Facebook Badge

Monday, August 31, 2009

ရွှေဝါရောင် လှုပ်ရှားမှု ၂ နှစ်ပြည့်ချိန်တွင် သံဃာတချို့ ဖမ်းဆီးခံရ

Monday, 31 August 2009 19:21

၂၀၀၇ ခုနှစ် စက်တင်ဘာ သံဃာ့ လှုပ်ရှားမှု နှစ်ပတ်လည်နေ့ နီးကပ်လာချိန်တွင် ထိုလှုပ်ရှားမှု စတင် ဖြစ်ပွားခဲ့ရာ မကွေးတိုင်း အတွင်းရှိ ရဟန်း သံဃာများကို အာဏာပိုင်တို့က ဖမ်းဆီး ထိန်းသိမ်းလျက်ရှိသည်ဟု သိရသည်။

၂၀၀၇ ခုနှစ်က ပေါ်ပေါက်ခဲ့သော ရဟန်းသံဃာတို့ ဦးဆောင်သည့် ရန်ကုန်မြို့မှ ဆန္ဒပြပွဲ မြင်ကွင်းတခု

လှုပ်ရှားမှုတွင် ဦးဆောင် ပါဝင်ခဲ့ဖူးသည့် ရေနံချောင်းမြို့၊ မြို့မတောင်ရပ်ကွက်၊ စနေနံကျောင်း ကျောင်းထိုင် ဆရာတော် ဦးဝိမလကို ယနေ့ နေ့လည်က ဖမ်းဆီးသွားသည်ဟု ဆရာတော်နှင့်နီးစပ်သူ တဦးက ပြောပြသည်။

“အစောကလေးတင် လာခေါ်သွားတာ။ ဘာအကြောင်းရယ်လို့လဲ မသိရဘူး။ ဆရာတော်က သက်တော် ၇၀ လောက် ရှိနေပြီ။ အရင်တုန်းက လုပ်ခဲ့ဖူးတော့ အခုလည်း စက်တင်ဘာက နီးနေတော့ အဲဒီလို လုပ်မယ် ထင်လို့ ခေါ်သွားတာ နေမှာ” ဟု ဆရာတော်နှင့် နီးစပ်သူက ဧရာဝတီကို ပြောသည်။

ကြသပတေးနေ့ကလည်း ရေနံချောင်းမှ သံဃာတပါး အထိန်းသိမ်းခံရကြောင်း သိရသည်။ ထိုသံဃာမှာ ရွှေစေတီ ပါဠိ တက္ကသိုလ်မှ လက်ထောက် ဆရာတော် ဦးဝါယမ ဖြစ်သည်။

“(လာဖမ်းတာက) မကွေးက အက်စ်ဘီတွေ။ ပါတဲ့ သူတွေကတော့ အစုံပဲ။ အဲဒီနေ့ ည ၁၂ နာရီက လာခေါ်သွားတာလေ။ ရန်ကုန် ပို့တယ်တော့ အဲလိုပဲ ကြားနေတာပဲ။ သေချာ မသိဘူး” ဟု ရွှေစေတီ ပါဠိတက္ကသိုလ်မှ ဆရာတော်တပါးက ဧရာဝတီသို့ မိန့်သည်။

ရွှေစေတီ ပါဠိတက္ကသိုလ်ကျောင်းသည် ရေနံချောင်းမြို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ အဖွဲ့ဝင်များက အထိမ်းအမှတ်နေ့များတွင် ဆွမ်းကပ်လေ့ရှိသောကျောင်း ဖြစ်သည်ဟု သိရသည်။

ထိန်းသိမ်းခံလိုက်ရသည့် ရေနံချောင်းမှ ဆရာတော်နှစ်ပါးသည် ခင်မင် ရင်းနှီးသူများ ဖြစ်ကြသောကြောင့် ဆက်စပ်၍ ဖမ်းဆီးခြင်း ဖြစ်နိုင်သည်ဟု ဒေသခံများက သုံးသပ် ပြောဆိုနေကြသည်။

ဤအတောအတွင်း ပခုက္ကူမြို့မှ သံဃာများ ဖမ်းဆီးခံရသည်ဟူသော သတင်းများ ထွက်ပေါ်နေသည်။

သောကြာနေ့ညက ပခုက္ကူမြို့ သာသနာ့ ၀ိပုလာရာမ ကျောင်းတိုက်၊ အနောက်တိုက်ဝင်းမှ ဆရာတော် ဦးဝိသုဒ္ဓ ထိန်းသိမ်းခံရသည်ဟု သတင်းရရှိသည်။

“ဦးဝိသုဒ္ဓက သူ့ကို အပြင် မထွက်ရဘူး ပြောတာကို အဲဒီလို လုပ်တာ မကြိုက်ဘူး ဆိုပြီး အပြင်ထွက်တော့ စောင့်နေတဲ့ ရဲတွေက ဖမ်းခေါ်သွားတာ။ ဘယ်ခေါ်သွားတယ် ဆိုတာ မသိရဘူး။ သူ့ကျောင်းက ဆရာတော်တွေကတော့ ပြန်လွှတ်ပေးဖို့ တောင်းဆိုထားတာ ကြားရတယ်” ဟု သာသနာ့ ၀ိပုလာ ရာမ ကျောင်းတိုက် နှင့် နီးစပ်သူ တဦးက ဧရာဝတီသို့ ပြောသည်။

အဆိုပါ ကျောင်းတိုက်မှ ဆရာတော်ကလည်း ဦးဝိသုဒ္ဓကို ဖမ်းဆီးသွားသည်မှာ ဟုတ်မှန်ကြောင်း အတည်ပြု ပြောဆိုသည်။

ထိုညမှာပင် မဟာဝိဇယာရာမ ပါဠိတက္ကသိုလ်မှ သံဃာတော် တပါးကိုလည်း အာဏာပိုင်တို့က စစ်ဆေးရန်ရှိသည်ဟု ဆိုကာ ဖမ်းဆီးသွားသည်ဟု သိရသည်။ အဆိုပါ ဘွဲ့အမည် မသိရသေးသော သံဃာ ဖမ်းဆီးခံရခြင်းနှင့် ပတ်သက်ပြီး သီးခြားအတည်ပြုချက်များ မရရှိသေးပါ။

ပခုက္ကူမြို့ရှိ ဘုန်းကြီးကျောင်းများနှင့် အနီးတ၀ိုက်တွင် စွမ်းအားရှင်များ၊ အရပ်ဝတ် ရဲများဖြင့် လုံခြုံရေး တင်းကြပ်စွာ ချထားပြီး သံဃာများ၏ လှုပ်ရှားမှုများကို စောင့်ကြည့်နေသည်ဟု မြို့ခံတဦးက ဆိုသည်။

“သူတို့က ကျောင်းတိုက်တွေထဲ ၀င်လိုက် ထွက်လိုက်နဲ့ လိုက်စစ်နေတာတွေ လုပ်တယ်။ ရွှေဝါရောင် နီးလာတော့ သူတို့ ကြောက်လို့ ထင်တယ်။ ဘုန်းကြီးတွေ လမ်းပေါ် ပြန်ထွက်မှာ သူတို့ ကြောက်နေပုံရတယ်” ဟု အဆိုပါ မြို့ခံက ပြောသည်။

ထို့အတူ မြင်းခြံ၊ မုံရွာနှင့် မန္တလေးတို့မှ နာမည်ကြီး ကျောင်းတိုက်များ အနီးတွင် စွမ်းအားရှင်များ၊ အရပ်ဝတ် ရဲများ ပုန်းလျှိုးကွယ်လျှိုး ရှိနေကြပြီး အခါအားလျော်စွာ ကျောင်းတိုက်တွင်းဝင်၍ စစ်ဆေး မေးမြန်းနေသည်ဟု ဒေသခံများက ဆိုသည်။

ရဟန်းပျိုများသမဂ္ဂ နှင့် သံဃသာမဂ္ဂီအဖွဲ့တို့က တိုင်းနှင့် ပြည်နယ် အသီးသီးတွင် အဖွဲ့ခွဲများ ဖွဲ့ထားပြီး သံဃာထုက တတိယ အကြိမ် သပိတ် တိုက်ပွဲ ဆင်နွှဲမည် ဆိုသည့် သတင်းများ ထွက်ပေါ်လာပြီး နောက်တွင် သံဃာထုအပေါ် စောင့်ကြည့် စစ်ဆေးမှုများကို အာဏာပိုင်များက ပိုမို ပြုလုပ်လာကြခြင်း ဖြစ်သည်။

သံဃာအဖွဲ့များက အကျဉ်းကျ သံဃာတော်များကို ပြန်လွှတ်ရန်၊ လွန်ခဲ့သည့် ၂ နှစ်က မေတ္တာပို့ လမ်းလျှောက် ဆန္ဒပြခဲ့သော သံဃာတော်များ အပေါ် ပြုမူထားသည်များကို လာမည့် အောက်တိုဘာ ၂ ရက်နေ့ နောက်ဆုံး ထား၍ သံဃာထုကို တောင်းပန်ရန် အာဏာပိုင်တို့ကို တောင်းဆိုထားသည်။ တောင်းဆိုချက်များကို အာဏာပိုင်တို့က မလိုက်လျောပါက အောက်တိုဘာ ၃ ရက်နေ့မှ စ၍ ငြိမ်းချမ်းသော သံဃာ လှုပ်ရှားမှုများ ပြုလုပ်ပြီး ဆန္ဒပြ တောင်းဆိုသွားမည် ဟု ထုတ်ပြန် ကြေညာထားသည်။

၂၀၀၇ ခုနှစ် စက်တင်ဘာ ၅ရက်နေ့တွင် ပခုက္ကူမှ သံဃာ ၅၀၀ ကျော်က မေတ္တာပို့ လမ်းလျှောက် ဆန္ဒပြခဲ့ရာ လုံခြုံရေး တပ်ဖွဲ့ဝင်များက အကြမ်းဖက် ဖြိုခွဲခဲ့သည်။ သံဃာ ၃ ပါးကို ဓာတ်တိုင်တွင် တုပ်နှောင်ကာ ရိုက်နှက်ခဲ့သောကြောင့် မြန်မာပြည် အနှံ့အပြားမှ ရဟန်း ရှင်လူများ ဒေါသထွက်ခဲ့ကြသည်။

ထိုဖြစ်ရပ်ကို စစ်အစိုးရက ပြန်လည် တောင်းပန်ခြင်း မပြုသဖြင့် နိုင်ငံအနှံ့မှ သံဃာတော်များက အာဏာပိုင်တို့ကို ပတ္တနိကုဇ္ဇန ကံဆောင် သပိတ်မှောက်ခဲ့သည်။ ထို့ပြင် သံဃာတော်များ မေတ္တာပို့ ဆန္ဒပြ ကြွချီရာမှ လူထု လှုပ်ရှားမှု အသွင်သို့ ကူးပြောင်းခဲ့သည်။ အာဏာပိုင်တို့က စက်တင်ဘာ ၂၆ နှင့် ၂၇ ရက်နေ့တို့တွင် ရန်ကုန်မြို့ရှိ ဆန္ဒပြမှုများကို အကြမ်းဖက် ပစ်ခတ် ဖြိုခွင်းကာ သံဃာ နှင့် သီလရှင် ၂၀၀ကျော်ကို ဖမ်းဆီး တရားစွဲပြီး နှစ်ရှည် ထောင်ဒဏ်များ ချမှတ်လိုက်သည်။

ခင်မင်ရသောသူများ ညစဉ် ဆက်ဆက်လာနော်။ မိတ်ဆွေများ နေ့စဉ် ဆက်ဆက်လာနော် လာရောက်လည်ပတ်သူများကို ကျေးဇူးတင်ပါတယ်။

About This Blog

Lorem Ipsum

ကဲဘယ်နိုင်ငံမှာ ဘယ်နှစ်နာရီထိုးပြီလဲ

ပြောပြီးပြန်လဲရပါတယ်တခုခုတော့ပြောခဲ့ပါ

ဇော်ဂျီဖောင့် ကွန်ဗက်စ်တာလေးပါ















Web
youthnetworks








  © Blogger templates Newspaper III by Ourblogtemplates.com 2008

Back to TOP