သူတော်ကောင်း နတ်ကောင်းမပါစေ
သူတော်ကောင်း နတ်ကောင်းမပါစေ
ကုလအတွင်းရေးမှူးချုပ် ဘန်ကီမွန်း မြန်မာနိုင်ငံမလာခင် ဒေါ်အောင်ဆန်းစုကြည်နဲ့ သူ့ရဲ့ရှေ့နေတွေ တွေ့ဆုံ ခွင့်ရကြတယ်။
အင်းစိန်မှာ လက်ရှိတရားရင်ဆိုင်နေရတာနဲ့ပတ်သက်ပြီး ဆွေးနွေးဖို့ပါ။ ဘန်ကီမွန်းလာတဲ့အခါ ဒေါ်အောင်ဆန်းစုကြည် လွတ်
မြောက်ရေးနဲ့ပတ်သက်ပြီး ပြောဆိုဆွေးနွေးကြဖို့ အကြံပြုပြောကြားတဲ့အခါမှာတော့ ဒေါ်အောင်ဆန်းစုကြည်က သူ့လွတ်မြောက်
ရေးနဲ့ပတ်သက်ပြီး လုံးဝဆွေးနွေးမှာမဟုတ်ကြောင်း၊တိုင်း ပြည်ပြန်လည်တည်ဆောက်ရေးအတွက် နအဖနဲ့ အမျိုးသားပြန်လည်
သင့်မြတ်ရေးရဖို့သာ ဆွေးနွေးမှာဖြစ် ကြောင်း ပြန်လည်ပြောပါတယ်။
တိုင်းပြည်နဲ့ ပြည်သူလူထုအရေးအတွက် မိမိကိုယ်ကျိုးအတ္တကို လုံးဝမြှုပ်နှံထားတယ်ဆိုတာ ထပ်ဆင့်သက် သေပြလိုက်တာပါပဲ။
ဒီမိုကရေစီလှုပ်ရှားမှုတလျှောက်လုံး ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ရဲ့အသက်ကိုတောင် မငဲ့ကွက်ဘဲ ပြည်သူအတွက် ပေးဆပ် ထားတယ်ဆိုတာ အများအသိပါ။ ဒါကြောင့်လည်း နိုင်ငံတကာက လေးစားကြ၊ ချီးကျူးကြ၊ ဂုဏ်ပြုကြတာပါ။ကျနော်တို့ပြည်သူ တွေအဖို့တော့ ဒေါ်အောင်ဆန်းစုကြည်ဟာ လေးစားစရာ၊ ဂုဏ်ယူစရာထက် ပိုပါတယ်။ ကြည်ညိုစရာ၊အားထားယုံကြည်စရာ ပုဂ္ဂိုလ်ထူးပါ။
ကျနော်တို့ရဲ့ အလင်း ရောင်ပါ။
တခါတလေတော့ ကျနော်တို့ပြည်သူလူထုဟာ သူနဲ့ သူ့ရဲ့လုပ်ဖော်ကိုင်ဖက်နှစ်ရှည်ထောင်ကျခံနေရသူတွေ၊ယုံကြည်မှုပြင်း ထန် တဲ့ ဒီမိုကရေစီတိုက်ပွဲဝင်နေကြသူတွေရဲ့ ပေးဆပ်မှုနဲ့ ထိုက်တန်ကောထိုက်တန်ရဲ့လားလို့ စဉ်းစားမိတယ်။

ဒီမိုကရေစီတော်လှန်ရေး မအောင်မြင်ရသေးတောင် သူနဲ့ ဒီမိုကရေစီဘက်သားတွေ ထောင်အကျဉ်းကျနေမှု ကနေ လွတ်မြောက်
အောင် ဘယ်သူ ဘယ်လိုများလုပ်နိုင်မလဲဆိုတာ စဉ်းစားမိတယ်။ ဂမ်ဘာရီနဲ့ ဘန်ကီမွန်း ဆိုတဲ့ ပုဂ္ဂိုလ်တွေလည်း မြန်မာပြည် လာတဲ့ အခေါက်ရေများလာတာပဲ အဖတ်တင်တယ်။ ဘာတခုမှ ဆုပ်ကိုင် ပြနိုင်တဲ့ ရလဒ်ထွက်မလာခဲ့ဘူး။ ဒီမိုကရေစီရေး ကြိုး ပမ်း နေကြတဲ့ မြန်မာပြည်သူတွေအနေနဲ့လည်း အကြမ်းမဖက်တဲ့နည်းကို ကိုင်စွဲထားတာမို့ အရေးအခင်းတခုပြီးတိုင်း တဖက် သတ်အသေအပျောက်နဲ့ ထောင်ကျသူများ လာခဲ့တယ်။
ရလဒ်အနေနဲ့ နိုင်ငံတကာရဲ့ အသိအမှတ်ပြုမှု၊ နားလည်စာနာမှုနဲ့ ဂရုဏာတွေ ရရှိခဲ့တယ်။ ဒါပေမယ့် ကုလသမဂ္ဂအနေနဲ့တော့ မြန်မာနိုင်ငံရဲ့ အနာဂတ်အရေး ကောင်းလာဖို့ဆိုတာမပြောနဲ့ ထောင်ကျနေသူတွေ လွတ် အောင်၊ မတရားအမှုဆင် ဖမ်းဆီးထား တာကို ရပ်တန်းကရပ်အောင်တောင် မလုပ်နိုင်ဘူး။ ယုတ်စွအဆုံး မြန် မာနိုင်ငံကို လာတဲ့အခိုက် အတိုက်အခံခေါင်းဆောင်နဲ့ တွေ့ ခွင့်ရအောင်တောင် မစွမ်းဆောင်နိုင်ဘူး။ ကုလရဲ့ အခန်းကဏ္ဍ ကြီးလေစွ။
ဘယ်သူမပြုမိမိမှုဆိုတာ နားလည်ပါတယ်။ ကိုယ့်ကြမ္မာကိုယ်ဖန်တီး ကိုယ့်အားကိုယ်ကိုးရမယ်ဆိုတာလည်း လက်ခံပါတယ်။ သို့သော်လူတဦးချင်း၊ နိုင်ငံတနိုင်ငံချင်း၊ အစိုးရနဲ့ ပြည်သူအတွင်း ပြဿနာဆိုတာ ရှိစမြဲပါ။ ဒါ တွေကို ဖြေရှင်းဖို့အတွက် တရား ရုံး၊ နိုင်ငံတကာခုံရုံး၊ကုလသမဂ္ဂ စတာတွေ ပေါ်လာရတာပါ။ ကိုယ့်အားကိုယ် ကိုး ကိုယ့်ကိစ္စကိုယ်ရှင်းရမှာပဲဆိုပြီး ကြားဝင်စေ့စပ်၊ လိုအပ်ရင် အဆုံးအဖြတ်ပေးရမယ့် သူတွေက လျစ်လျှူရှု ကြမယ်ဆိုရင်တော့ တရားရုံး၊ခုံရုံးဆိုတာတွေ ထားဖို့မလိုတော့တဲ့အပြင် ကုလသမဂ္ဂဆိုတာလည်း ကမ္ဘာပေါ် မှာ ပိုနေတဲ့ အဖွဲ့အစည်းဖြစ်နေမှာပဲ။ နိုင်လိုမင်းထက်တွေ၊ အဓမ္မမှုတွေ၊ မငြိမ်သက်မှုတွေသာ လွှမ်းမိုးလာမယ်။ ဒီတော့ ယဉ်ကျေးတဲ့၊ ဖွံ့ဖြိုးပြီးသားနိုင်ငံတွေက အမှန်တရားဘက်ကိုလိုက်ပြီး ထိထိရောက်ရောက် ဖြေရှင်းပေး မှသာ ငြိမ်းချမ်းမှုကို ရနိုင်မယ်။
ဒါပေမယ့် အခုတခါလည်း နအဖက ဘန်ကီမွန်းကို ကျောခိုင်းလိုက်ပြန်ပြီ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့် တောင်းတာကို တရားစီရင်ရေး အနှောက်အယှက်ဖြစ်မှာစိုးတဲ့ အကြောင်းပြချက်နဲ့ ငြင်းပယ်တယ်။ ကမ္ဘာပေါ် မှာ အဆင့်မြင့်ဆုံး အဖွဲ့အစည်း ကြီးရဲ့ အရေးကြီးဆုံးပုဂ္ဂိုလ်ရဲ့ တောင်းဆိုချက်ကို မျက်ကန်းတစ္ဆေမကြောက် ပယ်ချလိုက်တယ်။ ဦးအောင်ခင် ရေးခဲ့သလို လက်တွေ့အရေးယူမယ့်သူ မရှိသရွေ့ ဗမာစစ်သူခိုးက အမြဲတမ်း လူ လူဟစ်” ပြီး မိုက်ရိုင်းနေဦးတော့မှာပဲ။
ကုလသမဂ္ဂကို အားကိုးနိုင်ရပုံမပေါ်လို့ နိုင်ငံတကာရောက် ဒီမိုကရေစီသမားတွေကိုအားကိုးမယ်ကြံမိတယ်။ တနင်္ဂနွေနေ့ (၅.၇.၀၉) နေ့ ဘီဘီစီ မြန်မာ့အရေးဆွေးနွေးပွဲကို နားထောင်လိုက်မိတော့ ရှင်းသွားတယ်။ တ ရုတ်ပြည်က မြန်မာ့အရေးမှာ ကုလထက် ပိုအရေးပါတယ်၊
သြဇာရှိတယ်ဆိုတဲ့ အဆိုနဲ့ပတ်သက်ပြီး ဦးတင်ဝင်း ဆိုတဲ့သူ ပြောဆိုသွားတာဟာ ဗိုလ်ချုပ်အောင်ဆန်းတို့လက်ထက်ကလည်း တရုတ်ပြည်ကို အကူအညီတောင်း ဖို့သွားခဲ့တာပဲ ဆိုတာက အစချီပြီး ပြောသွားလိုက်တာ သိပ်ရှင်းတာပဲ။ နအဖရဲ့လူမှန်း သိ သာတယ်။
NCGUB ရဲ့ ဒေါက်တာသောင်းထွန်းကိုတော့ သူပြောတာကို နားထောင်ရင်းနဲ့ နအဖလူလား။ နအဖကို ဆန့် ကျင်သူလား ကျနော် တော့ဖြင့်မခွဲခြားတတ်တော့ဘူး။ ပြန်ပြီးတော့သာ နားထောင်ကြည့်ကြပါတော့။ ပြည် တွင်းက NLD ရုံးချုပ်နဲ့ ပြည်သူတွေကတော့ အနှောက်အယှက်အမျိုးမျိုးအပြင် လူမဆန်တဲ့ အုပ်ချုပ်မှုမျိုးစုံနဲ့ ရင်ဆိုင်နေရတာမို့ စိတ်သွားတိုင်း ကိုယ်မပါနိုင်ကြပါဘူး။
ဒီတော့ မြန်မာပြည်သူတွေအရေးဟာ မေခလာ ကယ်နိုင်ဖို့ဝေးတဲ့ အနေအထားလား။ ဒီအခြေအနေတွေကို ဒေါ်အောင်ဆန်း စု ကြည် ကောင်းကောင်းနားလည်တယ်။ ပြည်သူတွေ ခံစားနာကျင်နေရတာတွေကိုလည်း သူ သိတယ်။ သူ့ရဲ့ လုပ်ဖော်ကိုင် ဖက် တွေ ခံစားနေရတာဟာ သူ့ထက်ပိုဆိုးကြောင်းကိုလည်း စာနာပြောဆိုလေ့ ရှိတယ်။ အင်းစိန်မှာ တရားရင်ဆိုင်နေရစဉ် အစော ပိုင်းရက်ကလည်း သူနဲ့ပတ်သက်ပြီး တခြားသူတွေ ထိခိုက် နစ်နာသွားအောင် ထွက်ဆိုချေပမှုမျိုး မပြုလုပ်ရန် သူ့ရဲ့ရှေ့နေများကို ပြောဆိုခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံရေးလုပ်ရာမှာ အတ္တကို ပယ်နိုင်စွန့်နိုင်တယ်။ သူ့ကို ပုဂ္ဂိုလ်ရေးအရ ထောက် ခံတာ၊ ရိုင်းပင်း တာတွေထက်၊သူလုပ်နေတဲ့ လမ်းစဉ်အပေါ် အားပေးကူညီမှုကိုသာ လိုလားကြောင်း အကြိမ် ကြိမ်ပြောခဲ့တယ်။ သူ့ရဲ့ စွန့်လွှတ် မှုဟာ သူ့အတွက်မဟုတ်၊ကျနော်တို့ ပြည်သူတွေအတွက်သာမဟုတ် လူ သားအားလုံးရဲ့ ဒီမိုကရေစီလမ်းစဉ်ကြီး တခုလုံး အ တွက် ဖြစ်တယ်။ ဒါကြောင့် ပြည်သူတွေပဲဖြစ်ဖြစ်၊ ဘယ်သူ တွေပဲဖြစ်ဖြစ် လုပ်ရပ်ဟာ ကျေနပ်စရာမရှိရင်တောင် ခွင့်လွှတ်နေဦး မှာ အသေအချာပဲ။ ပုဂ္ဂလဓိဌာန်ကို ကျော် လွန်နိုင်တဲ့မြင့်မြတ်တဲ့ပုဂ္ဂိုလ်ပါ။
တဖက်မှာတော့ နအဖဟာ ပြန်လမ်း၊အဆန်လမ်းမရှိတော့တဲ့ အခြေကို ဆိုက်နေပါပြီ။ ယုတ်မာရိုင်းစိုင်းပြီး မိုက်ချက်ကတော့ကမ်း ကုန်နေတနအဖဟာ မြင့်မြတ်စိတ်ထားတဲ့ မေတ္တာဝါဒီ ဒေါ်အောင်ဆန်းစုကြည် အပါအ ၀င် အတိုက်အခံခေါင်းဆောင်တွေနဲ့ မျက် နှာချင်းဆိုင်ဆွေးနွေးဖို့ဆိုတာ ဆင်ဖြူမျက်နှာ ဆင်မဲမကြည့်ဝံ့တာမျိုး မို့ မဖြစ်နိုင်ပါဘူး။ သဘာဝတရားကိုက လက်မခံပါဘူး။ ဆင်သေကောင်သားကို တသက်တာအစာအဖြစ် အ ထင်ရောက် စားသောက်ဖက်တွယ်ရင်း သမုဒ္ဒရာအနက်ပိုင်းကို စုန်ဆင်း မျောပါသွားရတဲ့ ကျီးမိုက်လို သူတို့ပြု လုပ်ထားတဲ့ အကုသိုလ်က နအဖ ဗိုလ်ချုပ်တသိုက်ကို လွတ်လမ်းမမြင်တဲ့ ဒုက္ခတိဘုံဆီ ဆွဲခေါ်လို့နေပါပြီ။ မကြာခင် စုန်းစုန်းမြုပ်တော့မှာပါ။ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် အာဇာနည်သူတော်ကောင်းအပေါင်း တို့ ကို မကြာခင် နတ်ကောင်းမတော့မှာပါလို့ ဆိုချင်ပါတယ်။ အားတင်း၊ တောင့်ခံ၊စည်းလုံးရန်တော့ လိုပါကြောင်း …။
မြင့်သိန်းကြူး
http://drlunswe.blogspot.com/ မှ ကူးယူဖော်ပြပါသည်။


