Facebook Badge

Wednesday, August 26, 2009

မွန်ပြည်နယ်တွင် တုပ်ကွေးရောဂါတမျိုး ပျံ့နှံ့

ယခုလပိုင်းအတွင်း မွန်ပြည်နယ် မော်လမြိုင်၊ ပေါင်၊ သထုံ၊ မုဒုံ၊ ရေးနှင့် အခြားမြို့နယ်တို့တွင် အမျိုးအမည်မသိ တုပ်ကွေးရောဂါပိုးတမျိုး ပျံ့နှံ့နေကြောင်း မော်လမြိုင်မြို့မှ အထွေထွေကု ဆရာဝန်တဦးက ပြောသည်။

၎င်းက “ခုတလော အဖြစ်များတဲ့ တုပ်ကွေးတမျိုးက နှာမစေးဘူး၊ ချောင်းမဆိုးဘူး။ ဒါပေမယ့် ကိုယ်အပူချိန် တက်တယ်၊ ကိုက်ခဲတယ်။ အဓိကလက္ခဏာကတော့ ခြေဆစ် လက်ဆစ်တွေ ကိုက်တယ်၊ မျက်နှာတွေ နီလာတယ်၊ အထူးသဖြင့် တံတောင်ဆစ်၊ ခြေဆစ်၊ ဒူးဆစ် စတဲ့ joint နေရာတွေ အပြင်းအထန် နာလာတာမျိုး ဖြစ်တယ်။ ပဋိဇီဝ ဆေးတွေ တိုက်လိုက်ရင်တော့ နောက်ပိုင်း အဖျားပြန်ကျသွားတယ်။ အဖျားကျပြီး (၂) ရက်၊ (၃) ရက်လောက်နေရင် အနီစက်တွေ တကိုယ်လုံး ထွက်လာတယ်။ နောက် (၃-၄) ရက်လောက်နေရင် အဲဒီ အနီစက်တွေ တဖြည်းဖြည်း မှိန်သွားပြီး အနီစက်နေရာမှာ အမဲရောင် အနာစက်တွေ ကျန်ရစ်တယ်” ဟု ပြောသည်။

အဆိုပါ တုပ်ကွေးပုံစံသည် ချောင်းမဆိုး၊ နှာမချေသည့်အတွက် မည်သို့ကူးစက်သည်ကို အတိအကျမသိရသေးကြောင်း၊ ဆရာဝန်များမှန်းဆသည်မှာ အထိအတွေ့မှတဆင့် ကူးစက်ခြင်းဖြစ်နိုင်ကြောင်း၊ ယခုဖြစ်နေသည့်တုပ်ကွေးရောဂါသစ်ကို ဆရာဝန်များက ပဋိဇီဝဆေးနှင့်ကုသသည်ဆိုသော်လည်း တယောက်နှင့်တယောက် ဆေးသုံးပုံခြင်းမတူကြောင်း အဆိုပါ ဆရာဝန်က ရှင်းပြသည်။

၎င်းက “အဆင်ပြေရာ ဆေးတွေနဲ့ ကုကြတယ်။ ဒါပေမယ့် အကိုက်အခဲပျောက်ဆေး သုံးလို့မရဘူး။ လက်ရှိလူတွေ တုပ်ကွေးဖျားနာဖြစ်ရင် အင်ဇာ၊ ပရိုကိုး၊ ဒီကိုဂျင် စတဲ့ ဆေးတွေ ဝယ်သောက်ကြတယ်။ မပျောက်တော့မှ ဆေးခန်းတွေကို ရောက်လာကြတယ်။ ရောက်လာရင် အဲဒီတုပ်ကွေးအသစ်ပဲ” ဟု ပြောသည်။

မွန်ပြည်နယ်အတွင်း မော်လမြိုင်၊ ချောင်းဆုံ၊ သထုံ၊ ပေါင်၊ မုဒုံ စသည့်မြို့တို့တွင် အဖြစ်များကြောင်း အထွေထွေကု ဆရာဝန်အားလုံး သိသော်လည်း လူအသေအပျောက် မရှိခြင်းကြောင့် သက်ဆိုင်ရာ မြို့နယ်၊ ပြည်နယ်၊ ကျန်းမာရေးဌာနက အရေးယူ ဓာတ်ခွဲစမ်းသပ်ခြင်းမျိုး မလုပ်သည့်အတွက် မည်သည့်တုပ်ကွေး အမျိုးအစားဖြစ်သည်ကို မသိကြောင်း၊ ယခုနှစ် မွန်ပြည်နယ်တွင် မိုးများသည့်အတွက် ၎င်းအကျိုးဆက်အနေဖြင့် နဂိုဖြစ်နေကျ တုပ်ကွေးအမျိုးအစား မျိုးဗီဇ ပြောင်းသွား သည်ဟု ထင်ကြကြောင်း၊ ဆရာဝန်များကြားထဲတွင် Anonymous Flu ဆိုပြီး အပြောများကြောင်း အဆိုပါ မော်လမြိုင်မှ အထွေထွေကု ဆရာဝန်က ရှင်းပြသည်။

အလားတူ အခြားဆရာဝန်တဦးကလည်း သက်ဆိုင်ရာ မြို့နယ်၊ ပြည်နယ် ကျန်းမာရေးဌာနသည် လတ်တလော ကမ္ဘာနှင့်အဝှမ်း အဖြစ်များနေသည့် New Influenza A(H1N1) ကိုသာ အာရုံစိုက်နေပြီး ဆေးခန်းလာသည့် လူနာများအနက် နှာစေး ချောင်းဆိုး၊ အပူချိန်တက် တုပ်ကွေးလက္ခဏာရှိသည့် နယ်စပ်က ဝင်ရောက်လာသူဖြစ်ပါက အကြောင်းကြားရန်သာ မှာထားပြီး လက်ရှိ ဖြစ်ပွားနေသည့် တုပ်ကွေးအမျိုးအစားအသစ်ကိုမူ လူအသေအပျောက် မရှိသေးခြင်းကြောင့် အာရုံမစိုက်ကြကြောင်း ပြောသည်။

၎င်းက “ရောဂါတမျိုးမျိုး ပြည်သူတွေကြား အဖြစ်များနေပြီဆို လူမသေဘူးဆိုပြီး ပေါ့ပေါ့ဆဆ မလုပ်သင့်ဘူး။ ဓာတ်ခွဲစမ်းသပ်သင့်တယ်။ ဘာကြောင့်ဖြစ်သလဲ အဖြေဖော်ထုတ်သင့်တယ်။ လိုအပ်ရင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးလိုမျိုးကို အကူအညီတောင်းသင့်တယ်။ သတင်းထုတ်ဖော်သင့်တယ်။ အခြေအနေဆိုးမှ လူတွေ သေမှဆိုရင် လွန်ကုန်ပြီ” ဟု ပြောသည်။

ခင်မင်ရသောသူများ ညစဉ် ဆက်ဆက်လာနော်။ မိတ်ဆွေများ နေ့စဉ် ဆက်ဆက်လာနော် လာရောက်လည်ပတ်သူများကို ကျေးဇူးတင်ပါတယ်။

About This Blog

Lorem Ipsum

ကဲဘယ်နိုင်ငံမှာ ဘယ်နှစ်နာရီထိုးပြီလဲ

ပြောပြီးပြန်လဲရပါတယ်တခုခုတော့ပြောခဲ့ပါ

ဇော်ဂျီဖောင့် ကွန်ဗက်စ်တာလေးပါ















Web
youthnetworks








  © Blogger templates Newspaper III by Ourblogtemplates.com 2008

Back to TOP