စလယ်ဝင်အိုးထဲမှာ
ထမင်းသိုးတာလည်း များခဲ့ပြီ။
သစ်ရွက်တွေ လေတိုးလို့
ယိုးတိုးရိပ်တိတ် ဖြစ်ရင်တောင်
ယောင်ယောင်ပြီး ခေါ်မိပါရဲ့။
ဆယ်ရက်တဲ့
ကွမ်းသီးလုံးတွေပေါ်
ထုံးကွင်းပြီး မှတ်ခဲ့ရ။
မှတ်မှတ်ရရ ရှိပါတယ်
လဆန်းရက် တည
ခွေးဟောင်သံတွေ ကြားရ
စစ်ဖိနပ်သံတွေ ကြားရ
ပြေးလွှားသံတွေ ကြားရ
အဲဒီညမှာ
အဖိုးကြီးကို ခေါ်သွားတာပါ။
နေ့နေ့ညည
အတက်အဆင်းတွေ ကြမ်း
အလေးအပင်တွေ ထမ်းပြီး
ပမ်းဖျားများ ဖျားနေမလား။
ခါးဝတ် ခါးစား
ခြုံစောင်ပါးပါးနဲ့
ပန်းနာ ရင်ကြပ်
အသက်ရှူမှ ၀,ပါ့မလား။
ဒူးဆစ်တွေ မခိုင်ဘဲ
အယိုင်ယိုင်အလဲလဲ ဖြစ်ရင်လည်း
အဆဲအဆို စက်ကွင်းက လွတ်ကင်းပါရဲ့လား။
တနေ့တနေ့
တံစက်မြိတ်ဝက
ပုံရိပ်ကိုဘဲ တထိတ်ထိတ်နဲ့ မျှော်ခဲ့ရ။
အဖိုးကြီးရဲ့
ဆယ်ရက်ခရီး
ထုံးကွင်းပြီး ကွမ်းသီးတွေလည်း
ပလိုင်းကြီးတလုံး ပြည့်တော့မယ်။ ။
ခိုင်မာကျော်ဇော
ခိုင်မာကျော်ဇော ၏ ပလိုင်းအိမ်နှင့် လူ့အခွင့်အရေးကဗျာများ မှ ပြန်လည်ဖော်ပြခြင်း ဖြစ်ပါသည်။