Grand Royal ကို မီးလောင်မှုဖြင့် ရဲက အမှုဖွင့်
![]() | ![]() |
|
တနင်္လာနေ့၊ သြဂုတ်လ 31 ရက် 2009 ခုနှစ် 19 နာရီ 45 မိနစ် |
မဇ္ဈိမ (ချင်းမိုင်)။ ။ Grand Royal အရက်ချက်စက်ရုံကို မီးလောင်မှုဖြင့် အမှုဖွင့်ထားကြောင်း လှည်းကူးမြို့နယ် ရဲစခန်းအပြောအရ သိရသည်။ ယခုလ ၂၂ ရက်နေ့က မီးလောင်မှုဖြစ်ပွားခဲ့သည့် International Beverages Trading Co., Ltd. (IBTC) ၏ လုပ်ငန်းခွဲဖြစ် သော ယင်းအရက်ချက်စက်ရုံကို လှည်းကူး ရဲစခန်းက ပုဒ်မ ၂၈၅/၃၀၄ (က) ဖြင့် အမှုဖွင့်ထားခြင်းဖြစ်သည်။ “ကျနော်တို့က တရားစွဲထားတယ်။ အမှုဖွင့်ထားတယ်။ ဖွင့်ထားပြီးတော့ မီးလောင်တဲ့အကြောင်းလည်း စုံစမ်းတာပေါ့ဗျာ။ စုံစမ်းပြီးတော့ ပေါ်ပေါက်ရင် ပေါ်ပေါက်သလို နောက်ထပ် အရေး ယူတာမျိုးဆက်လုပ် မှာပေါ့။ အဲဒီအမှုက စခန်းမှူးကိုယ်တိုင်စစ်တာ” ဟု စခန်းအရာရှိတဦးက မဇ္ဈိမ ကိုပြော သည်။ မီးလောင်မှုဖြစ်ပွားခဲ့သည့် အရက်ချက်စက်ရုံဝန်းအား ယခုအချိန်တွင် ခြံခတ်၍ အစောင့်များ ချထားလျက် ရှိကြောင်းလည်း မြို့နယ် မီးသတ်ဌာနမှ ဝန်ထမ်းတဦးက ပြောသည်။ “စက်ရုံကတော့ လောလောဆယ် ခြံစည်းရိုးတွေနဲ့ တားတော့တားထားရတယ်။ စက်ရုံလူကြီး အကြီးအကဲ တွေလားဆိုတာ လာတော့လာကြတာပဲ။ ကျနော်တို့က မမြင်ဘူးတော့ မသိဘူး။ ဦးစီးတွေကတော့ သိမှာ” ဟု သူကမဇ္ဈိမကိုပြောသည်။ မီးငြိမ်းရန်လာရောက်သော မြောက်ဥက္ကလာပ မီးသတ်စခန်းမှ မီးသတ်ကားတစီး မီးလောင်သွားကြောင်း ထပ်မံ စုံစမ်းသိရှိရသည်။ IBTC ကုမ္ပဏီသည် မြန်မာ့အာမခံလုပ်ငန်းမှတဆင့် စင်္ကာပူအာမခံကုမ္ပဏီတခု၌ အာမခံထားရှိခဲ့သော ကြောင့် ပျက်စီးဆုံးရှုံးမှုများအတွက် အမေရိကန်ဒေါ်လာဖြင့် အာမခံလျော်ကြေးငွေ ရရှိမည်ဆိုသော ပြည်တွင်း အပတ်စဉ်ထုတ်ဂျာနယ် The Voice တွင် ပါရှိသည်။ မီးလောင်မှုဖြစ်ပွားခဲ့သည့်အထဲတွင် စက်ရုံပိုင်ပစ္စည်းများဖြစ်သည့် ကား၊ ထော်လာဂျီ၊ မီးစက်၊ ဆိုင်ကယ် နှင့် တန်းဘိုးကြီး အခြား စက်ပစ္စည်းပေါင်းများစွာသာမက စက်ရုံအနီး ဝန်ထမ်းများ ဝယ်ယူ စားသုံးနိုင်ရန် ဖွင့်လှစ်ထားသည့် ထမင်းဆိုင်နှင့် ဈေးဆိုင် ၅ ဆိုင် မီးထဲပါသွားခဲ့သည်။ မြန်မာအရက်ဈေးကွက် ၈၀ ရာခိုင်နှုန်းကျော်ကို ထိန်းထားသည့် IBTC ကုမ္ပဏီသည် Grand Royal Whisky (တံဆိပ်အမဲရောင်ပတ်)၊ ရွှေရောင်တံဆိပ်ပတ်ပါ Special Reserve Grand Whisky၊ Eagle Whisky၊ Heather Gate Whisky တို့နှင့် Royal Special London Dry Gin၊ London Rum တို့ကို ထုတ်လုပ်နေသည်။ |