခံရသူများအနက် ထိုင်းနိုင်ငံတွင် တရားဝင် နေထိုင်ခွင့် လက်မှတ် ကိုင်ဆောင်ထားသူများကို နာရီပိုင်းအတွင်း ပြန် လွှတ်ပေးခဲ့သော်လည်း ၎င်း အမျိုးသမီး ၁၀ ဦးကို ထိုင်းနိုင်ငံအတွင်း တရားမ၀င် နေထိုင်မှုဖြင့် တရက်ခန့် ဆက်လက် ထိန်းသိမ်းထားပြီးမှ ပြန်လည်လွှတ်ပေးခဲ့သည်ဟု သိရသည်။

အထိန်းအသိမ်းခံခဲ့ရသည့် အမျိုးသမီး ၁၀ ဦးသည် BWU အဖွဲ့က စီစဉ်သည့် စွမ်းရည်မြှင့်တင်ရေး သင်တန်းတွင် တက်ရောက်နေသူများ ဖြစ်သည်ဟု သိရသည်။

ထိုင်းအာဏာပိုင်များက BWU ၏ လုပ်ငန်းများ တည်ရှိရာနေရာများ အပြင် လူ့အခွင့်အရေး ပညာပေးဌာန - မြန်မာနိုင်ငံ (HREIB) နှင့် အမျိုးသား ကျန်းမာရေးနှင့် ပညာရေး ကော်မတီ (NHEC) ရုံးတို့ကိုလည်း
ဝင်ရောက် စစ်ဆေးခဲ့သည်။

ထိုသို့ ဝင်ရောက်စစ်ဆေးခဲ့သည့် ရဲအရာရှိများထံတွင် ရုံးများတည်ရှိရာ မြေပုံများ၊ အချက်အလက်များ ပါရှိသည်ဟု မြန်မာအတိုက်အခံ သတင်းရပ်ကွက်က ဆိုသည်။

ချင်းမိုင်မြို့ရှိ အတိုက်အခံရုံးများကြားတွင် စစ်အစိုးရ အာဏာပိုင်များ၏ သတင်းပေးများ ရှိနိုင်သည့်အတွက် ယခုကဲ့သို့ ဖမ်းခိုင်းခြင်း ဖြစ်နိုင်သည်ဟုလည်း မြန်မာ့အရေး လေ့လာသူ ဦးဝင်းမင်းက သုံးသပ်သည်။

“ကြားရသလောက် ထိုင်းနိုင်ငံမှာ တာဝန်ကျနေတဲ့ မြန်မာစစ်သံမှူး အသစ်က ဒီဘက်မှာရှိတဲ့ အတိုက်ခံတွေ လုပ်တဲ့ အစည်းအဝေး၊ သင်တန်း၊ ဘာပဲလုပ်လုပ် သတင်းရတာနဲ့ အဲဒီနေရာတွေကို သွားဖမ်းဖို့ ထိုင်းကိုလှမ်းပြီး ပြောတယ်” ဟု ဦးဝင်းမင်းက ပြောသည်။

အတိုက်အခံ သတင်းရပ်ကွက်များ အဆိုရ မြန်မာ စစ်အစိုးရက လာမည့် ၂၀၁၀ ရွေးကောက်ပွဲအတွက် ကြိုတင် ပြင်ဆင်၍ တိုင်းရင်းသားအများစု အပါဝင် တချို့အတိုက်အခံများကိုလည်း ဖိအားပေးသည့်အနေဖြင့် ယခုကဲ့သို့ လုပ်ဆောင်နေသည်ဟု သုံးသပ်ကြသည်။

ထိုသတင်းကြောင့် ချင်းမိုင်မြို့ အခြေစိုက် မြန်မာ့ ဒီမိုကရေစီ အရေးနှင့် လူအခွင့်အရေး လှုပ်ရှားသည့် အဖွဲ့များ၊ သတင်းဌာနများ အပါဝင် တခြားသော NGO ရုံးများမှာ စိုးရိမ်သောကြောင့် ရုံးများကို ယာယီပိတ်ခဲ့ကြရသည်။

အလားတူပင် လွန်ခဲ့သည့် ၁၆ ရက်နေ့က Mae Sariang အခြေစိုက်သည့် Karen Teachers Working Group (KTWG)၊ ကရင်အမျိုးသမီး အစည်းအရုံး(KWO) နှင့် Karen Office for Relief and Development (KORD) ရုံးများသို့ ထိုင်းအာဏာပိုင်များ ၀င်ရောက်စစ်ဆေးခဲ့သေးသည်။ သို့ရာတွင် မည်သူ့ ကိုမျှ ဖမ်းဆီးခဲ့ခြင်း မရှိဟု သိရသည်။

KORD ရုံးမှ အဖွဲ့ဝင်တဦးဖြစ်သည့် စောထူးခီက “ထိုင်းအာဏာပိုင်တွေက အထက်ကို တင်ပြစရာလို့တယ်ဆိုပြီး တော့ သူတို့ဝင်လာတယ်၊ ရုံးကို ဓါတ်ပုံရိုက်သွားတယ်”ဟု ဧရာဝတီသို့ပြောပြသည်။

ထိုင်းအာဏာပိုင်များက ဖမ်းဆီးမှုများ မပြုလုပ်သေး သော်လည်း ရုံးများပိတ်ခိုင်းမည်ကို စိုးရိမ်ရသည်ဟု စောထူးခီက ဆိုသည်။

ထို့အပြင် ထိုင်း-မြန်မာ နယ်စပ် စံခလဘူရီအခြေစိုက် လွတ်လပ်သော မွန်သတင်း အင်ဂျင် စီ(IMNA)၊ အပါဝင် တချို့မွန်လူ့အခွင့်အရေး ရုံးများလည်း ယနေ့မှ စတင်ကာ ယာယီပိတ်ထားရကြောင်း ကြားသိရသည်။

လွန်ခဲ့သည့် ၂၀၀၀ ပြည့်နှစ် နောက်ပိုင်း ၀န်ကြီးချုပ် သက်ဆင်ရှင်နာဝပ် အစိုးရ လက်ထက်တွင် ထိုင်းနိုင်ငံရှိ မြန်မာ့အရေး လှုပ်ရှားသူများက လုံခြုံရေး အခြေအနေ စိုးရိမ်ရသဖြင့် ရုံးလုပ်ငန်းများကို ရက်သတ္တပတ်ပေါင်း အတန်ကြာ ရပ် ဆိုင်းထားခဲ့ဖူးသည်။

ဤအတောအတွင်း နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့များ၊ အနောက်နိုင်ငံ အစိုးရများက ထိုင်းနိုင်ငံရှိ မြန်မာ့ အရေး လှုပ်ရှားသူများ၏ လုံခြုံရေးအတွက် စိုးရိမ်ကြောင်း ထုတ်ဖော်ပြောကြားကြသည်။

သံတမန်များ၏ အဆိုအရ ဘန်ကောက်မြို့ရှိ အနောက်နိုင်ငံ သံရုံးများလက်ရှိ အခြေအနေကို အနီးကပ် စောင့်ကြည့်နေပြီး တချို့သော သံရုံးများက လက်ရှိ ချင်းမိုင်မြို့ အဖမ်းအဆီးသတင်းနှင့် ပတ်သက်၍ ထိုင်းအာဏာပိုင်များကို သံတမန်ရေးရာအရ စုံစမ်းမှုများ ပြုခဲ့ကြောင်း သိရသည်

ထိုင်းဝန်ကြီးချုပ် အဖိဆစ် ဝေ့ချာချီဝ လက်ထက်တွင် မြန်မာ့ ဒီမိုကရေစီ အရေးနှင့် ပတ်သက်ပြီး ယခင်က နှောက်ယှက်မှု မရှိခဲ့ဖူးကြောင်း သိရသည်။


ခင်မင်ရသောသူများ ညစဉ် ဆက်ဆက်လာနော်။ မိတ်ဆွေများ နေ့စဉ် ဆက်ဆက်လာနော် လာရောက်လည်ပတ်သူများကို ကျေးဇူးတင်ပါတယ်။

About This Blog

Lorem Ipsum

ကဲဘယ်နိုင်ငံမှာ ဘယ်နှစ်နာရီထိုးပြီလဲ

ပြောပြီးပြန်လဲရပါတယ်တခုခုတော့ပြောခဲ့ပါ

ဇော်ဂျီဖောင့် ကွန်ဗက်စ်တာလေးပါ















Web
youthnetworks








  © Blogger templates Newspaper III by Ourblogtemplates.com 2008

Back to TOP