ရွှေလုပ်ငန်းဘက် ကူးပြောင်းလုပ်ကိုင်သူ ပိုများလာ
ခိုင်လင်း / ၆ နိုဝင်ဘာ ၂၀၀၉
ကချင်ပြည်နယ်အတွင်းရှိ သစ်လုပ်ငန်း၊ ကျောက်စိမ်းလုပ်ငန်းနှင့် မှောင်ခိုကုန်သွယ်မှုလုပ်ငန်း လုပ်ကိုင်နေသူများသည် ရွှေတူးလုပ်ငန်းဘက်သို့ ကူးပြောင်းလုပ်ကိုင်မှု ပိုမိုများပြားနေသည်။
တရုတ်-မြန်မာနယ်စပ်တွင် ကျောက်စိမ်းဈေးကွက်နှင့် သစ်ဈေးကွက်များ အေးသွားပြီး မှောင်ခိုကုန်သွယ်မှုမှာ အဖမ်းအဆီးများလာ၍ ယခုကဲ့သို့ ရွှေလုပ်ငန်းဘက် ကူးပြောင်းသွားရခြင်းဖြစ်သည်ဟု ရွှေတူးလုပ်ငန်းထဲ ရောက်သွားသည့် ကျောက်ကုန်သည်တဦးက ပြောသည်။
၎င်းက “ကျောက်လောကဆိုလည်း အရင်းအနှီးကြီးတဲ့ ကုမ္ပဏီကြီးတွေပဲ လက်ဝါးကြီးအုပ်သွားပြီ။ သိန်းရာပိုင်းလောက်နဲ့ လုပ်ဖို့က အတော်ခက်သွားတယ်။ သစ်ထုတ်တော့လည်း အဖမ်းအဆီးတွေကရှိ၊ ဒီနယ်စပ် ရောက်ပြန်တော့လည်း ဈေးက ထင်သလောက် မရ။ အစိုးရဆီက သစ်ပါမစ်ရပြီး (၁ဝ၅) မိုင်လမ်းကနေ တိုက်ရိုက်ပို့နေတဲ့အချိန်ကစလို့ လုပ်လို့ မကောင်းတော့ဘူး။ ရွှေကျတော့ ဈေးပုံမှန်ရှိတယ်ဆိုတော့ အဲဒီဘက် ပြောင်းလုပ်လာကြတာ” ဟု ပြောသည်။
ယခုအခါ တာမခံ-ဖားကန့် ကျောက်စိမ်းတွင်းဒေသတွင် ကျောက်ကုမ္ပဏီကြီးများက စက်ယန္တရားကြီးများဖြင့် ကျောက်တူးနေချိန် တွင် ယခင်ကျောက်လုပ်ငန်း လုပ်နေသူအများစုမှာ ရွှေတူးနေကြသကဲ့သို့ အချို့က ဧရာဝတီမြစ်ဆုံ၊ တနိုင်းနှင့် အင်းတော်ကြီး ဒေသဘက်သို့ သွားရောက်ကာ တပိုင်တနိုင် ရွှေတူးလုပ်ငန်းများ လုပ်နေကြသည်ဟု ရွှေကျင်းထောင်ထားသည့် မိုးညှင်းမြို့ခံတဦးက ပြောသည်။
၎င်းက “သိန်း (၅ဝ) လောက်နဲ့ဆို ကောင်းကောင်းလည်ပတ်လို့ရတယ်။ အလုပ်သမား သုံးလေးယောက်နဲ့ စမ်းလုပ်လို့ရတယ်။ ရွှေကျရင် ကျသလို အလုပ်သမားထပ်ခေါ်၊ စက်ပစ္စည်းထပ်ဖြည့်ပြီး လုပ်ပေါ့။ အခွန်ကတော့ အစိုးရရော၊ တောဘက်ကရော နှစ်ဘက်ဆောင်ရတာလည်းရှိတယ်။ ကေအိုင်အေနယ်ထဲမှာတော့ ကေအိုင်အေကို အခွန်ဆောင်ပေါ့။ စစ်တပ်က လာလည်း စစ်တပ်ကိုပေးပေါ့။ ရွှေ လုံးဝမကျရင်တောင် အခွန်ပေးရတာရယ်၊ ဆီဖိုးနဲ့ စားစရိတ်ပဲ ကုန်မယ်။ အလွန်ဆုံး သိန်းနှစ်ဆယ်၊ သုံးဆယ် ရှုံးမယ်” ဟု ပြောသည်။
ကချင်ပြည်နယ်အတွင်း ရွှေတွင်းများ နေရာအနှံ့ရှိနေပြီး အင်းတော်ကြီးအိုင်ဘေးရှိ နန့်မီးလောင်ဒေသ၊ ဖားကန့်ကျောက်စိမ်းတွင်း ဒေသ၊ တနိုင်းဒေသ၊ ဧရာဝတီမြစ်ဆုံ၊ မေခ၊ မလိခမြစ်ကမ်းဝန်းကျင်နှင့် ကချင်ပြည် လွတ်လပ်ရေး အဖွဲ့ဌာနချုပ်ရှိရာ လိုင်ဇာအနီးရှိ နန့်ဆန်ယန်ရွှေတွင်းတို့မှာ ထင်ရှားသည်။


