Facebook Badge

Monday, August 31, 2009

ကိုးကန့်ဒေသ တိုက်ပွဲပြီးဆုံးသော်လည်း စစ်ရေးတင်းမာမှု မြင့်မားဆဲ

Monday, 31 August 2009 19:11

ကိုးကန့်ဒေသ အတွင်း ဖြစ်ပွားနေသော တိုက်ပွဲများ စနေနေ့တွင် အဆုံးသတ်သွားပြီး နယ်မြေအခြေအနေ တည်ငြိမ်နေပြီ ဖြစ်သည်ဟု ယနေ့ထုတ် စစ်အစိုးရ သတင်းစာများတွင် ဖော်ပြ ထားသည်။

မြန်မာနိုင်ငံဘက်သို့ ပြန်မည့် ဒုက္ခသည်များကို တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ လုံခြုံရေး တပ်ဖွဲ့ဝင်များက ယနေ့ စစ်ဆေး စောင့်ကြည့်နေပုံ။ (ဓာတ်ပုံ-AP)

စစ်အစိုးရက တိုက်ပွဲများ ပြီးဆုံးပြီဟု ကြေညာခဲ့သော်လည်း တပ်များ ရုတ်သိမ်းသွားခြင်း မရှိသေးဘဲ အင်အားကိုလည်း ထပ်မံ တိုးချဲ့ထားကာ တခြား အပစ်ရပ်အဖွဲ့များကို ထိုးစစ်များဆင်မှုများ ရှိလာနိုင်ကြောင်း သိရသည်။

“တပ်တွေ ပြန်မဆုတ်သေးဘူး၊ စကခ ၁၊ စကခ ၁၆၊ တပ်မ ၃၃၊ ၉၉ ရောက်နေတာ အများကြီးပဲ၊ ၀ ကိုဆက်ထိုးမလား၊ ဒီတိုင်းပဲ ရပ်ထားမလား မသိဘူး” ဟု တရုတ် မြန်မာနယ်စပ် အခြေစိုက် စစ်ရေးလေ့လာသူ ဦးအောင်ကျော်ဇောက ဧရာဝတီသို့ ပြောသည်။

ထို့အပြင် ရှမ်းပြည်နယ် အတွင်းရှိ လားရှိုး၊ မူဆယ်နှင့် တခြား မြို့ကြီးများတွင် ပုဂ္ဂလိကပိုင် ကားများ ကို ချောဆွဲပြီး အရပ်သားများအား ပေါ်တာအဖြစ် ဆင့်ခေါ်လျက် ရှိနေသေးသည်ဟု သိရသည်။

“တိုက်ပွဲပြီးပြီ လို့သာ ပြောတယ်၊ မနေ့ညကတော့ လားရှိုးမှာ ကား ချောဆွဲတယ်၊ မူဆယ်မှာ ညက ပေါ်တာ ဆွဲတာ လူ ၂၀ ၃၀ လောက် ပါသွားတယ်၊ မီးသတ် ၊ရဲ ၊ ပြည်သူ့စစ် နဲ့ မြို့ထဲတို့မှာ ည ကင်းလှည့်တယ်၊ မန္တလေးကနေ လားရှိုးဘက်ကို စစ်ကား အစီး ၂၀ လောက် တက်လာတယ်” ဟု သျှမ်းသံတော်ဆင့် သတင်းစဉ်မှ အယ်ဒီတာ တဦးဖြစ်သူ ဦးစိန်ကြည်က ပြောသည်။

ရှမ်းပြည် တောင်ပိုင်း တောင်ကြီး-ကျိုင်းတုံ ကားလမ်းပေါ်တွင် စစ်ကား ၃၀ ခန့် မိုင်းဆတ်မြို့ ဘက်သို့ လာနေကြောင်းကိုလည်း မိုင်းဆတ် ဒေသခံတဦးက ဧရာဝတီသို့ ပြောသည်။

ရှမ်းပြည်တောင်ပိုင်းရှိ ၀ စစ်တပ် ထိန်းချုပ်ရာ ဒေသတွင် စစ်အစိုးရတပ်များ နှင့် ၀တပ်များ တဘက်နှင့် တဘက် စစ်ရေး ပြင်ဆင်မှုများ ပြုလုပ်ထားပြီး အခြေအနေကို စောင့်ကြည့်နေကြောင်း သိရသည်။

“၀တပ် စစ်ဒေသ ၁၇၁၈ နယ်မြေမှာ စစ်ရေးပြင်တာ နည်းနည်း ငြိမ်သွားတယ်၊ ပထမပိုင်းက ကိုးကန့် ဒေသ စစ်ရှိန် မြှင့်နေလို့ အသင့် ပြင်နေတာ၊ အခုတော့ ချောကားတွေလည်း ပြန်လွှတ်လိုက်ပြီ၊ အစိုးရဲ့ လားဟူ ပြည်သူ့စစ်တွေကိုလည်း ပြန်လွတ်လိုက်ပြီ၊ တိုင်းရင်းသား မဟာမိတ်အဖွဲ့တွေပါ တိုက်ပွဲမှာ ပါမယ် ထင်လို့ အစိုးရဘက်က အသင့်ပြင်ထားတာ” ဟု သျှမ်းသံတော်ဆင့် သတင်းစဉ်မှ ဦးစိန်ကြည်က ပြောသည်။

မိုင်းလား အထူးဒေသ ( ၄ ) နယ်မြေ တွင်လည်း စစ်အစိုးရတပ်များ စစ်အင်အား ဖြည့်တင်းမှုများကြောင့် ဒေသခံ ပြည်သူအချို့ စတင် တိမ်းရှောင်နေပြီ ဖြစ်ကြောင်း သိရသည်။

“ဒီ သုံးလေးရက် အတွင်း ကိုးကန့်ပြီးရင် မိုင်းလား လာမယ် ကြားလို့ လူ ၇၀၊ ၈၀ လောက် တရုတ်ပြည်၊ ကျိုင်းတုံ၊ တာချီလိတ် ဘက်ကို ပြေးလာကြတယ်” ဟု သျှမ်းသံတော်ဆင့် သတင်းစဉ်မှ ဦးစိန်ကြည်က ပြောသည်။

မိုင်းလားအထူးဒေသ (၄) ခေါင်းဆောင် ဦးစိုင်းလင်းမှာ ယခု တိမ်းရှောင်နေသည့် ကိုးကန့်ခေါင်းဆောင် ဦးဖုန်ကြားရှင် ၏ သားမက် ဖြစ်သည်။

နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးကို ငြင်းဆန်ထားသည့် ရှမ်းပြည်နယ်ရှိ အပစ်ရပ် အဖွဲ့များကို စစ်ရေးအရ ဖိအား ပေးနိုင်သည်ဟု စစ်ရေး နိုင်ငံရေး အကဲခတ်များက သုံးသပ်ကြသည်။

“တပ်တွေ ထည့်ထားတာ အများကြီးပဲ၊ ကိုးကန့် ကိစ္စမှာ နိုင်ငံတကာက တုံပြန်မှုက ဘာမှ မရှိတော့ ဆက်လုပ်နိုင်တယ်၊ ကိုးကန့်မှာ တရုတ် အကျိုးစီးပွား မြုပ်နှံထားတာ အများကြီးပဲ၊ ဒါတွေ လုံးဝ ပျက်သွားတာတောင် တရုတ်က ဘာမှ မတုံ့ပြန်တာ” ဟု တရုတ် မြန်မာနယ်စပ် အခြေစိုက် စစ်ရေး လေ့လာသူ ဦးအောင်ကျော်ဇောက သုံးသပ်သည်။

အလားတူ သျှမ်းသံတော်ဆင့် သတင်းစဉ်မှ ဦးစိန်ကြည်ကလည်း “၀ ကို ညပ်ထားဖို့အတွက် မိုင်းလားကို လှည့်မယ် ထင်တယ်” သုံးသပ်သည်။

စစ်အစိုးရသည် ကချင် လွတ်မြောက်ရေး တပ်မတော် (KIA) နှင့် ဝ ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) ကဲ့သို့သော အင်အား တောင့်တင်းသည့် အဖွဲ့များကို ၂၀၁၀ ရွေးကောက်ပွဲ ပြီးမှသာ နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးကို ကိုင်တွယ်လိမ့်မည်ဟု ကချင် ဖွံဖြိုးရေး ကွန်ယက် (KDNG ) မှ ကိုအောင်ဝါက သုံးသပ်သည်။

ကိုးကန့်ဒေသ ဖွံဖြိုးရေးကို ပူးပေါင်း ဆောင်ရွက်မှုများ အတွက် အစိုးရက အသိအမှတ်ပြုကြောင်း၊ ယခုအရေးသည် ဦးဖုန်ကြားရှင် အပါအ၀င် ပုဂ္ဂိုလ် ၄ ဦးသာ သက်ဆိုင်ကြောင်း၊ တခြားသော ကိုးကန့် လက်နက်ကိုင် တပ်ဖွဲ့ဝင်များအား ဥပဒေ ဘောင်အတွင်း လုံခြုံစိတ်ချစွာ ပြန်လည် ၀င်ရောက် နေထိုင်ခွင့် ပြုသည် ဟု စစ်အစိုးရက ကြေညာလိုက်သည်။

အဆိုပါ ပုဂ္ဂိုလ် ၄ဦးမှာ ဦးဖုန်ကြားရှင်၊ ဦးဖုန်ကြားဖူး၊ ဦးဖုန်တာရွှင် နှင့် ဦးဖုန်တာလီတို့ ဖြစ်သည်။

ဦးဖုန်ကြားရှင် နှင့် အဖွဲ့၏ တရားမ၀င် လက်နက်စက်ရုံကို တဖက်နိုင်ငံ၏ သတင်းပေးချက်အရ သြဂုတ်လ ၈ ရက်နေ့တွင် စစ်အစိုးရ ရဲတပ်ဖွဲ့က စစ်ဆေး ဖော်ထုတ်ခဲ့ကြောင်း၊ ၎င်းတို့အဖွဲ့ကို ကိုယ်တိုင်လာရောက် ဖြေရှင်းရန် ဆင့်ခေါ်ရာမှ တိုက်ပွဲများ စတင်ခဲ့ခြင်း ဖြစ်ကြောင်း၊ ယခုအခါ ထွက်ပြေးသွားသည့် ဒေသခံ ပြည်သူများ ပြန်လည် ၀င်ရောက်လာပြီဖြစ်သည်ဟု စစ်အစိုးရသတင်းစာများတွင် ဖော်ပြထားသည်။

ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံးမှ ထုတ်ပြန်သော တရားဝင် စာရင်းအရ တိမ်းရှောင်သွားသူပေါင်း ၃၀၀၀၀ ခန့် ရှိ သည်ဟု သိရသည်။ ဒုက္ခသည် အများစုသည် မြန်မာနိုင်ငံဘက်သို့ ပြန်လည် ၀င်ရောက်ခြင်း မရှိသေးကြောင်း တရုတ် မြန်မာ နယ်စပ် ဒေသခံများ ထံမှ သိရသည်။

ပြီးခဲ့သည့် သြဂုတ်လ ၂၃ ရက်နေ့တွင် အာဏာပိုင်တို့က ကိုးကန့် ခေါင်းဆောင် ဦးဖုန်ကြားရှင်၏ အိမ်ကို ၀င်ရောက်စီးနင်း ခဲ့သည်။

ထို့နောက် ကိုးကန့် အပစ်ရပ်အဖွဲ့ အတွင်း စစ်အစိုးရ အကူအညီဖြင့် အာဏာသိမ်းပွဲ ဖြစ်ပွားခဲ့ပြီးနောက် ခေါင်းဆောင်မှု ကော်မတီ အသစ် ဖွဲ့စည်းလိုက်ပြီး၊ ခေါင်းဆောင်ဟောင်း ဦးဖုန်ကြားရှင်သည် ၎င်း၏ တပ်ဖွဲ့များနှင့် အတူ ၀ နယ်ဘက် သို့ ရှောင်တိမ်းသွားခဲ့ရာမှ စစ်အစိုးရတပ်များ နှင့် တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ဖုန်ကြားရှင် ဦးဆောင်သော ကိုးကန့် အဖွဲ့သည် ၁၉၈၉ ခုနှစ်တွင် စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး ပြုလုပ်ထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ဖြစ်သည်။

ခင်မင်ရသောသူများ ညစဉ် ဆက်ဆက်လာနော်။ မိတ်ဆွေများ နေ့စဉ် ဆက်ဆက်လာနော် လာရောက်လည်ပတ်သူများကို ကျေးဇူးတင်ပါတယ်။

About This Blog

Lorem Ipsum

ကဲဘယ်နိုင်ငံမှာ ဘယ်နှစ်နာရီထိုးပြီလဲ

ပြောပြီးပြန်လဲရပါတယ်တခုခုတော့ပြောခဲ့ပါ

ဇော်ဂျီဖောင့် ကွန်ဗက်စ်တာလေးပါ















Web
youthnetworks








  © Blogger templates Newspaper III by Ourblogtemplates.com 2008

Back to TOP