Facebook Badge

Friday, September 25, 2009

အမေရိကန်၏ မြန်မာပြည်ဆိုင်ရာ မူဝါဒသစ် ပေါ်ထွက်

အမေရိကန် ပြည်ထောင်စုသည် မြန်မာပြည်အရေးနှင့် ပတ်သက်၍ စေ့စပ်ဆွေးနွေးခြင်း နှင့် ပိတ်ဆို့ ဒဏ်ခတ်ခြင်း တို့အား တပြိုင်နက် ကျင့်သုံးမည့် မူဝါဒကို ကိုင်စွဲသွားမည်ဟု နိုင်ငံခြားရေး ၀န်ကြီး မစ္စ ဟီလာရီ ကလင်တန်က ဗုဒ္ဓဟူးနေ့တွင် ပြောလိုက်သည်။

[နိုင်ငံခြားရေး ၀န်ကြီး မစ္စ ဟီလာရီ ကလင်တန် (ဓာတ်ပုံ - AFP)]

နိုင်ငံခြားရေး ၀န်ကြီး မစ္စ ဟီလာရီ ကလင်တန် (ဓာတ်ပုံ - AFP)
“စေ့စပ်ဆွေးနွေးရေးလုပ်ပြီး ပိတ်ဆို့ဒဏ်ခတ်တာကို မလုပ်ဘူးဆိုရင်တော့ မှားမှာပဲလို့ ယူဆပါတယ်၊ ဒါကြောင့် ရှေ့ကို ဆက်သွားတဲ့အခါ ဒီနည်းလမ်း၂ခုစလုံးကို ကိုင်စွဲသွားမှာ ဖြစ်ပါတယ်” ဟု မစ္စ ကလင်တန်က ကုလသမဂ္ဂက စီစဉ်သည့် မြန်မာ့ မိတ်ဆွေနိုင်ငံများ အစည်းအဝေးအပြီး သတင်းထောက်များနှင့် တွေ့ဆုံရာတွင် ထိုသို့ ပြောလိုက်ခြင်းဖြစ်သည်။

အမေရိကန်၏ မူဝါဒသည် အများယုံကြည်လက်ခံမှု၊ ဒီမိုကရေစီသို့ပြောင်းလဲမှု၊ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေး အကျဉ်းသားများ ချက်ချင်း လွတ်မြောက်လာမှု၊ လေးနက်သည့် တွေ့ဆုံဆွေးနွေးမှုများ ဖြစ်ပေါ်လာမှုတို့အတွက် ဖြစ်သည်ဟု နိုင်ငံခြားရေးဝန်ကြီးက ပြောသည်။


“ဒီမိုကရေစီ ဖော်ဆောင်ရာမှာ ကူညီဖို့အတွက် မြန်မာအာဏာပိုင်တွေကို ကျမတို့ တိုက်ရိုက် စေ့စပ်ညှိနှိုင်းမှာ ဖြစ်ပါတယ်။ ဒါဟာ ကျမတို့ အစိုးရ အဖွဲ့ထဲမှာ ကျယ်ကျယ်ပြန့်ပြန့် သဘောတူထားတဲ့ မူဝါဒ ဖြစ်ပါတယ်။ ကျမတို့ ရှေ့ဆက်သွားတာနဲ့အမျှ ထပ်ပြီး ပြောပြစရာတွေ ရှိလာမှာပါ” ဟု နိုင်ငံခြားရေးဝန်ကြီးက ပြောသည်။

“ဒဏ်ခတ်ပိတ်ဆို့တာတွေကတော့ ကျမတို့ရဲ့ မူဝါဒမှာ အစိတ်အပိုင်းတခုအနေနဲ့ ပါဝင်နေမှာ ဖြစ်တယ်လို့ ကျမတို့ ယုံကြည်ပါတယ်။ ဒါပေမယ့် သူ့ချည်းပဲနဲ့တော့ ရလဒ်တွေ ထွက်ပေါ်လာမှာ မဟုတ်ပါဘူး” ဟု ဆိုသည်။

“ဒီမူဝါဒနဲ့ ပတ်သက်ပြီး မြန်မာ့ မိတ်ဆွေနိုင်ငံများအဖွဲ့မှာ ပါဝင်တဲ့ ကျမတို့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေကို သုံးသပ်ပြချင်ပါတယ်။ အမေရိကန်ပြည်ထောင်စုဟာ စေ့စပ် ဆွေးနွေးရေး အပြင် ပိတ်ဆို့ဒဏ်ခတ်ရေးကို ဆက်လုပ်သွားမယ် ဆိုတာကိုလည်း ပြောချင်ပါတယ်။ ကျမတို့ မူဝါဒ ပြန်လည်သုံးသပ်တာတွေ ဘယ်အခြေအနေ ရောက်နေပြီ ဆိုတာကိုလည်း မြန်မာခေါင်းဆောင်တွေ နားလည်စေချင်ပါတယ်” ဟု ပြောသည်။

၂၀၁၀ ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး ပြောကြားရာတွင် ရွေးကောက်ပွဲကို ယခုအချိန်တွင် ဥပေက္ခာ မပြုသင့်ဟု ဆိုသည်။

“မြန်မာအာဏာပိုင်တွေက အတိုက်အခံတွေနဲ့ ဒီမိုကရေစီ အင်အားစုတွေကို ပါဝင်ခွင့် အပြည့်အ၀ ပေးမယ်ဆိုရင် နိုင်ငံတကာက ၂၀၁၀ ရွေးကောက်ပွဲကို အကောင်းဘက်ကနေ ရှုမြင်မယ် ဆိုတာကို မြန်မာအာဏာပိုင်တွေကို ဆက်ပြီးတော့ ဆွေးနွေး တိုက်တွန်းရမှာပဲ” ဟု သူက ပြောဆိုသည်။

“ဒီအချိန်မှာ ဒဏ်ခတ် ပိတ်ဆို့တာတွေကို ရုတ်သိမ်းလိုက်ရင် နားလည်မှု လွဲကုန်လိမ့်မယ်။ ပြုပြင် ပြောင်းလဲရေးအတွက် ထင်ရှားတဲ့ တိုးတက်မှုတွေ မြင်ရတဲ့ အချိန်အထိ ကျမတို့က လက်ရှိ ဒဏ်ခတ်မှုတွေကို ဆက်ပြီး ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ပြောသည်။

သို့သော်လည်း မြန်မာစစ်ဗိုလ်ချုပ်များဘက်မှ သိသာထင်ရှားသည့် တုံ့ပြန်မှုများရှိပါက ဒဏ်ခတ်ပိတ်ဆို့မှုများ လျှော့ပေးရေးကို ဆွေးနွေးရန် အဆင်သင့်ရှိသည်ဟု ဆိုသည်။

“မြန်မာပြည်မှာ စစ်မှန်တဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးတွေ ဖြစ်ပေါ်ဖို့အတွက် ကျမတို့ဟာ မြန်မာအာဏာပိုင်တွေနဲ့ တိုက်ရိုက် ဆွေးနွေးဖို့ လိုပါတယ်” ဟု မစ္စကလင်တန်က ပြောသည်။

အမေရိကန်၏ မြန်မာပြည်ဆိုင်ရာ မူဝါဒသည် စေ့စပ်ဆွေးနွေးခြင်း၊ သင့်လျော်သည့် ဒဏ်ခတ် ပိတ်ဆို့မှု၊ လူသားချင်းစာနာမှု အကူအညီ စသည့် အကျွမ်းတ၀င်ရှိပြီးသား အကြောင်းအရာများအပေါ်တွင် အခြေခံသည်ဟု ဆိုသည်။

“အမေရိကန်ပြည်ထောင်စုက မြန်မာပြည်သူတွေ ထိခိုက်ဖို့ မရည်ရွယ်ပါဘူး။ နိုင်ငံသားတွေရဲ့အခွင့်အရေးကို လေးစားတဲ့ ဒီမိုကရေစီ အစိုးရတရပ် ဦးဆောင်တဲ့၊ ညီညွတ်တဲ့၊ ငြိမ်းချမ်းတဲ့၊ ကြွယ်ဝတိုးတက်တဲ့ တိုင်းပြည်မှာ သူတို့တွေ နေထိုင်နိုင်ကြဖို့ပဲ ရည်ရွယ်ပါတယ်” ဟု မစ္စကလင်တန်က ပြောသည်။

“ဒေါ်အောင်ဆန်းစုကြည် နဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အပါအ၀င် မြန်မာနိုင်ငံက ဒီမိုကရေစီ အင်အားစုအပေါ် ထားရှိတဲ့ ကျမတို့ရဲ့ ထောက်ခံမှုကိုတော့ ရုပ်သိမ်းမှာ မဟုတ်ပါဘူး” ဟု မစ္စကလင်တန်က သတင်းထောက်များကို ပြောသည်။

ခင်မင်ရသောသူများ ညစဉ် ဆက်ဆက်လာနော်။ မိတ်ဆွေများ နေ့စဉ် ဆက်ဆက်လာနော် လာရောက်လည်ပတ်သူများကို ကျေးဇူးတင်ပါတယ်။

About This Blog

Lorem Ipsum

ကဲဘယ်နိုင်ငံမှာ ဘယ်နှစ်နာရီထိုးပြီလဲ

ပြောပြီးပြန်လဲရပါတယ်တခုခုတော့ပြောခဲ့ပါ

ဇော်ဂျီဖောင့် ကွန်ဗက်စ်တာလေးပါ















Web
youthnetworks








  © Blogger templates Newspaper III by Ourblogtemplates.com 2008

Back to TOP