Facebook Badge

Friday, August 28, 2009

ကိုးကန့်နယ်မြေအတွင်း တိုက်ပွဲများ နေရာအနှံ့ဖြစ် တရုတ်နိုင်ငံသားအချို့ထိခိုက်သေဆုံးမှုရှိ

ယမန်နေ့ ညနေ (၃) နာရီကျော်မှစ၍ ည (၇) နာရီခန့်အထိ ရှမ်းပြည်အရှေ့မြောက်ပိုင်း၊ ကိုးကန့်နယ်မြေအတွင်း နအဖတပ်များနှင့် ဖုန်ကျားရှင်၏ ကိုးကန့်တပ်ဖွဲ့အကြား အနည်းဆုံး တိုက်ပွဲ (၃) ခု ဖြစ်ပွားခဲ့သည်။

လောက်ကိုင်မြို့ဈေးအတွင်းတွင်လည်းကောင်း၊ ချင်းရွှေဟော်အနီးတွင်လည်းကောင်း၊ လောက်ကိုင်မြို့ အထက်ပိုင်း ပန်ခါးနှင့်မူကွာကျိုက် ကျေးရွာဘက်တွင်လည်းကောင်း ဖြစ်ပွားခဲ့ပြီး ချင်းရွှေဟော်အနီးတိုက်ပွဲမှာ အပြင်းထန်ဆုံးဖြစ်ကာ နအဖဘက်က ထိခိုက်ကျဆုံးမှုများနိုင်သည်ဟု ကိုးကန့်တပ်ဖွဲ့နှင့်နီးစပ်သူ နယ်စပ်ဒေသခံတဦးက ပြောသည်။

၎င်းက “လောက်ကိုင်ဈေးထဲမှာလည်းဖြစ်တယ်၊ အပြန်အလှန်ပစ်တာပေါ့။ အဓိကဖြစ်တာက ချင်းရွှေဟော်နားမှာ ဖြစ်တာ။ ကိုးကန့်တပ်တွေထိုင်ထားတဲ့ တောင်ကုန်းကို နအဖဘက်က တက်ထိုးတာ။ သူတို့က အရင်စပစ်တာ။ သူတို့ဘက်က အထိအခိုက်အကျဆုံးတော့ မသိပေမယ့် များနိုင်တယ်၊ သူတို့က တက်ထိုးတာဆိုတော့။ ဒီဘက်က ဒဏ်ရာ နည်းနည်းပါးပါးရတာ (၂) ယောက်ပါပဲ။ ကျဆုံးသူမရှိပါဘူး။ အဲဒီတောင်ကုန်းကနေ ကိုးကန့်တပ်တွေ ဆုတ်ပေးလိုက်ရတယ်” ဟု ပြောသည်။

တဖက်တရုတ်နိုင်ငံထဲသို့ ထွက်ပြေးတိမ်းရှောင်နေသဖြင့် လူသူမရှိတော့သည့် ကိုးကန့်ကျေးရွာများအား နအဖစစ်သားများက ဝင်ရောက်ကာ ပစ္စည်းများနှင့်အစားအသောက်များ မွှေနှောက်ယူနေသည်ကို သိရှိသည့် ကိုးကန့်တပ်ဖွဲ့များက ဝင်ရောက်ရှင်းလင်းခဲ့ရာမှ တိုက်ပွဲဖြစ်ခဲ့သည်ဟု အဆိုပါ ကိုးကန့်တပ်ဖွဲ့နှင့်နီးစပ်သူက ပြောသည်။

၎င်းက “ပန်ခါး၊ မူကွာကျိုက်ဘက်မှာ နအဖတပ်တွေက အိမ်တွေကိုဖောက်ပြီး ဟိုပစ္စည်းယူ၊ ဒီပစ္စည်းယူ လုပ်နေတာကို ဒီဘက်က တပ်ရင်း (၄) က ဝင်ရှင်းရင်းနဲ့ဖြစ်တာ။ အထိအခိုက်တွေတော့ ဒီဘက်က မရှိဘူး။ ရွာတွေအားလုံးလောက်က လူမရှိတော့ဘူး။ တချို့လည်း ဝနယ်ဘက်ကို သွားပြီ။ တချို့လည်း တရုတ်ဘက်ကမ်း ကူးသွားပြီဆိုတော့ အိမ်ကို သော့ခတ်ပြီး ပစ်ထားခဲ့တာ။ အဲဒါတွေကို နအဖတပ်တွေက ဝင်မွှေပြီး လုပ်ချင်သလို လုပ်နေကြတာ” ဟု ပြောသည်။

အဆိုပါ တိုက်ပွဲဖြစ်နေစဉ်အတွင်း နအဖဘက်မှပစ်သော အမြောက်ကျည်ဆန်အချို့ လောက်ကိုင်မြို့ တဖက်ကမ်း တရုတ်ပြည်၊ ကျိန်ခန်းမြို့နယ်အတွင်းက ကျေးရွာအနီးတွင် ကျရောက်ပေါက်ကွဲမှုများရှိခဲ့ရာ တရုတ်ကျေးရွာသား (၁) ဦးသေဆုံးပြီး (၂) ဦး ဒဏ်ရာရသွားသည်ဟု တရုတ်-မြန်မာနယ်စပ် စစ်ရေးအကဲခတ် ဦးအောင်ကျော်ဇောက ပြောသည်။

ယမန်နေ့ မနက်ပိုင်းက တရုတ်-မြန်မာ နှစ်နိုင်ငံဖြတ်ကူးသည့် ရန်လုံကျိုက်နယ်စပ်ဂိတ် ရဲစခန်းကို ဖုန်ကျားရှင်၏ ကိုးကန့်တပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ပြီးနောက်ပိုင်း ညနေပိုင်းတွင် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားကြောင်း၊ အဆိုပါတိုက်ပွဲ တွင် ကိုးကန့်တပ်ဖွဲ့နှင့် စစ်ရေးမဟာမိတ်ပြုထားသည့် ဝပြည်သွေးစည်းညီညွတ်ရေး တပ်မတော်က ဝစစ်သားများပါ လာရောက် တိုက်ခိုက်နေသည်ဟု သတင်းများလည်း ပေါ်ထွက်နေသည်။

၁၉၈၉ ခုနှစ်က ဗမာပြည်ကွန်မြူနစ်ပါတီမှ ခွဲထွက်ပြီးနောက် မြန်မာစစ်အစိုးရနှင့် အပစ်ခတ်ရပ်စဲရေး ပြုလုပ်ခဲ့သည့် ကိုးကန့်တပ်ဖွဲ့ ခေါ် မြန်မာနိုင်ငံအမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော် ထိန်းချုပ်ရာဒေသအတွင်း အနှစ် (၂ဝ) ကျော်ကြာ တိုက်ပွဲများရပ်ဆိုင်းထားရာမှ ယမန်နေ့က စတင်တိုက်ခိုက်လာခြင်းဖြစ်သည်။

ခင်မင်ရသောသူများ ညစဉ် ဆက်ဆက်လာနော်။ မိတ်ဆွေများ နေ့စဉ် ဆက်ဆက်လာနော် လာရောက်လည်ပတ်သူများကို ကျေးဇူးတင်ပါတယ်။

About This Blog

Lorem Ipsum

ကဲဘယ်နိုင်ငံမှာ ဘယ်နှစ်နာရီထိုးပြီလဲ

ပြောပြီးပြန်လဲရပါတယ်တခုခုတော့ပြောခဲ့ပါ

ဇော်ဂျီဖောင့် ကွန်ဗက်စ်တာလေးပါ















Web
youthnetworks








  © Blogger templates Newspaper III by Ourblogtemplates.com 2008

Back to TOP