Facebook Badge

Saturday, September 12, 2009

စစ်အစိုးရ၏ လျှို့ဝှက်ဘဏ်စာရင်းကိစ္စကို ရေနံကုမ္ပဏီနှင့် ဘဏ်များငြင်းပယ်

သဘာဝဓာတ်ငွေ့ ရောင်းရငွေများကို စစ်အစိုးရ၏ ပြည်ပ ဘဏ်စာရင်းအတွင်း သိမ်းထားသည် ဟူသော ERI ဟုခေါ်သည့် လူ့အခွင့်အရေးအဖွဲ့ တခု၏ ယမန်နေ့က အစီရင်ခံစာများတွင် စွပ်စွဲထားချက်ကို ဓာတ်ငွေ့ ကုမ္ပဏီကြီး တခု နှင့် စင်္ကာပူနိုင်ငံရှိ ဘဏ်များက ချက်ချင်း ပယ်ချလိုက်သည်။

စစ်အစိုးရက ၎င်းတို့၏ ဘဏ်များအတွင်း ဒေါ်လာ သန်း ၅၀၀၀ နီးပါး အပ်နှံထားသည်ဟူသော စွပ်စွဲချက်မှာ မဟုတ်မှန်ကြောင်း DBS Group Holdings နှင့် Oversea-Chinese Banking Corp (OCBC) ဘဏ် တို့က ယမန်နေ့ ညနေပိုင်းက ကြေညာချက်များ ထုတ်ပြန်ကြသည်ဟု သိရသည်။

“ERI ရဲ့ အစီရင်ခံစာက လုံးဝ မှားတယ်၊ အခြေအမြစ် မရှိဘူး”ဟု DBS ဘဏ် ပြောခွင့်ရ အရာရှိက ကြေညာချက်၌ ထည့်သွင်း ပြောကြားလိုက်ကြောင်း AFP သတင်းတပုဒ်တွင် ရေးထားသည်။ OCBC ဘဏ်မှ ပြောခွင့်ရပုဂ္ဂိုလ်ကလည်း အစီရင်ခံစာပါ ဖော်ပြချက်များကို လက်ခံနိုင်ခြင်းမရှိဟု ဆိုသည်။

ပြင်သစ်နိုင်ငံမှ ရေနံ နှင့် သဘာဝဓာတ်ငွေ့ ကုမ္ပဏီကြီးဖြစ်သည့် Total ၏ ဒုတိယ ဥက္ကဋ္ဌ Jean-Francois Lasalle ကလည်း အစီရင်ခံစာတွင် ဖော်ပြချက်များ မှားယွင်းနေသည်ဟု AFP သတင်းဌာနကို ပြောလိုက်သည်။

“မြန်မာပြည်မှာ ကျနော်တို့ ရှိနေတဲ့အတွက် အထူးသဖြင့် ပညာရေး၊ ကျန်းမာရေး နယ်ပယ်မှာ အကျိုး ဖြစ်ထွန်းမှုတွေ ဖြစ်ပေါ်လာတာကို အသိအမှတ်ပြုပြီး ထည့်မရေးထားဘူး” ဟု Total ဒုတိယ ဥက္ကဋ္ဌက ပြန်လည် တုံ့ပြန်လိုက်သည်ဟု သိရသည်။

ယမန်နေ့က ထုတ်ပြန်သည့် ERI ၏ အစီရင်ခံစာ ၂ စောင်တွင် တနင်္သာရီတိုင်း၊ ရတနာ သဘာဝ ဓာတ်ငွေ့ စီမံကိန်း ၀င်ငွေထဲမှ အနည်းဆုံး ဒေါ်လာ ၄.၈၀ ဘီလီယံကို စင်္ကာပူရှိ ဘဏ်များတွင် သိမ်းထားသည်ဟု ဖော်ပြထားသည်။

Total နှင့် Chevron ရေနံကုမ္ပဏီကြီးများက မြန်မာပြည်တွင် ရင်းနှီး မြှုပ်နှံသဖြင့် မြန်မာစစ်အစိုးရ ခေါင်းမာလာစေရေး အတွက် အကူအညီ ပေးရာရောက်ကြောင်း၊ သန်းပေါင်းများစွာသော ၀င်ငွေကြောင့် နိုင်ငံတကာ၏ စစ်အစိုးရအပေါ် ဖိအားများ ထိရောက်မှု လျော့နည်းခဲ့ရကြောင်း စသည်ဖြင့် ERI အဖွဲ့၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

ထို့အပြင် ၎င်းတို့၏ မြန်မာပြည်ရှိ သဘာဝဓာတ်ငွေ့ စီမံကိန်းနယ်မြေအတွင်း ဒေသခံများ လူ့အခွင့်အရေး ချိုးဖောက်ခံနေရသည်ဟု ERI က ရေနံကုမ္ပဏီကြီး ၂ ခုကို အပြစ်တင်ထားသည်။

ERI သည် အမေရိကန် ပြည်ထောင်စု အခြေစိုက် လူ့အခွင့်အရေးအဖွဲ့ တဖွဲ့ ဖြစ်သည်။ ERI၏ အစီရင်ခံစာ ၂စောင်နှင့် ပတ်သက်ပြီး မြန်မာစစ်အစိုးရက တစုံတရာ ထုတ်ဖော် ပြောကြားခြင်း မရှိသေးပေ။

မြန်မာပြည်တွင် အများအပြား ထွက်ရှိသော သဘာဝဓာတ်ငွေ့များကို အိမ်နီးချင်းနိုင်ငံများက ဝယ်ယူလျက်ရှိသည်။ ဓာတ်ငွေ့ ရောင်းရငွေ ဒေါ်လာ သန်းပေါင်းများစွာကို နိုင်ငံတော် ဘဏ္ဍာငွေတွင် ထည့်သွင်းထားခြင်း မရှိဘဲ စာရင်းပျောက်နေကြောင်း ERIက ထောက်ပြထားသည်။

နိုင်ငံက ဆင်းရဲနေပြီး၊ ပြည်သူများ စားဝတ်နေရေး ခက်ခဲနေချိန်၌ ဓာတ်ငွေ့ ရောင်းချရာမှ ရရှိသည့် ငွေအမြောက်အမြား မည်သည့်နေရာတွင် အသုံးပြုနေသနည်းဟုလည်း ပညာရှင်တချို့က မေးခွန်းထုတ်နေသည်။

“စစ်အစိုးရက လက်ရှိကာလမှာ လတိုင်း၊ လတိုင်း ဝင်ငွေ ဒေါ်လာ သန်းပေါင်း ရာနဲ့ချီပြီး ရှိတယ်။ ဒီငွေတွေ ဘယ်ရောက်သွားသလဲ ဆိုတာကတော့ စိတ်ဝင်စားစရာ ကောင်းတယ်” ဟု သြစတေးလျနိုင်ငံ၊ မက်ကွိုင်းယား တက္ကသိုလ်မှ ပါမောက္ခတဦးဖြစ်သူ မစ္စတာ ရှောင်တာနဲ (Sean Turnell) က ဧရာဝတီနှင့် တွေ့ဆုံရာတွင် မှတ်ချက် ပေးခဲ့ဖူးသည်။

ခင်မင်ရသောသူများ ညစဉ် ဆက်ဆက်လာနော်။ မိတ်ဆွေများ နေ့စဉ် ဆက်ဆက်လာနော် လာရောက်လည်ပတ်သူများကို ကျေးဇူးတင်ပါတယ်။

About This Blog

Lorem Ipsum

ကဲဘယ်နိုင်ငံမှာ ဘယ်နှစ်နာရီထိုးပြီလဲ

ပြောပြီးပြန်လဲရပါတယ်တခုခုတော့ပြောခဲ့ပါ

ဇော်ဂျီဖောင့် ကွန်ဗက်စ်တာလေးပါ















Web
youthnetworks








  © Blogger templates Newspaper III by Ourblogtemplates.com 2008

Back to TOP