Facebook Badge

Tuesday, September 15, 2009

ထူးကုမ္ပဏီ ပုပ္ပား ဘေးမဲ့တောကို ခုတ်ပြီး လက်ဖက်စိုက်နေ

မြန်မာနိုင်ငံ အလယ်ပိုင်း ပုပ္ပားတောင်မကြီးရှိ ဘေးမဲ့တောများကို ခုတ်ထွင်ပြီး စစ်အစိုးရနှင့် နီးစပ်သည့် စီးပွားရေး လုပ်ငန်းရှင် ဦးတေဇ၏ ထူးကုမ္ပဏီက လက်ဖက်ပင်များကို စီးပွားဖြစ် စိုက်ပျိုးနေခြင်းမှာ ထိုဒေသ၏ ပတ်ဝန်းကျင်ကို ပျက်စီးစေသည်ဟု သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ဆောင်နေသူများက ပြောသည်။

“သစ်တောတွေ ခုတ်ပြီး လက်ဖက်စိုက်နေတယ် ကြားတယ်၊ မလုပ်သင့်ဘူး။ အရင်တုန်းက တနှစ်တခါ ပုပ္ပားသွားတယ်၊ အခုတော့ စိတ်ထဲမကောင်းလို့ မသွားတော့ဘူး” ဟု သစ်တော သယံဇာတ ပတ်ဝန်းကျင် ဖွံဖြိုး တိုးတက်ရေး နှင့် ထိန်းသိမ်းရေး အသင်း (FREDA) မှ အတွင်းရေးမှူး ဦးအုန်းက ပြောသည်။

ဦးအုန်းသည် ယခင်က တောင်ကတုံး ဖြစ်ခဲ့သော ပုပ္ပားတောင်ကြီး၏ စိမ်းလန်းစိုပြေရေးကို ၁၉၈၂ ခုနှစ်မှ ၁၉၈၆ ခုနှစ်အထိ ၄ နှစ် တိုင်တိုင် ဦးဆောင် ပြုလုပ်ခဲ့သူ ဖြစ်သည်။

ထူးကုမ္ပဏီက ခုတ်ထွင်နေသော သစ်တောများတွင် အင်၊ ကညင်၊ သစ်ရာ၊ အင်ကြင်းနှင့် ထနောင်းပင်များ ပါဝင်ကြောင်း၊ ပုပ္ပားတောင်ရှိ သစ်တောများသည် ကျောက်ပန်းတောင်းဒေသ၊ မြင်းခြံဒေသ နှင့် ကြက်မောက်တောင်ဆည်တို့ကို ရေပေးနေသော ရေဝေ ရေလဲဒေသသစ်တောများ ဖြစ်ကြောင်း သိရသည်။

“ကျောက်ပန်းတောင်းမြို့ကို ရေပေးနေတဲ့ ရေငယ်ချောင်း တ၀ိုက်မှာ သစ်တောတွေကို ခုတ်ပြီး ထူးကုမ္ပဏီက လက်ဖက် စိုက်နေပါတယ်” ဟု ကျောက်ပန်းတောင်း ဒေသခံ တဦးက ဧရာဝတီသို့ပြောသည်။

လက်ဖက်ပင်သည် အေးသော ရာသီဥတုကို နှစ်သက်သော်လည်း ယခုစိုက်ပျိုးသော ဒေသသည် အအေးဓာတ် နည်းပါးသည့်အတွက် သင့်လျော်မည် မဟုတ်ကြောင်း ၎င်းဒေသခံများက ဆိုသည်။

“လက်ဖက်ဆိုတာ တကယ်တော့ ရှမ်းပြည်တို့၊ ချင်းတောင်တို့မှာ စိုက်တာ၊ အအေးဓာတ်ကောင်းဖို့ လိုတယ်။ ကျနော်တို့ ပုပ္ပား ရေငယ်တ၀ိုက်က အဲဒီလောက် အအေးဓာတ် မကောင်းဘူး” ဟု ပုပ္ပားတောင်ရှိ သစ်တောဝန်ထမ်းတဦးက ပြောသည်။

ပုပ္ပားတောင် ဒေသ စိမ်းလန်းရေး အတွက် သစ်တော ထိန်းသိမ်းမှုများ ပြုလုပ်နေပြီး ဒေသတွင်းရှိ ငှက်များနှင့် တခြား ဒေသမှ ဆောင်းခိုရန် ရောက်လာသော ငှက်များကို နိုင်ငံခြားသား ကမ္ဘာလှည့် ခရီးသည်များ ကြည့်ရှုနိုင်ရန် အတွက် ငှက်ကြည့် မျှော်စင်များကိုလည်း တည်ဆောက်ထားသည်ဟု သိရသည်။

“အရင်တုန်းက ဆရာကြီး ဦးအုန်းက ရေငယ်ဒေသကို စိမ်းလန်းအောင် သစ်တောတွေ ထိန်းသိမ်းရေး လုပ်တယ်၊ ငှက်ကြည့်စင်တွေ ဆောက်တယ် အခုတော့ ငှက်လည်း မလာတော့ဘူး” ဟု အဆိုပါ သစ်တော ၀န်ထမ်းက ပြောသည်။

ပုပ္ပားတောင်၏ အရှေ့ဘက်ခြမ်း နှင့် အနောက်ဘက်တွင် ကော်ဖီ စိုက်ပျိုးခြင်းများလည်း ရှိကြောင်း၊ ရာသီဥတု အရလည်း ကော်ဖီနှင့် ပိုမို ကိုက်ညီကြောင်း၊ သို့သော် လက်ဖက် စိုက်ပျိုးခြင်းသည် ပုပ္ပားဒေသနှင့် ရာသီဥတုအရ မသင့်လျော်ကြောင်း ရန်ကုန် အခြေစိုက် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင်တဦးက သုံးသပ်သည်။

“ကော်ဖီလောက် စိုက်တာ ပြဿနာ မရှိဘူး၊ လက်ဖက်ကျတော့ ပုပ္ပားလို နေရာက နိမ့်လွန်းအားကြီးတယ်၊ သစ်တောတွေကို ခုတ်စိုက်တယ် ဆိုတော့ သဘာဝ ပတ်ဝန်းကျင် အတွက် မကောင်းဘူးပေါ့” ဟု ၎င်းက ပြောသည်။

ယခင် မဆလအစိုးရ လက်ထက်က ပုပ္ပားဒေသတွင် စိမ်းရောင်စို စီမံကိန်းကို အကောင်အထည် ဖော်ခဲ့ရာတွင် လွယ်ကူသော ယူကလစ်ပင်များ ဧက ၂၇၀၀ ခန့်် စိုက်ပျိုးခဲ့သော်လည်း ယူကလစ်သည် ရေစုပ်သော အပင် ဖြစ်သောကြောင့် ရေထွက်များနှင့် ချောင်းများတွင် ရေခမ်းခြောက်သွားကြောင်း၊ ထိုကြောင့် ရှား၊ ထနောင်း၊ မယ်ဇလီ၊ ကုက္ကို တို့ဖြင့် အစားထိုးခဲ့သည့်အခါမှ ရေထွက်များ ပြန်လည် ကောင်းမွန်လာခြင်း ဖြစ်ကြောင်း ဦးအုန်းက ရှင်းပြသည်။

အဆိုပါ လက်ဖက် စိုက်ပျိုးမှု နှင့်ပတ်သက်၍ မေးမြန်းရန် ထူးကုမ္ပဏီအား ဧရာဝတီက ဆက်သွယ်ရန် ကြိုးစားခဲ့သော်လည်း အဆက်အသွယ် မရရှိခဲ့ပါ။

ပုပ္ပားတောင်သည် ပင်လယ် ရေမျက်နှာပြင်အထက် (၄၉၈၁) ပေ မြင့်ပြီး ပဲခူးရိုးမ၏ မြောက်ဘက် အစွန်းတွင် တိုးထွက်နေသော မီးတောင်ဟောင်း တခု ဖြစ်ကာ စပါးပုံတောင်၊ ရေတွင်းတောင်၊ မောင်းတောင်ငုတ်တိုတောင်၊ လပို့တောင်၊ မှန် တောင်၊ ဆေးပွင့်တောင်၊ စိန်တောင်၊ မာလာတောင်၊ ကင်ပွန်းတောင် စသည်ဖြင့် တောင်စွယ်များစွာ ရှိသည်၊

၁၉၈၂ သစ်တောဝန်ကြီးဌာန၏ စာရင်းများအရ ပုပ္ပားတောင်ဒေသတွင် သစ်ပင် အမျိုးအစား ၃၀၀၊ သစ်ခွ အမျိုးအစား ၅၂ မျိုးနှင့် ရှားပါး ပရဆေးပင် အမျိုးကွဲပေါင်း ၁၂၀ ကျော် ရှိကြောင်း သိရသည်။ နို့တိုက်သတ္တ၀ါ ၁၀ မျိုးနှင့် ငှက် မျိုးစိတ်ပေါင်း ၁၃၀ ကျော် ဤတောင်ပေါ်တွင် အခြေချ နေထိုင်ခဲ့ကြဖူးသည်။

တချိန်တခါက ပုပ္ပားတောင်၏ တောင်စောင်းများတွင် ရစ်ခွေ စီးဆင်းနေခဲ့သော ရေထွက်စမ်းပေါင်း ၃၆ ခု ရှိခဲ့သည်။ ယနေ့ ကာလတွင် သစ်တောများ ပြုန်းတီးမှုများကြောင့် အများစုမှာ ခန်းခြောက်ကုန်သဖြင့် ရေထွက်စမ်း၂ ခု သာ ကျန်ရှိတော့သည်။

ခင်မင်ရသောသူများ ညစဉ် ဆက်ဆက်လာနော်။ မိတ်ဆွေများ နေ့စဉ် ဆက်ဆက်လာနော် လာရောက်လည်ပတ်သူများကို ကျေးဇူးတင်ပါတယ်။

About This Blog

Lorem Ipsum

ကဲဘယ်နိုင်ငံမှာ ဘယ်နှစ်နာရီထိုးပြီလဲ

ပြောပြီးပြန်လဲရပါတယ်တခုခုတော့ပြောခဲ့ပါ

ဇော်ဂျီဖောင့် ကွန်ဗက်စ်တာလေးပါ















Web
youthnetworks








  © Blogger templates Newspaper III by Ourblogtemplates.com 2008

Back to TOP