Facebook Badge

Tuesday, September 1, 2009

ကြားဖြတ်အစိုးရများ ဖွဲ့စည်းမယ်ဆိုရင်

မောင်သြ
၃၁ သြဂုတ် ၂၀၀၉

နံနက်ခင်း လမ်းလျှောက်ရာမှအပြန် မောင်စိုးတယောက် ဘကြီးမိုး ခြံဝင်းထဲသို့ ၀င်ရောက်ခဲ့သည်။ အဆင်သင့်ပင် ဘကြီးမိုးကို အိမ်ရှေ့ကွက်ပျစ်ပေါ်တွင် တွေ့ရသည်။ ဘကြီးမိုးသည် နံနက်တိုင်း စားနေကျ ပဲပြုတ်ဆီဆမ်းနှင့် နံပြားကို စားနေရင်း မောင်စိုးကို လှမ်းမြင်လိုက်သည်။

ဘကြီးမိုး။ ။ လာဟေ့ မောင်စိုး၊ ဘာသတင်းတွေများ ကြားခဲ့လို့လဲကွ။

စိုး။ ။ ကြားတယ် ဘကြီးမိုးရေ။ ဒီတလနှစ်လအတွင်းမှာ နအဖစစ်အစိုးရက ကြားဖြတ်အစိုးရဖွဲ့မယ်ဆိုတာပဲ။ သေသေချာချာ တိတိကျကျတော့ မဟုတ်သေးလောက်ပါဘူး။ နေပြည်တော်က ထွက်တဲ့သတင်းလို့တော့ ပြောနေကြတာပဲ။

ဘကြီးမိုး။ ။ ကောလာဟလသတင်းဆိုတာ မှန်တာလည်း ရှိတတ်တာပဲ၊ လွဲချော်တာလည်း ရှိတတ်တာပဲကွ။ တကယ်လို့ ဖွဲ့မယ်ဆိုရင် မင်းသဘောဆန္ဒက ဘယ်လိုရှိလဲ။

စိုး။ ။ ကျနော်ကြားတာက ဒီကြားဖြတ်အစိုးရက ဦးဆောင်ပြီး ၂၀၁၀ ရွေးကောက်ပွဲကို ကျင်းပပေးမှာတဲ့။ ကျနော့်အနေနဲ့ နအဖစစ်အစိုးရက ကျင်းပပေးတာထက် ကြားဖြတ်အစိုးရကနေ ကျင်းပပေးမယ်ဆိုရင်တော့ အကောင်းမြင်တဲ့အနေနဲ့ ကြိုဆိုပါတယ်။

ဘကြီးမိုး။ ။ ကောင်းတော့ ကောင်းပါရဲ့ မောင်စိုးရာ။ ကြားဖြတ်အစိုးရဆိုတာ ရွေးကောက်ပွဲကို တရားမျှတတဲ့ ဒိုင်လူကြီးတယောက်လို၊ အဂတိတရားလေးပါးကင်းပြီး ဂုဏ်သိက္ခာရှိတဲ့သူတွေ ပါဖို့လိုတယ်။ ဒီလိုမှမဟုတ်ဘဲ စစ်အစိုးရက လက်ရှိသူ့လူတွေနဲ့၊ သူ့အလိုတော်ရိတွေနဲ့ပဲ ပါဝင်ဖွဲ့စည်းထားမယ်ဆိုရင်တော့ တရုတ်ကြီးနဲ့ ပေါက်ဖော်ကြီးလိုပဲ ဘာမှ ထူးခြားလာမှာ မဟုတ်ပါဘူးကွာ။

စိုး။ ။ ဒါဖြင့်ရင် ဘကြီးမိုးက ကြားဖြတ်အစိုးရကို ဘယ်လိုပုံစံနဲ့ ဘယ်လိုလူတွေ ပါဝင်သင့်တယ်လို့ ယူဆပါသလဲ။

ဘကြီးမိုး။ ။ ပြည်သူအားလုံးက လေးစားယုံကြည်အားကိုးရလောက်တဲ့ သူတွေပါမှ ကြားဖြတ်အစိုးရဟာ ဂုဏ်သိက္ခာ ရှိနိုင်မယ်။ ဥပမာပေါ့ကွာ။ နအဖစစ်အစိုးရက သူတို့ကျင်းပပေးခဲ့တဲ့ ၉၀ ပြည့်နှစ်ရွေးကောက်ပွဲရလဒ်မှာ သူတို့ပေးထားတဲ့ ကတိစကားတွေကို ပြန်အဖတ်ဆယ်တဲ့အနေနဲ့ပဲဖြစ်ဖြစ်၊ လေးစားတဲ့အနေနဲ့ပဲဖြစ်ဖြစ် ထင်သာမြင်သာရှိအောင် တခုခုတော့ ဆောင်ရွက်ပေးရမယ်။ ဒါကြောင့် အဲဒီကြားဖြတ်အစိုးရမှာ ၉၀ ပြည့်နှစ်ရွေးကောက်ပွဲ အနိုင်ရထားတဲ့ အန်အယ်လ်ဒီ ကိုယ်စားလှယ်တွေ၊ တိုင်းရင်းသားအဖွဲ့တွေက ကိုယ်စားလှယ်တွေအပြင် နိုင်ငံရေးအစဉ်အလာရှိခဲ့ကြတဲ့ အရင်နိုင်ငံရေး သမားဟောင်းကြီးတွေနဲ့ တပ်မတော်ကိုယ်စားလှယ်တွေလည်း ပါဝင်သင့်တယ်။ အဲဒီမှာ တပ်မတော်ကိုယ်စားလှယ်က (၂၅) ရာခိုင်နှုန်းပဲ ပါဝင်ဖို့လိုတယ်။

စိုး။ ။ ဟာ … ဘကြီးမိုးပြောတဲ့အကြံ သိပ်ကောင်းတာပဲ။ ဒါဟာ ဖြစ်သင့်ဖြစ်ထိုက်တဲ့ကိစ္စပဲ။ ဒါမှလည်း သူတို့တချိန်က ကျင်းပပေးခဲ့တဲ့ ၉၀ ပြည့်နှစ်ရွေးကောက်ပွဲရဲ့ ဂုဏ်သိက္ခာကို ပြန်ထိန်းနိုင်လို့ ပြည်သူတွေက ကြိုဆိုကြမှာပါ။ ဒါနဲ့ ဘကြီးမိုးရဲ့ သူတို့ကြားဖြတ်အစိုးရဖွဲ့ပြီးရင် ရွေးကောက်ပွဲတခုတည်း ကျင်းပပေးဖို့ ကိစ္စတင်ပဲလား။ အခြားဘာတွေကော ဆောင်ရွက် ပေးသင့်ပါသေးလဲ ဘကြီးမိုး။

ဘကြီးမိုး။ ။ ကြားဖြတ်အစိုးရရဲ့တာဝန်ဟာ သေးတာမဟုတ်ဘူး။ လုပ်စရာတွေ အများကြီးရှိတယ်ကွ။ ရွေးကောက်ပွဲ မကျင်းပမီမှာ တကယ့်စစ်မှန်တဲ့ ပြည်တွင်းငြိမ်းချမ်းမှု၊ တည်ငြိမ်မှုတွေ ရရှိဖို့အတွက် အန်အယ်လ်ဒီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသမားအားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံးလွှတ်ပေးရမယ်။ နောက် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် အန်အယ်လ်ဒီခေါင်းဆောင်တွေ၊ တိုင်းရင်းသားအဖွဲ့အစည်းမှ ခေါင်းဆောင်တွေနဲ့ တပ်မတော်အစိုးရဟာ တွေ့ဆုံဆွေးနွေးရလိမ့်မယ်။ အဓိက ဆွေးနွေးရမှာကတော့ ၂၀၀၈ ခုနှစ် အခြေခံဥပဒေမူကြမ်းမှာပါတဲ့ ဒီမိုကရေစီကျင့်စဉ်နဲ့ မညီညွတ်တဲ့ အချက်တွေကို ပြန်လည်သုံးသပ်ညှိနှိုင်းဖို့လိုတယ်။ အဲဒီကြားဖြတ်အစိုးရမှာ အခြေခံဥပဒေ ပြန်လည်သုံးသပ်ညှိနှိုင်းရေး ကော်မတီတရပ်ကို ဖွဲ့စည်းပြီး အားလုံးသဘောတူအဖြေရတဲ့အထိ အဖြေရှာညှိနှိုင်းရမယ်။

စိုး။ ။ ဟာ … ဘကြီးမိုးရာ သူတို့က ၂၀၀၈ ခုနှစ် အခြေခံဥပဒေမူကြမ်းကို (၉၂.၄၈) ရာခိုင်နှုန်း အများပြည်သူက အတည်ပြုထောက်ခံထားတာ၊ အများဆန္ဒကို အနည်းစုက လိုက်လျောမှ ဒီမိုကရေစီလို့ ပြောနေကြတယ်မဟုတ်လား။

ဘကြီးမိုး။ ။ မောင်စိုး မင်းသေသေချာချာနားထောင်။ ၂၀၀၈ ခုနှစ် အခြေခံဥပဒေမူကြမ်းက ၉၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ အနိုင်ရတဲ့ ပြည်သူ့ကိုယ်စားလှယ်တွေက ရေးဆွဲထားတာမဟုတ်ဘူး။ သူတို့စိတ်ကြိုက် သူတို့လူတွေနဲ့ ရေးဆွဲထားတာ ဟုတ်ပလား။ နောက် ဆန္ဒခံယူပွဲ ကျင်းပတာကျတော့လည်း သူတို့မဲရုံမှာ သူတို့လူတွေနဲ့သူတို့ ထင်တိုင်းကျဲသွားတာ။ စစ်မှန်ပြီး တရားမျှတတဲ့ ဆန္ဒခံယူပွဲမဟုတ်ဘူး။ အများဆန္ဒကို အနည်းစုက လိုက်နာရမယ်ဆိုရင်လည်း ၉၀ ပြည့်နှစ် ရွေးကောက်ပွဲတုန်းက အများဆန္ဒကိုကော မလိုက်နာသင့်ဘူးလား။ သူ့ဘက် ကိုယ့်ဘက် မျှမျှတတ ကြည့်ပြောမှ တရားတော့မပေါ့ကွာ။

စိုး။ ။ အခုလို ကြားရတော့ ကြားဖြတ်အစိုးရက လုပ်သင့်လုပ်ထိုက်တာတွေနဲ့ ကြားဖြတ်အစိုးရရဲ့တာဝန်တွေက တကယ်ကြီးမားတာပဲနော် ဘကြီးမိုး။

ဘကြီးမိုး။ ။ ဒါက တို့က ပြည်သူထဲက ပြည်သူတယောက်အနေနဲ့ ထင်မြင်ယူဆတာကို ပြောတာကိုး။ သူတို့ဖွဲ့တဲ့ ကြားဖြတ်အစိုးရက ဒါတွေကို လုပ်ချင်မှ လုပ်မှာ။ ဒါကြောင့် ကျန်တာတွေ ရှိသေးတယ်။

စိုး။ ။ ဘာတွေ ကျန်သေးလို့လဲ ဘကြီးမိုးရ။

ဘကြီးမိုး။ ။ ကဲ … မင်း သေသေချာချာ နားထောင်ပေတော့။ အဓိက ကျန်တာတွေ ပြောပြမယ်။ အခု နအဖအစိုးရနဲ့ ညှိနှိုင်းလို့ မရသေးတဲ့ ငြိမ်းချမ်းရေးယူထားတဲ့ တိုင်းရင်းသားအဖွဲ့တွေထဲက ၀ တိုင်းရင်းသားတွေ၊ ကိုးကန့်တိုင်းရင်းသားတွေ၊ SSA ရှမ်းတိုင်းရင်းသားတွေ၊ ကချင် စတဲ့အဖွဲ့တွေနဲ့လည်း ကြားဖြတ်အစိုးရက အဖြေရတဲ့အထိ ဆွေးနွေးရလိမ့်မယ်။ ဒါမှသာ ပြီးပြည့်စုံတဲ့ သိက္ခာရှိတဲ့ ပြည်သူအားလုံး၊ တိုင်းရင်းသားအားလုံးက ယုံကြည်လေးစားတဲ့ ကြားဖြတ်အစိုးရ ဖြစ်တော့မပေါ့ကွ။ အချိန်တော့ ယူရမှာပေါ့ကွာ။ ၂၀၁၀ မဖြစ်လည်း ၂၀၁၁ ပေါ့။ ပြည်တွင်းက နိုင်ငံရေးအဖွဲ့အစည်းအားလုံး၊ တိုင်းရင်းသား အဖွဲ့အစည်းအားလုံးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးက အဓိက အရေးကြီးတာကိုး။ အဲဒီလိုမှ အမျိုးသားပြန်လည် သင့်မြတ်ရေးအတွက် တွေ့ဆုံဆွေးနွေးမှု မဆောင်ရွက်ဘဲ ရွေးကောက်ပွဲကို တဖက်သတ် တွန်းလုပ်သွားမယ်ဆိုရင် အဲဒီရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတတဲ့ အောင်မြင်တဲ့ ရွေးကောက်ပွဲ ဖြစ်မလာနိုင်ဘူးဆိုတာ အသေအချာ ပြောရဲတယ်။

စိုး။ ။ ကောင်းပါ့ ဘကြီးမိုးရေ။ ဘကြီးမိုးပြောတဲ့အတိုင်း ဖြစ်နိုင်ခြေ၊ လုပ်နိုင်ခြေရှိကြရင်တော့ နအဖအစိုးရကို သာဓု … သာဓု ခေါ်လိုက်ချင်ပါရဲ့ ဘကြီးမိုးရေ။

ခင်မင်ရသောသူများ ညစဉ် ဆက်ဆက်လာနော်။ မိတ်ဆွေများ နေ့စဉ် ဆက်ဆက်လာနော် လာရောက်လည်ပတ်သူများကို ကျေးဇူးတင်ပါတယ်။

About This Blog

Lorem Ipsum

ကဲဘယ်နိုင်ငံမှာ ဘယ်နှစ်နာရီထိုးပြီလဲ

ပြောပြီးပြန်လဲရပါတယ်တခုခုတော့ပြောခဲ့ပါ

ဇော်ဂျီဖောင့် ကွန်ဗက်စ်တာလေးပါ















Web
youthnetworks








  © Blogger templates Newspaper III by Ourblogtemplates.com 2008

Back to TOP