Facebook Badge

Saturday, August 29, 2009

စီးပွားပျက်ကပ်ကြောင့် ထိုင်းရောက် မြန်မာ အများအပြား အလုပ်ပြုတ

မကြာသေးမီက ဖြစ်ခဲ့သော ကမ္ဘာ့စီးပွား ပျက်ကပ်ကြောင့် ထိုင်းနိုင်ငံရောက် မြန်မာပြည်သား အလုပ်သမား အများအပြား အလုပ်လက်မဲ့ ဖြစ်ခဲ့ရသည်ဟု အလုပ်သမားအရေး ဆောင်ရွက် နေသည့် အဖွဲ့ တဖွဲ့က ယနေ့ ပြောလိုက်သည်။

ဒေသတချို့တွင် အလုပ်လက်မဲ့ ဖြစ်ခဲ့ရမှုမှာ ၆ဝ ရာခိုင်နှုန်းခန့် ရှိသည်ဟု အလုပ်သမားအရေး ဆောင်ရွက်နေသော ချင်းမိုင်မြို့ အခြေစိုက် MAP ဖောင်ဒေးရှင်းမှ သုတေသီ တဦးဖြစ်သူ ကိုစိုးလင်းအောင်က ပြောသည်။

“အဓိကထား လေ့လာခဲ့တဲ့ ချင်းမိုင်ဒေသ အနေအထားအရ ဆိုရင် ၆ဝ ရာခိုင်နှုန်း ခန့်သော အလုပ်သမားတွေဟာ အလုပ်က ဖြုတ်ပစ်ခြင်းကို ခံခဲ့ရတယ်။ စီးပွားရေးက ကျပ်တည်းလာတော့ အလုပ်ရှင် သူဌေးတွေက မခိုင်းတော့ဘူး။ သူတို့ ဝင်ငွေ မရှိတော့ အခက်အခဲနဲ့ ရင်ဆိုင်ကြရတာပေါ့” ဟု ကိုစိုးလင်းအောင်က ရှင်းပြသည်။

ကိုစိုးလင်းအောင် နှင့် ဟောင်ကောင်တက္ကသိုလ်တွင် ပညာသင်ယူနေသူ ပအို့ဝ် တိုင်းရင်းသား ကိုခွန်အောင်တို့က ချင်းမိုင်ဒေသနှင့် မဲဆောက် ဒေသရှိ မြန်မာ အလုပ်သမားများနှင့် တွေ့ဆုံပြီး ၃ လ ကြာ သုတေသနပြုချက် အရ အလုပ် ဖြုတ်ခံရသော အလုပ်သမားများသည် မြန်မာပြည်သို့ မပြန်နိုင်ဘဲ ထိုင်းနိုင်ငံတွင် ရရာ အလုပ်ကို ရှာဖွေပြီး နေထိုင်ကြသည်ကို တွေ့ရှိရသည်ဟု ဆိုသည်။ မဲဆောက်မြို့ ဒေသမှ အလုပ်သမားများမှာ အခက်အခဲနှင့် ပို၍ ကြုံရကြောင်း သိရသည်။

ယနေ့ သြဂုတ်လ ၂၈ ရက်နေ့တွင် ကျရောက်သော နိုင်ငံတကာ အိမ်ဖော် အလုပ်သမားများနေ့ မတိုင်မီကပင် MAP ဖောင်ဒေးရှင်းသည် အိမ်ဖော် အလုပ်သမားများ အခွင့်အရေး ဆုံးရှုံးနေရခြင်းကို အများသိစေရန် ကြိုးပမ်းခဲ့ကြောင်း တွေ့ရသည်။

ပြီးခဲ့သည့် လများအတွင်း MAP ဖောင်ဒေးရှင်း က ပို့စ်ကတ် တခု ဖန်တီးပြီး အိမ်ဖော် အလုပ်သမားများ လုပ်ငန်းခွင်အတွင်း လုံခြုံစိတ်ချရပြီး အကာအကွယ်များ၊ အခွင့်အရေးများ ရရှိစေရန် လှုံ့ဆော်နေသည်။

အဆိုပါ ပို့စ်ကတ်တွင် အိမ်ဖော် အလုပ်သမား တဦးက အလုပ် အမျိုးအစား အများအပြားကို တချိန်တည်းတွင် လုပ်ကိုင်နေရပုံကို သရုပ်ဖော်ထားသည်။

အိမ်ဖော် အလုပ်သမားများ၏ လုပ်ငန်းခွင် လုံခြုံရေး နှင့် အလုပ်သမား အခွင့်အရေးများ ရရှိစေရန် လှုံ့ဆော်သည့် ပို့စကတ်

အိမ်ဖော် အလုပ်သမားများ ပင်ပန်းစွာ အလုပ်လုပ်ရလေ့ ရှိပုံကိုလည်း အဆိုပါ ပို့စကတ်က ဖော်ပြနေသည်။

အလုပ်သမား တယောက် ရသင့်သည့် အခွင့်အရေးများ ရရှိစေရန် လှုံ့ဆော်နေခြင်း ဖြစ်သည်ဟု MAP ဖောင်ဒေးရှင်း မှ တာဝန်ခံ တဦးဖြစ်သူ Miss Pin က ပြောသည်။

“အိမ်အလုပ် လုပ်ရတယ်ဆိုတာ အင်မတန် ပင်ပန်းတယ်။ လက်နှစ်ဘက် ခြေနှစ်ဘက်နဲ့ တောင် မလောက်ဘူး။ ပြီးတော့ လစာက နည်းတယ်။ နားခွင့်တွေ ဘာတွေလည်း မရှိဘူး” ဟု Miss Pin က ရှင်းပြသည်။

ပို့စ်ကတ်တွင် လက်မှတ် ထိုးကာ ထိုင်းနိုင်ငံ အလုပ်သမား ဝန်ကြီး ဌာနမှ တာဝန်ရှိသူထံသို့ ပေးပို့ရန် MAP ဖောင်ဒေးရှင်းက လှုံ့ဆော်ထားသည်။ ယမန်နေ့က ပို့စ်ကတ် ၆ဝဝဝ ကျော် ပေးပို့နိုင်ခဲ့သည်ဟု ဆိုသည်။

လက်မှတ်ထိုးခဲ့သူများတွင် ထိုင်းနိုင်ငံသားများ၊ မြန်မာပြည်သား အလုပ်သမားများ၊ ထိုင်းနိုင်ငံရောက် အနောက် နိုင်ငံသားများ ပါဝင်သည်ဟု သိရသည်။

ထိုင်းနိုင်ငံတွင် အမျိုးသမီး ၂ သိန်း ကျော်သည် အိမ်ဖော်အလုပ်သမားများအဖြစ် လုပ်ကိုင်နေကြသည်ဟု MAP ဖောင်ဒေးရှင်းက ခန့်မှန်းထားသည်။ ထိုအမျိုးသမီးများမှာ မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား နိုင်ငံတို့မှ ဖြစ်သည်။

အများအပြားမှာ နားရက် မရှိကြဘဲ လုပ်ခ အနည်းငယ်သာ ရကြကြောင်း၊ လုပ်အားခ လုံးဝ မရကြသူများပင် ရှိကြောင်း သိရသည်။ နာရီပေါင်းများစွာ လုပ်ကိုင်ရပြီး ကျေးကျွန်များသဖွယ် သတ်မှတ် ခိုင်းစေမှုများ ရှိနေသည်ဟု ဆိုသည်။

သို့သော်လည်း ထိုင်းအစိုးရက ၎င်းတို့ကို အလုပ်သမား ဥပဒေဖြင့် အကာအကွယ် ပေးထားခြင်း မရှိဟု MAP ဖောင်ဒေးရှင်းက ပြောသည်။

MAP ဖောင်ဒေးရှင်း မှ တာဝန်ခံ အရာရှိ ဖြစ်သူ Jackie Pullot က “ကျမတို့အနေနဲ့ အခုလို လှုပ်ရှားတာဟာ သက်ဆိုင်ရာ တိုင်းပြည်က တာဝန်ရှိသူတွေကို အသိပေးလိုတာက တချက်၊ နောက်တချက်ကတော့ လာမယ့် ၂ဝ၁ဝ မှာ ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့မှာ ကျင်းပမယ့် ကမ္ဘာ့ အလုပ်သမား ညီလာခံမှာ ဒီအကြောင်းတွေကို တင်ပြနိုင်ဖို့ ရည်ရွယ် လုပ်ဆောင်တာ ဖြစ်တယ်” ဟု ပြောသည်။

အလုပ်သမားအရေး လုပ်ကိုင်နေသူတချို့က အိမ်ဖော် (Domestic Worker) ဟူသော ဝေါဟာရအစား အိမ်တွင်း အလုပ်သမများ ဟု ခေါ်ဝေါ် သင့်သည်ဟု ဆိုသည်။

ခင်မင်ရသောသူများ ညစဉ် ဆက်ဆက်လာနော်။ မိတ်ဆွေများ နေ့စဉ် ဆက်ဆက်လာနော် လာရောက်လည်ပတ်သူများကို ကျေးဇူးတင်ပါတယ်။

About This Blog

Lorem Ipsum

ကဲဘယ်နိုင်ငံမှာ ဘယ်နှစ်နာရီထိုးပြီလဲ

ပြောပြီးပြန်လဲရပါတယ်တခုခုတော့ပြောခဲ့ပါ

ဇော်ဂျီဖောင့် ကွန်ဗက်စ်တာလေးပါ















Web
youthnetworks








  © Blogger templates Newspaper III by Ourblogtemplates.com 2008

Back to TOP