Facebook Badge

Wednesday, November 18, 2009

ရခိုင်ပြည်နယ်ရှိ လယ်မြေနှင့် လက်ယက်ရေနံတွင်းများ သိမ်းယူခံနေရ



ရခိုင်ပြည်နယ် ကျောက်ဖြူ မြို့နယ်အတွင်းရှိ ကျေးရွာများမှ လက်ယက် ရေနံတွင်းများနှင့် လယ်မြေများကို ဒေသအာဏာပိုင်များက မကြာသေးခင်က သိမ်းယူလိုက်ကြောင်း သတင်း ရရှိသည်။

ကျောက်ဖြူမြို့ နယ် ရေနံတောင်အုပ်စုမှ ကျေးရွာများနှင့် မင်းပြင်အုပ်စုမှ ကျေးရွာများရှိ လက်ယက် ရေနံ တွင်းပေါင်း(၅၀)နှင့် လယ်မြေများကို နေပြည်တော်မှအမိန့်ဖြင့် မင်းပြင်ရဲစခန်းမှ စခန်းမှူးလှထွန်း ဦးဆောင် ကာ နိုဝင်ဘာလ (၁၄)ရက်နေ့ က သိမ်းယူသွားကြောင်း ကျောက်ဖြူမြို့ မှ ကိုမောင်ဖြူ က ဧရာဝတီသို့ပြော သည်။

“ကျနော်တို့ရွာတွေမှာ မိဘဘိုးဘွား အဆက်ဆက်ကတည်းက ဒီလိုပဲ ရေနံတူးပြီး အသက်မွေးလာခဲ့ကြတာ၊ အခုလို လက်နက်အားကိုးနဲ့ မတရားသိမ်းလိုက်တော့ ဘာနဲ့ လုပ်စားကြမလဲ၊ ကျနော်တို့ တောသူ တောင် သားတွေ လုပ်စားနေတာကို သူတို့ ကသိမ်းပြီး တရုတ်တွေ ကုလားတွေ စီးပွားဖြစ်ဖို့ သူတို့ ရောင်းစား ကြမှာ၊ ကျနော်တို့ ကတော့ ဘာမှအကျိုးခံစားခွင့်မရှိဘဲ မိဘဘိုးဘွားပိုင်မြေကိုဆုံးရှုံးလိုက်ရတာ”ဟု ၎င်းကဆိုသည်၊

သိမ်းပိုက်ခံရသော ရေနံတွင်းနှင့် လယ်ပိုင်ရှင်များမှာ ရေနံတောင်အုပ်စု ချောင်းဖျားရွာမှ ဦးခင်မောင်၏ လယ် တဧကနှင့် ရေနံလက်ယက်တွင်း (၃) တွင်း။ ချောင်းဝရွာမှ ဦးအဖြူ၏ လက်ယက်တွင်း ၃တွင်းနှင့် လယ်တဧက။ ကလဘာရွာမှ ဦးတင်မောင်၏ လက်ယက်တွင်း ၄တွင်းနှင့် လယ်တဧက ရေနံတောင်ရွာမှ ဦးဖဒူကြီး၏ လက်ယက်တွင်း ၆တွင်းနှင့် လယ်(၃)ဧက မင်းပြင်အုပ်စု မင်းပြင်ရွာမှ ဦးလှထွန်း၏ လက်ယက် တွင်း ၄တွင်းနှင့် လယ်မြေ ၂ဧက၊ ကျောက်ပြောက်ရွာမှ ဦးလှထွန်းတင်၏ လက်ယက်တွင်း ၆တွင်း လယ်မြေ ၃ဧက။ ၀မျှောင်ရွာမှ ဦးမောင်နီအောင်၏ လက်ယက်တွင်း ၈တွင်းနှင့် လယ်မြေ တဧက၊ ကျောက်ကလေရွာမှ ဦးမောင်စောတင်၏ လက်ယက်တွင်း (၇) တွင်းနှင့် လယ်မြေ (၃) ဧကတို့ ကို သိမ်းပိုက်သွားခဲ့သည်ဟု သိရ သည်။ ယခု သိမ်းပိုက်ခံရသော ရေနံတွင်းနှင့် လယ်မြေများအတွက် လျော်ကြေးပေးမည် မပေးမည်ကို ပြော ဆိုခြင်း မရှိဟုလည်း ကိုမောင်ဖြူက ဆိုသည်။

ယင်းသိမ်းပိုက်ထားသော မြေများပေါ်တွင် တရုတ်နိုင်ငံမှ China National Offshore Oil Corporation (CNOOC) ရေနံကုမ္ပဏီက ရေနံတူးဖော်မည်ဟု သိရသည်။

ယင်းကဲ့သို့ လယ်မြေများကိုသိမ်းပိုက်ခြင်းနှင့် ပတ်သက်၍ သဘာဝပတ်ဝန်းကျင်နှင့် စီးပွါရေး ဖွံ့ ဖြိုး တိုးတက် မှု ကွန်ယက် ( Network for Environment and Economy Development –NEED) မှ ဒါရိုက်တာဖြစ်သူ ခိုင်ဓူဝံက“အခုလို ဒေသခံပြည်သူတွေရဲ့ ဘိုးဘွားပိုင် သဘာဝ သယံဇာတ တွေကို မတရားသိမ်းပိုက်လိုက် တာဟာ ပြည်သူတွေရဲ့ အသက်အိုးအိမ် စည်းစိမ်တွေကို ဖျက်ဆီးပြီး ငြိမ်းချမ်းရေးနဲ့ လုံခြုံမှုကိုလည်း မတည် ငြိမ်အောင် စစ်အာဏာရှင်တွေက တမင်သက်သက် ဖန်တီးနေတာဖြစ်တယ်။ အသိမ်းခံတောင်သူလယ် သမားနဲ့ အပြစ်မဲ့ ပြည်သူတွေဟာ နောက်ဆုံးမှာတော့ စားဝတ်နေရေးခက်ခဲလို့ အိမ်နီးချင်း နိုင်ငံတွေဆီကို ထွက်ခွာပြီး လုပ်စားနေကြတာတွေဟာ ဒီလို အာဏာပိုင်တွေရဲ့ မတရားလုပ်ခြင်းက အဓိက ကျတယ်”ဟု ပြောသည်။

ယခင်ကလယ်မြေ နှင့် ရေနံတွင်း အသိမ်းပိုက်ခံခဲ့ရဖူးသူ ကိုထွန်းသာအောင်ကလည်း အဆိုပါ ယင်းသို့ သိမ်း ပိုက်လိုက်သောမြေများအတွက် လျှော်ကြေးပေးခြင်းလည်းမရှိဟု ပြောသည်။

“သူတို့ က ကျနော်တို့ ကို လျော်ကြေးပေးပါမယ်ဆိုပြီး လက်မှတ်တွေ ဘာတွေထိုးပေးတယ်၊ ဒါပေမယ့် တ ကယ်တမ်းကျတော့ ကျနော်တို့ ကို ဘာမှမပေးခဲ့ဘူး၊ ကျနော်တို့ မြေတွေကို ဆုံးရှုံးလိုက် ရတယ်၊ ဒါကြောင့် အခု ကျနော်တို့ မှာ လုပ်စားစရာမရှိတော့ဘူး”ဟု ၎င်းက ဆိုသည်။

ကိုထွန်းသာအောင်သည် ယခုအခါ ထိုင်းနိုင်ငံ မဲဆောက်မြို့ ရှိ စက်ရုံတခုတွင် လာရောက်အလုပ်လုပ် ကိုင်နေသည်။

ရခို်င်ပြည်နယ်အတွင်းရှိ မြေယာသိမ်းပိုက်ခြင်း သဘာဝသယံဇာတများကို တူးဖော်ခြင်း၊ စစ်တပ်များတိုး ချဲ့ချထားခြင်းများအတွက် စောင့်ကြည့်လေ့လာလျှက်ရှိသော ရွှေသဘာဝဓာတ်ငွေ့ လှုပ်ရှားမှုအဖွဲ့  ခေါင်း ဆောင်တဦးဖြစ်သူ ဦးဝင်းအောင်က တရုတ် CNOOC ကုမ္ပဏီအတွက် လယ်မြေသိမ်းမှုများသည် ၂၀၀၇ ခုနှစ်ကတည်းကပင်ရှိခဲ့ကြောင်း ပြောဆိုသည်။

“စစ်အစိုးရနဲ့ ပေါင်းပြီး တရုတ် CNOOC ကုမ္မဏီအတွက် ရေနံတောင် မင်းပြင်ဘက်က မြေ တွေ လက်ယက် တွင်းတွေကို သိမ်းလာတာဆိုရင် ၂၀၀၇ ခုနှစ် မေလကတည်းက စလာတာ ဖြစ် တယ်။ အရင်က ရွာခံတွေနဲ့  ဒီကုမ္ပဏီတွေနဲ့ ပြဿနာတွေ ခဏ ခဏတက်တယ်၊ လျော်ကြေးပေး မယ်ပြောပြီး မပေး တာတွေ ရှိသလို၊ ပေးတာတွေကျတော့လည်း မစို့ မပို့ လေးတွေ ပေးတယ်လို့  သိရတယ်၊ ကျနော်တို့ နဲ့ သိတဲ့ အစ်မကြီး တယောက်ဆိုရင် သိန်းလေးငါးဆယ် တန်တဲ့ မြေကို နှစ်သိန်းခွဲလောက်ပဲ ရတယ်၊ ဒီနယ်က လူတွေ တဧက နှစ်ဧက ကနေ ခုနစ်ဧက ရှစ်ဧကထိ အသိမ်းခံခဲ့ကြရပါတယ်”ဟု ဦးဝင်းအောင်က ဆိုသည်။

ရခိုင်ပြည်နယ်တွင် စစ်အခြေစိုက်စခန်းများတိုးချဲ့ တည်ဆောက်ခြင်း။ ဘင်္ဂလားဒေ့ရှ်နိုင်ငံအား မြေငှားရမ်းခြင်း နှင့် တရုတ်ပြည်သို့ ဓာတ်ငွေ့ ပိုက်လိုင်းဖောက်လုပ်ခြင်းများအတွက် လယ်ယာမြေများကို အတင်းအကျပ် သိမ်းပိုက်မှုများကို ယခင်ကတည်းကပြုလုပ်နေမှုများရှိကြောင်း သိရသည်။

ခင်မင်ရသောသူများ ညစဉ် ဆက်ဆက်လာနော်။ မိတ်ဆွေများ နေ့စဉ် ဆက်ဆက်လာနော် လာရောက်လည်ပတ်သူများကို ကျေးဇူးတင်ပါတယ်။

About This Blog

Lorem Ipsum

ကဲဘယ်နိုင်ငံမှာ ဘယ်နှစ်နာရီထိုးပြီလဲ

ပြောပြီးပြန်လဲရပါတယ်တခုခုတော့ပြောခဲ့ပါ

ဇော်ဂျီဖောင့် ကွန်ဗက်စ်တာလေးပါ















Web
youthnetworks








  © Blogger templates Newspaper III by Ourblogtemplates.com 2008

Back to TOP